စစ်အစိုးရ တပ်နှင့် ဒီကေဘီအေ တိုက်ပွဲ ပိုပြင်းထန်လာ

စစ်အစိုးရ တပ်နှင့် ဒီကေဘီအေ တိုက်ပွဲ ပိုပြင်းထန်လာ
by -
နော်အဲဏီ

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ တပ်ခေါ်ကျိုး တောင်တန်းကို ရောက်နေသည့် စစ်အစိုးရ စစ်ကြောင်း၏ ရှေ့ပြေးတပ် တစ်ချို့ကို ဒီကေဘီအေ ဗျူဟာ (၁) ...

နော်အဲဏီ(ဒီဇင်ဘာ-၈)။    ။ ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ တပ်ခေါ်ကျိုး တောင်တန်းကို ရောက်နေသည့် စစ်အစိုးရ စစ်ကြောင်း၏ ရှေ့ပြေးတပ် တစ်ချို့ကို ဒီကေဘီအေ ဗျူဟာ (၁) မှူး ဗိုလ်မှူးကြီး စောကျော်သက် အဖွဲ့က ၀င်ရောက် ပစ်ခတ်ပြီး စစ်အစိုးရဘက်မှ (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဗိုလ်မှူးကြီး စောကျော်သက်မှ ပြောပါသည်။

“ကျနော်တို့က သူတို့ကို အနီးကပ် သွားပစ်တယ်လေ၊ သူတို့ထိတာကို ကျနော်တို့ မြင်နေရတယ်လေ၊ ဒါကြောင့် သူတို့ဘယ်လောက်ထိတာ ကျနော်တို့ခန့်မှန်း ပြောနိုင်တာပေါ့၊ အခုကျနော် တို့ဝိုင်းထားတဲ့ အဖွဲ့က သူတို့ဗျူဟာနဲ့ အခုထိ အဆက်အသွယ် မရသေးဘူး၊ ကျနော်တို့က ကြားကနေ ဖြတ်တောက် လုပ်ထားလို့ ဖြစ်တယ် ”

တပ်ခေါ်ကျိုးတောင်ခြေတွင် ရောက်ရှိနေသော စစ်အစိုးရတပ် ခလရ (၆၁) ၊ ခမရ (၂၃၀)၊ ခမရ (၅၄၇) မှ ရှေ့ပြေး ထမင်းချက်အဖွဲ့ဖြစ်ပြီး အင်အားမှာ (၃၀)ကျော်ရှိသည်ဟု ဗိုလ်မှူးကြီး စောကျော်သက်မှ ပြောပါသည်။

အလားတူကလို့ထူးဘောအခြေချ ဗျူဟာ(၁)စစ်ဆင်ရေးမှူး ဂျီထူး ဗိုလ်မှူးဆန်းအောင် ဦးဆောင် သည့် ဒီကေဘီအေတပ်ဖွဲ့သည်လည်း စစ်အစိုးရ၏ ဗျူဟာအဖွဲ့ကိုထိန်းချုပ်ထားပြီး မနေ့မနက်(၁၀)  နာရီက နေစပြီး တိုက်ပွဲကြိုကြား ဖြစ်နေသည်ဟု ဗိုလ်မှူး ဆန်းအောင်ပြောပါသည်။

“လက်ရှိအနေအထားက ဟိုးတောင်အောက်မှာ ထမင်းချက်တဲ့ အုပ်စုကတစ်အုပ်စု၊ ဟိုးတောင် ထိပ်မှာကတစ်အုပ် ၊ ထမင်းချက်တဲ့အုပ်နဲ့ ဒီအပေါ်မှာရှိတဲ့ဗျူဟာနဲ့ သူတို့ကြားထဲမှာ ကျနော်တို့ အဲဒီကြားထဲမှာ ဖြတ်ထားတယ်နော်။ အခုအချိန်အထိ သူတို့အချင်းချင်း အဆက်အသွယ်မရသေးဘူး”

မြဝတီမြို့နယ်ဘက်တွင် မြန်မာစစ်အစိုးရတပ်နှင့် ဒီကေဘီအေတပ်ဖွဲ့တို့အကြား တိုက်ပွဲအခြေအနေမှာ ဆက်လက်တင်းမာလာမည့် အနေအထားရှိနေမည်ဟု ဒီကေဘီအေအရာရှိတစ်ဦးမှပြောပါသည်။

တိုက်ပွဲစဖြစ် ပွါးချိန်ကြာမြင့်ပြီးဖြစ်သော်လည်း စစ်အစိုးရ၏စစ်ကူတပ်များ အခုအချိန်အထိ ဝေါ်လေစခန်းကို ရောက်ရှိခြင်း မရှိသေးဟု ဒေသခံတစ်ဦးမှပြောပါသည်။

တချိန်တည်းတွင် ဝေါ်လေစခန်းမှစစ်အစိုးရတပ်တွေကို ဒီကေဘီအေ တပ်ရင်း (၉၀၉) ဒုတပ်ရင်းမှူးဗိုလ်မှူးချမုစေး ဦးဆောင်သည့်အဖွဲ့က မကြာမကြာ ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဒေသခံများမှပြောပါသည်။

အဆိုပါတိုက်ပွဲအကျိုးဆက်ကြောင့် ဝေါ်လေရွာတွင်ရှိသော ဒီကေဘီအေ တပ်စုမှူး စောလှခိုင်၏အိမ်ကို ဒီဇင်ဘာလ (၆)ရက်နေ့ ည (၇) နာရီအချိန်မှာ စစ်အစိုးရတပ်မှ မီးရှို့လိုက်သည်ဟု ဒီကေဘီအေ အရာရှိတစ်ဦးမှပြောပါသည်။

Most read this week