စစ်အစိုးရထံ နိုင်ရှောင်နှင့်အဖွဲ့ လက်နက်ချခဲ့ရာတွင် မွန်ပြည်သစ်ပါတီမှ ခွဲထွက်သူများ မပါရှိကြောင်း ယနေ့ သတင်းစာ ရှင်းလင်းပွဲ တရပ်၌ ...
စစ်အစိုးရထံ နိုင်ရှောင်နှင့်အဖွဲ့ လက်နက်ချခဲ့ရာတွင် မွန်ပြည်သစ်ပါတီမှ ခွဲထွက်သူများ မပါရှိကြောင်း ယနေ့ သတင်းစာ ရှင်းလင်းပွဲ တရပ်၌ မွန်ပြည်သစ် ပါတီက ပြောကြားသည်။
“လက်နက်ကိုင် လမ်းစဉ်အပေါ် အယုံအကြည်မရှိသော မွန်ပြည်သစ်ပါတီမှ တပ်ဖွဲ့ဝင်အချို့သည် ယခုအခါ နိုင်ရှောင် ခေါင်းဆောင်သော မွန်ငြိမ်းချမ်း ကာကွယ်ရေး အဖွဲ့သို့ ပူးပေါင်းလာခဲ့ကြရာ ဒီဇင်ဘာလ ၁ ရက်နေ့တွင် မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာသော တပ်ဖွဲ့ဝင် ၁၀၁ ဦးသည် လက်နက်မျိုးစုံ ၂၂ လက်နှင့်အတူ ထပ်မံ ပူးပေါင်း ဝင်ရောက်လာပြီး လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ် ဝင်ရောက်ခဲ့ကြသည်ဆိုတဲ့ သတင်းစာ ရေးသားချက်ဟာ လုံးဝမမှန်ဘူး၊ မွန်ပြည်သစ် တပ်ဖွဲ့ဝင်တွေ ဒီအထဲမပါဘူး” ဟု မွန်ပြည်သစ်ပါတီ၊ နိုင်ငံခြားရေး ဌာနတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်းက သတင်းထောက်များအား ရှင်းလင်းပြောကြားသည်။
လွန်ခဲ့သည့် ဒီဇင်ဘာလ ရ ရက်နေ့ထုတ်စစ်အစိုးရသတင်းစာများတွင် နိုင်ရှောင်အဖွဲ့လက်နက်ချသည့် သတင်းဖေါ်ပြချက်၌ မွန်ပြည်သစ်ပါတီအဖွဲ့ဝင် ၂၆၈ ဦး လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခဲ့သည်ဟု သတင်းရေးသားဖေါ်ပြခဲ့ခြင်း ဖြစ်သည်။
သို့သော် မည်သည့်နေရာတွင် ယင်းအခမ်းအနားကျင်းပခဲ့ကြောင်းနှင့် စစ်အစိုးရမှမည်သည့်ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း စစ်အစိုးရသတင်းစာ၌ ဖေါ်ပြခဲ့ခြင်းမရှိပေ။
ထို့အတူ စစ်အစိုးရသတင်းစာဓါတ်ပုံဖေါ်ပြချက်တွင် လက်နက်ချခေါင်းဆောင်နိုင်ရှောင်၏ဓါတ်ပုံကိုလည်း မတွေ့ရှိခဲ့ပေ။
နိုင်ရှောင်သည် ၁၉၇၂ ခုနှစ်တွင်မွန်ပြည်သစ်ပါတီသို့ဝင်ရောက်ခဲ့သည့် မွန်ပြည်သူ့တပ်ဦးရဲဘော်ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သည်ဟုသိရသည်။
မွန်ပြည်သစ်ပါတီမှအနားယူခဲ့ပြီးနောက် မြန်မာစစ်အစိုးရအားတိုက်ခိုက်ရန် ရာမညတပ်ဖွဲ့ကိုဖွဲ့စည်းခဲ့သော်လည်း နောက်ပိုင်းတွင်အခြေအနေမဟန်သဖြင့် နိုင်အောင်နိုင်(မွန်ပြည်သစ်ပါတီစစ်ဦးစီးချုပ်ဟောင်း)နှင့် အဆက်အသွယ်ရယူကာ မြန်မာစစ်အစိုးရထံလက်နက်ချခဲ့သည်ဟု ယခင်သတင်းများတွင်ဖေါ်ပြခဲ့ပြီး ဖြစ်သည်။
ထို့နောက် နိုင်အောင်နိုင်ဦးစီးသော မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့၏ ဒုတိယအကြီးအကဲခန့်အပ်ခြင်း ခံရသည်။
မကြာမီလပိုင်း၌ နိုင်အောင်နိုင်သေဆုံးခဲ့ပြီးနောက် နိုင်ရှောင်သည် မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ဦးဆောင်သူအလိုအလျှောက်ဖြစ်ခဲ့ပြီး လွန်ခဲ့သည့်အောက်တိုဘာလ ၂၆ ရက်တွင် စစ်အစိုးရထံလက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်မှုများ စတင်ပြုလုပ်ခဲ့သည်ကို ယခင်သတင်းများတွင်ဖေါ်ပြခဲ့ပြီး ဖြစ်သည်။
“သတင်းစာရေးသားချက်အရဆိုရင် မွန်ပြည်သစ်ပါတီက ခွဲထွက်လာသူတွေ လက်နက် ချသွားတယ်လို့ ထင်မြင်သွားနိုင်တယ်၊ အရင်က မွန်ပြည်သစ်ကနေ အနားယူခဲ့တဲ့ သူ့တပည့်ဟောင်းတွေ ပါဝင်ချင် ပါဝင်နိုင်တာပေါ့၊ ဒီလက်နက်ချအဖွဲ့မှာ လက်ရှိမွန်ပြည်သစ် ပါတီက ရဲဘော်တွေ မပါပါဘူး” ဟု မွန်ပြည်သစ်ပါတီမှအနားယူခဲ့သူ ဗိုလ်မှူးကြီးဟောင်း ကောင်းရွတ်က သုံးသပ်ပြောဆိုခဲ့သည်။