ထိုင်းဘုရင်မင်းမြတ် မွေးနေ့ အထိမ်းအမှတ်အဖြစ် မော်ဒယ်နန်းဆုရတီစိုးနှင့် စိုင်းစိုင်းခမ်းလှိုင် အပါအဝင် မြန်မာ-ထိုင်း အဆိုတော်များသည် မြို့တော်ဘန်ကောက်၌ ယခုလ ၅ ရက်နေ့တွင် ဂီတဖျော်ဖြေ ...
ဘန်ကောက် (မဇ္ဈိမ)။ ။ ထိုင်းဘုရင်မင်းမြတ် မွေးနေ့ အထိမ်းအမှတ်အဖြစ် မော်ဒယ်နန်းဆုရတီစိုးနှင့် စိုင်းစိုင်းခမ်းလှိုင် အပါအဝင် မြန်မာ-ထိုင်း အဆိုတော်များသည် မြို့တော်ဘန်ကောက်၌ ယခုလ ၅ ရက်နေ့တွင် ဂီတဖျော်ဖြေပွဲ ပြုလုပ်မည် ဖြစ်သည်။
ထိုင်းဘုရင်၏ ၈၃ နှစ်ပြည့် မွေးနေ့တွင် ဟဲလေး၊ အေသင်ချိုဆွေ၊ ချမ်းချမ်း၊ မိုးမိုးနှင့် ထိုင်းအဆိုတော် ၆ ဦးလည်း ပါဝင်မည်ဖြစ်ကာ ဘန်ကောက်မြို့ ဖလန်စောင်အရပ်ရှိ ဟော်လန်ကလပ်ခန်းမ၌ ဖျော်ဖြေတင်ဆက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
ထိုင်းဘုရင်မင်းမြတ်ကို ကျန်းမာစေဖို့ ဆုတောင်းတဲ့ အထိမ်းအမှတ်အနေနဲ့ ကျင်းပတာ ဖြစ်ပါတယ်” ဟု ပွဲစီစဉ်သူ ဖြစ်သည့် MP 3 Thailand ကုမ္ပဏီမှ ဒါရိုက်တာ Poptham Chaiyakit က မဇ္စျိမကို ပြောသည်။
မြန်မာအဆိုတော်များသည် ဘန်ကောက်သို့ သောကြာနေ့တွင် ရောက်မှာဖြစ်ပြီး ထိုင်းဘုရင် ဆေးကုနေသော အနုဆာဝါရီအရပ်ရှိ ဆေးရုံအနီးမှ ဆုတောင်းသည့်နေရာ၌ နေ့လည် ၂ နာရီတွင် ထိုင်းအနုပညာရှင်များနှင့်အတူ ဘုရင်မင်းမြတ် ကျန်းမာစေရန် ဆုတောင်း မေတ္တာပို့သမည်ဟု ပွဲစီစဉ်သူများ အပြောအရ သိရသည်။
ည ရ နာရီမှ ၁၂ နာရီအထိ ကျင်းပမည့်ပွဲသို့ မြန်မာကျောင်းသားများ၊ ရွှေ့ပြောင်းလုပ်သားများနှင့် ထိုင်းပရိသတ်များ လာရောက်မည်ဟု မျှော်လင့်ရသည်။
ဖျော်ဖြေပွဲ လုံခြံုရေးအတွက် နယ်မြေခံရဲစခန်းက အစောင့်အရှောက်များ ချထားပေးမည်ဟု ပြောသည်။
“ပွဲလာရင် အရက် သောက်မလာစေချင်ဘူး။ ရန်ဖြစ်မှာ စိုးလို့လေ။ ထိုင်းနဲ့ မြန်မာအလုပ်သမားတွေကော ချစ်ချစ်ခင်ခင်နဲ့ ပျော်ပျော်ရွှင်ရွှင် ရှိမယ်ဆိုရင် နောင်နှစ်တွေလည်း ကျနော်တို့ ဆက်လက်လုပ်သွားဖြစ်မှာပါ” ဟု ပွဲစီစဉ်သူ တဦးက ဆိုသည်။
ဘန်ကောက်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၂ သိန်းကျော်ရှိမည်ဟု အလုပ်သမားရေး လုပ်ကိုင်နေသော အစိုးရမဟုတ်သော အန်ဂျီအိုအဖွဲ့များက ခန့်မှန်းထားသည်။