၉၀ ခုနှစ်တုံးက နိုင်ငံရေးဆိုတာ ဘာလဲလို့မေးလာရင် အပေါ်ယံသဘောလောက်သာ နားလည်ထားတာက တကြောင်း၊ ကျမတို့တိုင်းပြည် အဖက်ဖက်က ချွတ်ခြုံကျဆင်းနေတာ ...
ညက ကျမ တစ်ညလုံး အိပ်မပျော်ခဲ့ပါ။ အကြောင်းမှာ မနက်ဖြန် မဲရုံသွားပြီး မဲသွားထည့်ရမယ့်အတွက် စိတ်အလွန် လှုပ်ရှားနေမိသည်မှာ အမှန်ပါ။ ကျမအသက် လေးဆယ့်ငါးနှစ် ရှိပြီဖြစ်သည်။ အခုလို စိတ်လှုပ်ရှားမှုမျိုး တစ်သက်တာမှာ နှစ်ကြိမ်သာ ကြံုခဲ့ဘူးသည်။ ပထမအကြိမ် ၁၉၉၀ ခုနှစ်တုန်းက မဲပေးတုံးက၊ အခုတကြိမ်ကတော့ လာမယ့် (၇) ရက်နေ့၊ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးလုပ်မယ့် ပြည်လုံးကျွတ်ရွေးကောက်ပွဲ။
၉၀ ခုနှစ်တုံးက နိုင်ငံရေးဆိုတာ ဘာလဲလို့မေးလာရင် အပေါ်ယံသဘောလောက်သာ နားလည်ထားတာက တကြောင်း၊ ကျမတို့တိုင်းပြည် အဖက်ဖက်က ချွတ်ခြုံကျဆင်းနေတာကို အခုလောက် အသေးစိတ် နားမလည်သေးတာကတကြောင်း၊ အကြားအမြင် နည်းနေခဲ့တာကတကြောင်း၊ ပြီးတော့ ရွေးကောက်အပေါ် စိတ်ဝင်စားမှုဒီဂရီက ဒီနှစ်လောက် မမြင့်မားခဲ့တာ အမှန်ပါ။
ဒီနှစ်မှာတော့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး အစရှိတဲ့ အရေးအရာတွေပေါ်မှာ စိတ်ပျက်အားငယ်စရာ၊ ဆင်းရဲမှုတွေ၊ လူတန်းစားကွာဟမှု၊ စိတ်ပျက်မှု၊ စိုးရိမ်မှုနဲ့ မကျေနပ်မှုတွေ စတဲ့ စတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းစွမ်းဆောင် လုပ်ကိုင်ပေးနိုင်မယ့် တနည်းအားဖြင့် အပြောင်းအလဲတွေကို လုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ထားတဲ့ ကိုယ့်တိုင်းရင်းသားပါတီ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို မဲထည့်ပေးမယ်လို့ ဆုံးဖြတ်ထားတယ်။ ဒီပါတီရဲ့အောင်မြင်မှုနဲ့အတူ နောင်ကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်လာမယ့် ကျမတို့တိုင်းပြည်ကြီးရဲ့ အနာဂတ်ပုံရိပ်ကို စိတ်အာရုံမှာ ပုံပေါ်စိတ်ကူးရင်း အိပ်မပျော်နိုင် ဖြစ်နေမိခဲ့တယ်။
မနက် (၄) နာရီ အိပ်ရာက နိုးသည်။ ပြီးတော့ နေ့စဉ်လုပ်နေကျ သွားတိုက် မျက်နှာသစ် ခေါင်းဖြီး ပြီးတော့ ထမင်းဟင်းတွေချက် ဆွမ်းကပ်၊ ဘုရားရှိခိုး၊ ပုတီးစိပ်၊ ဆွမ်းလောင်း ပြီးတော့ မဲရုံကိုသွားဖို့ပြင်ဆင်ရင်း၊ အိမ်နီးနားချင်းတွေကို လှမ်းကြည့်လိုက်တော့ သူတို့တတွေလည်း ပြင်ဆင်နေကြတယ်။ ကျမကိုမြင်တော့ “အန်တီမြကြည် သွားတော့မလား၊ သမီးတို့လည်း သွားဖို့ပြင်ဆင်နေတယ်။ ကလေးနိုးလာရင်သွားမယ်။ သမီးနဲ့ မမတို့ အတူတူသွားကြမယ်။ တဆက်ထည်းမှာပဲ သူမက “မွန်ပါတီက ဘာတံဆိပ်နဲ့လဲ” ဟု လှမ်းမေးရာ ကျမက “ဟုတ်လား။ အေးအေး ကောင်း တယ်။ စောစောသွားရင် ကလေးနေမပူဘူးပေါ့” လို့ ပြန်တုန့်ပြန်လိုက်တယ်။ ပြီးတော့ မွန်ပါတီတံဆိပ်ရဲ့ ထင်ရှားတဲ့ အမှတ်အသားတွေဖြစ်တဲ့ အနီရောင်အောက်ခံမှာ အဝါရောင်ဟင်္သာတံဆိပ်ကို ထင်ထင်ရှားရှား မြင်တွေ့ရတဲ့အကြောင်း မနီးမဝေးကနေပဲ ဆက်ပြီး လှမ်းအော်ပြောပြနေလိုက်တယ်။
ဒီမနက်တော့ အိမ်နီးနားချင်း မိတ်ဆွေတွေ တယောက်ကိုတယောက် လှမ်းပြောနေတဲ့အသံတွေနဲ့ ဆူညံနေသည်။ အိမ်နီးချင်းမ တယောက်က တက်ကြွတဲ့ အနေအထားနဲ့ ကျမတို့လင်မယား ၂ ယောက် မဲရုံသွားဖို့ ပြင်ဆင်နေတာကိုကြည့်ကာ “ဟ.. ဒီစုံတွဲ တော်တော်တက်ကြွနေပါလား” လို့လှမ်းမေးလိုက်တော့ ကျမက “ဒါပေါ့ အပြောင်းအလဲလိုချင်တယ်ဆို၊ အစိုးရကောင်းကောင်း လိုချင်တယ်ဆို၊ အစိုးရကောင်းရဖို့ အပြောင်းအလဲရဖို့ဆိုရင် နိုင်ငံသားကောင်းတစ်ယောက်အနေနဲ့ ကိုယ်တိုင် ပါဝင်လုပ်ဆောင်ပေးရတာ နိုင်ငံသားတစ်ဦးရဲ့တာဝန်ပဲလေ မဟုတ်ဘူးလား” လို့ မျှော်မှန်းချက်ကြီးကြီးနဲ့ အားရကျေနပ်တဲ့ အနေအထားနဲ့ လှမ်းပြောမိသည်။
ဒါနဲ့ ခုနက လှမ်းမေးတဲ့ အမျိုးသမီးကိုပဲ သူတို့ရဲ့ သမီးအပျို ၂ ယောက် မဲရုံသွား၊ မသွား သိချင်ဇောနဲ့ ပြန်လှန်မေးကြည့်လိုက်တော့ သူကပဲ “မဲသွားထည့်လဲ ဘာထူးမှာလဲ၊ နိုင်တဲ့သူက ဘယ်သူလဲဆိုတာ ရှိနေပြီးသားပဲ၊ ဘယ်လိုပဲထည့်ထည့် နောက်ဆုံးကျတော့ သူတို့ပဲနိုင်မှာ။ အိမ်မှာဘဲနေတော့မယ်” လို့ မဆိုင်းမတွ ပြန်ဖြေခဲ့သည်။ ထိုအဖြေကို မနှစ်သက်ဟန်နဲ့ ကျမက “ဒါကသူတို့အပိုင်းပါ၊ ဒါပေမဲ့ မြန်မာ့ရုပ်မြင်သံကြားမှာတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲရဲ့လုပ်နည်းလုပ်ဟန်တွေ၊ ပြည်သူတွေဘယ်လို လုပ်ကိုင်နိုင်တာတွေ၊ ကိုယ့်နိုင်ငံတိုးတက် ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးနိုင်မယ်ထင်ရတဲ့ ပါတီကို စိတ်ကြိုက်ရွေးပြီး မဲထည့်ဖို့ကို အမြဲပြောနေတာပဲ။ သူလိမ်မယ်ဆိုရင်လဲ ဘယ်လိုလိမ်မလဲဆိုတာ စောင့်ကြည့်ကြပေါ့အစ်မရယ်” လို့ပဲ ဖြောင့်ချက်ပေးခဲ့မိသည်။
ကျမတို့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ထဲက ကျေးရွာတရွာမှာနေထိုင်ကြတယ်။ ကိုယ့်ခြံ၊ ကိုယ့်ဝင်းနဲ့ နေကြသူတွေဆိုပေမယ့် ရွာဓလေ့ရှိတဲ့အတိုင်း အသံချဲ့စက်မလိုဘဲ ထုံးစံအတိုင်း မဲရုံသွားရာ လမ်းမတလျှောက် အသိတွေက လှမ်းနှုတ်ဆက်ရင်း၊ မဲပေးမယ်ဆိုရင် မွန်ပါတီကိုပဲ မဲပေးကြမယ်လို့ တယောက်နဲ့တယောက် လှမ်းညှိရင်း အပြန်အလှန်ပြောနေကြတယ်။ မိသားစုဝေယာဝစ္စတွေနဲ့ အလုပ်ရှုပ်နေတဲ့ မိခင်များကလည်း အားတက်သရော မဲရုံသွားဖို့အတွက် လူမမယ်ကလေးငယ်တွေကို နံနက်စာ စားဖို့အော်ခေါ်နေလေရဲ့။
မှန်ပါတယ်။ ဒီနေ့ကို ကျမတို့မျှော်လင့်ခဲ့ကြတာ၊ ကျမတို့ရဲ့တိုင်းပြည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ယိုယွင်းချို့တဲ့နေတဲ့ စနစ်ကနေ တိုးတက်ကောင်းမွန်တဲ့ အပြောင်းအလဲတခု ဖြစ်ပေါ်လာဖို့အတွက် ပြည်သူတွေရဲ့ အသဲကြားက ဖြစ်ပေါ်လာတဲ့ ဆန္ဒမဲနဲ့ ပြည်သူတို့ကိုယ်တိုင် ဆန္ဒပြုရမည့်နေ့ ရောက်လာပါပြီ။
အမှတ် (x) အစိုးရကျောင်းရှေ့ မဲရုံရောက်တော့ မဲပေးဘို့ ရောက်လာတဲ့သူတွေက လူနည်းစုဖြစ်နေပြီး၊ မဲရုံရှေ့ ဟိုတစု၊ ဒီတစုနဲ့ မဲဆွယ်စည်းရုံးနေတဲ့ လူအများစုကိုသာ တွေ့နေရတယ်။ ကျမတို့ပဲ အရောက်စောလို့လား ဆိုပြီး အနီးကပ်သွားကြည့်တော့ မဲရုံထဲ မဲဆွယ်နေတဲ့အုပ်စုတွေက ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) အဖွဲ့တွေဖြစ်နေတယ်။ ကျမနားလည်ထားတာက မဲပေးရက်မှာ ဘယ်ပါတီကမှ မဲရုံဝင်းထဲမှာ မဲဆွယ်တာမျိုး မလုပ်ရဘူး ဆိုတာပါ။
တခြားပါတီက မဲဆွယ်တာမျိုးမတွေ့ရဘဲ ကြံ့ဖွံ့ပါတီက လူတွေမဲဆွယ်နေတာတွေ့လိုက်တော့ တကယ်ပဲ သူတို့အဖွဲ့က တခြားပါတီတွေထက် အခွင့်ထူးခံအဖွဲ့တွေလား၊ ရွေးကောက်ပွဲကော်မရှင်ပြောတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဆိုတာ တကယ်ကော ဖြစ်နိုင်ခြေရှိရဲလား စတဲ့ မေးခွန်းတွေနဲ့ တန်းစီထားတဲ့ အတွေးတွေနဲ့ မဲရုံဝဆီကို သွားခဲ့ပါတယ်။
အလှည့်ကျဝင်ရမှာမို့ မဲရုံအဝင်ဝမှာ တန်းစီရပ်စောင့်နေစဉ်မှာပဲ မဲထည့်ဘို့ရောက်လာတဲ့ ဇနီးမောင်နှံ ၂ ယောက်က သူတို့မဲလက်မှတ်မရသေးကြောင်းနဲ့ ဘယ်အပေါက်ကနေ ဘယ်လိုဝင်ပြီး၊ ဘယ်လိုမဲပေးရမလည်းဆိုပြီး မဲရုံတာဝန်ကျပုဂ္ဂိုလ်တယောက်ကို လှမ်းမေးနေပါတယ်။ မဲရုံမှုးက အသံခပ်ပြတ်ပြတ်နဲ့ “တိုကင်ပြလေ၊ တိုကင်လက်မှတ်ရှိတဲ့သူမှ မဲပေးလို့ရမယ်။ မရှိရင် မသိဘူး” လို့သာ ဖြေလိုက်ပြီး တခြားဖက်လှည့်ထွက်သွားတယ်။ ဒါနဲ့ မဲထည့်မည့်သူအချင်းချင်း ကူညီတန်ကောင်းပါရဲ့ဆိုပြီး အဲဒီလင်မယား ၂ ယောက်ကို တိုကင်ဘယ်လိုယူရမယ်ဆိုတာ ကျမတို့အတွေ့အကြံုကို အခုလိုရှင်းပြလိုက်ပါတယ်။
“အစ်မ ကော်မရှင်ရုံးမှာ၊ ဟို ရယကရုံးမှာလေ သွားမေးလိုက်ပါ၊ ကျမတို့လည်းအဲဒီလိုပဲ၊ ကျမတို့ ရပ်ကွက်မှာ တိုကင်သွားဝေပေးထားတာ ကျမတို့အိမ်တော့ မရဘူး၊ ဒါနဲ့ ကျမတို့လည်း ဘုမသိ ဘမသိနဲ့ တိုကင်မရရင် မဲမထည့်ရမှာစိုးရိမ်လို့ ကော်မရှင်ရုံးကို သွားမေးတော့ ဥက္ကဋ္ဌက အဲဒါက ပြည်ခိုင်ဖြိုးကလုပ်တာ သူတို့ပါတီအတွက်ဆိုပြီး အစောင်ငါးထောင် ယူသွားတာ၊ ဒါကဘာမှမဟုတ်ဘူး၊ တိုကင်မရှိလဲရတယ်၊ ကိုယ့်လိပ်စာနဲ့ ကိုယ့်အုပ်စုနဲ့ ဟိုဘက်က မဲရုံအုပ်စုမှာ ရှာကြည့်ရင် ကိုယ့်ရဲ့မဲစာရင်းနံပါတ် ဘယ်လောက်လဲဆိုတာ သိပြီပေါ့လို့ပြောတော့ ကျမတို့ဝင်ရှာ လိုက်လို့သိခဲ့ပြီးပြီ၊ အမလည်း အဲဒီရုံးမှာ သွားကြည့်လိုက်ပါလား” လို့ ပြောပြလိုက်ပါတယ်။ အဲဒီတော့မှ ဇနီးeမာင်နှံနှစ်ဦး ကော်မရှင်ရုံးဘက်ကို ထွက်သွားလိုက်ကြပါတယ်။
ခဏကြာတော့ မဲပေးဖို့ ကျမတို့အလှည့်ရောက်လာပါတော့တယ်။
မဲရုံက နဲနဲကျဉ်းတယ်။ ဝင်ပေါက်နဲ့ ထွက်ပေါက် ဆိုလို့ အပေါက်နှစ်ပေါက်သာ ထားထားပါတယ်။ အ ပြင်ဘက်ဝင်ပေါက်နားမှာတော့ မဲရုံလုံခြံုရေးတာဝန်ကျ သုံးလေးယောက်ထိုင်နေတာကို တွေ့နေရတယ်။ မဲရုံထဲမှာတော့ မဲရုံမှူး၊ မဲရုံအကူတွေအတွက် နေရာနဲ့ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီကိုယ်စားလှယ်တွေနေရာ ဆိုပြီး ခုံရှည် ၂ ခုနဲ့ နေရာ ၂ ခုသီးသန့်ထားတာ တွေ့ရတယ်။ ကိုယ်စားလှယ်တွေထိုင်ဖို့ လုပ်ထားတဲ့ခုံမှာတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) က ကိုယ်စားလှယ်တစ်ဦးနဲ့ ကရင်ပြည်သူ့ပါတီက ကိုယ်စားလှယ်တစ်ဦး ပေါင်း နှစ်ဦးကိုသာ တွေ့ရပါတယ်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကိုယ်စားပြု ကိုယ်စားလှယ်ကို မတွေ့ရတော့ ကျမစိတ်ထဲမှာ တစုံတရာ စိုးရိမ်စိတ်က ၀င်လာပါတယ်။ ပါတီကိုယ်စား လှယ်မရှိရင် မဲပေးမယ့် သူတွေ ဇဝေဇဝါဖြစ်သွားလေမလား၊ မဲရေတွက်တဲ့အခါမှာကော သမာသမတ်ရှိပါ့မလား ဆိုပြီး စိုးရိမ်မိတာအမှန်ပါ။
အတွေးနယ်ချဲ့နေစဉ်မှာပဲ ကျမရဲ့ တိုကင်နံပါတ်ကို လှမ်းခေါ်လိုက်တာ ကြားမိတယ်။ ဒါနဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားကိုထုတ်ပြပြီး မှတ်တမ်းစာအုပ်ထဲမှာ လက်မှတ်ထိုးကာ မဲစာရွက်ကို နောက်တနေရာမှာ ထုတ်ယူခဲ့တယ်။ ကျမရတဲ့ မဲစာရွက်က ညစ်ပတ်နေတာ၊ စုတ်ပြဲတာမျိုး ရှိမရှိ၊ မဲရုံမှူးနာမည်နဲ့ သူ့လက်မှတ်ပါ မပါ သေချာစစ်ဆေးလိုက်တယ်။ ပြီးတော့ ဆန္ဒပြုခန်း (မဲပုံး) နေရာဆီကို တိုက်ရိုက်သွားလိုက်ပါတယ်။
ဆန္ဒပြုအခန်းသာဆိုသည်။ စားပွဲပေါ်မှာ ကာထားတဲ့ အကာသုံးဘက်စလုံးဟာ တစ်တောင်သာမြင့်မည်။ ကျမအမျိုးသား ဘယ်နေရာမှာ အမှန် အမှတ်အသား ခြစ်နေတယ်၊ ခြစ်ထားတယ်ဆိုတာ ကျမ အထင်းသား လှမ်းမြင်နေရတယ်။ ကျမ မဲခြစ်ဖို့စိတ်က လုံခြုံမှုမရှိတော့။ ကျမ အမျိုးသားနည်းတူ ကျမရွေးချယ်မယ့် ပါတီကိုလည်း တခြားသူတွေ တွေ့နိုင်မှာမလွဲပါ။ ဒီလိုဆိုရင် လျှို့ဝှက်ဆန္ဒမဲလို့ဆိုရအောင် လုံခြံုမှုမရှိ၊ မိမိဘယ်ပါတီကို ဆန္ဒမဲထည့်သည်ကို အခြားလူတွေတွေ့မြင်သည့်အတွက် လျှို့ဝှက်မဲဟု မခေါ်ဆိုနိုင်တော့။
မဲပုံးနားရောက်မှ ဘယ်လိုဆန္ဒမဲပေးရမယ်ဆိုတာ မသိတဲ့သူတွေလည်းရှိနေသည်။ ကျမအမျိုးသားရှေ့ အမျိုးသမီးကြီး တယောက် မဲပုံးနားမှာ ဟိုသွားလိုက်၊ ဒီသွားလိုက်နှင့် ယောင်ချာချာဖြစ်နေသည်ကို လှမ်းမြင်နေရသည်။ ဒါနဲ့ မဲရုံတာဝန်ကျသူတဦးက စိတ်မရှည်သည့် လေသံဖြင့် “လာ..ဟောဒီမှာခြစ်၊ နောက်ပြီး ဟိုပုံးထဲမှာ သွားထည့်၊ ပြီးရင် ဟောဒီအတန်းကိုလာ၊ မဲစာရွက်သွားယူ” လို့ အော်ပြောနေသည်။
ရွေးကောက်ပွဲမတိုင်ခင်မှာတော့ မြန်မာ့ရုပ်မြင်သံကြားကနေ မဲထည့်ပုံ ထည့်နည်းတွေကို ပညာပေးဟောပြောခဲ့ပေမယ့် အဲဒီအချိန်တွေမှာ ကျမကိုယ်တိုင် အလုပ်ကမအား၊ အလုပ်ပြီးချိန်မှာ ကြည့်မယ်ဆိုပြန်တော့လည်း လျှပ်စစ်မီးကပျက်။ တစ်ခါတစ်လေ ရုပ်သံလိုင်းပြတ်နဲ့ကြံုဆိုတော့ ကြည့်ရ နားထောင်ရတဲ့ အချိန်တွေက နည်းလွန်းသည်။
အတွေးတွေကိုခဏထား၊ အခုကျမမဲပေးရမယ့်အလှည့်ရောက်ပြီ။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဘေးက လေးထောင့်ကွက်လေးမှာ ပယ်မဲမဖြစ်အောင် သေသေချာချာခြစ်၊ သေသေချာချာ ခေါက်ပြီး မဲပုံးထဲ ထည့်လိုက်ပါတယ်။အဲဒီလိုပဲ ကျန်ရှိနေတဲ့ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် စတဲ့ မဲပုံး ၃ ခုမှာ မဲတွေကို ဂရုတစိုက် ခြစ်ပြီး သက်ဆိုင်ရာ မဲပုံးတွေမှာ စနစ်တကျ ထည့်လိုက်ပါတယ်။
မဲရုံဝင်းအပြင်မှာတော့ ခုနက မဲပုံးနား ယောင်လည်လည်ဖြစ်နေတဲ့ အမျိုးသမီးကြီးလိုပဲ လူအများစုက မဲရုံတာဝန်ရှိသူတွေကို မေးမြန်းနေတဲ့သူတွေကို တွေ့ခဲ့ရသည်။ မဲရုံတာဝန်ရှိသူတွေက မေးလာတဲ့သူတွေကို ဟိုကိုသွား၊ ဒီကိုလာဆိုပြီး လက်ညိုးညွှန်ပြနေသလို၊ လူတွေကလည်း ဟိုသွားလိုက်၊ ပြန်လာလိုက်နဲ့ ရှုပ်ထွေးနေသည်။ မဲရုံအပြင်မှာ ဆူညံနေတဲ့ အနေအထားမရှိပေမယ့် တိတ်ဆိတ်နေခြင်းတော့ မရှိပါ။
ကျမတို့ လင်မယား ၂ ယောက်စလုံး မဲပုံးသုံးပုံးလုံးကို မဲထည့်ပြီးနောက် မဲရုံကနေ ပြန်လှည့်ထွက်မယ်လုပ်တုန်း မဲရုံတာဝန်ပုဂ္ဂိုလ်တယောက်က “ဟိုဘက်အခန်းကျန်သေးတယ်” လို့ လက်ညိုးညွှန်ပြပြီး ပြောလိုက်တော့ ၂ ယောက်သား တချက်တွေဝေသွားတယ်။ ဘာပဲဖြစ်ဖြစ် သွားကြည့်ရအောင်ဆိုပြီး အဲဒီအခန်းကို သွားကြတယ်။ အခန်းထဲမှာတော့ ကရင်လူမျိုး အတွက်တစ်ပုံး၊ ဗမာလူမျိုးအတွက်တစ်ပုံး၊ (လူမျိုးစုကိုယ်စားလှယ်အတွက်) မဲပုံးနှစ်ပုံးတွ့ရပါတယ်။ ကျမအမျိုးသားက “ငါတို့ကမွန်ပဲ မထည့်ပါဘူး” လို့ ကိုယ့်အချင်းချင်းတီးတိုးပြောရင်း မဲရုံထဲကနေ ခပ်တည်တည်နဲ့ အပြင်ထွက်ခဲ့ကြပါတော့တယ်။ မဲရုံအပြင်ဘက်ရောက်တော့မှပဲ နည်းနည်း အသက်ရှူချောင်လာသလို ခံစားမိတယ်။
မဲရုံအပြင်ရောက်တော့ ဆန္ဒမဲထည့်မယ့်လူဦးရေ ကျမတို့ဝင်တဲ့အချိန်ကထက် နည်းနည်းများလာပါတယ်။ လမ်းမှာတော့ အသိတွေနဲ့တိုးသည်။ စျေးနားက အသက်အရွယ်ခပ်ကြီးကြီး အမျိုးသမီးတယောက်ကို ဒီနေ့ ဘယ်သူ့ကိုမဲပေးမလည်းလို့ သိလိုဇောနဲ့ လှမ်းမေးကြည့်တော့ သူက “အဲ.. မြကြည်ရယ် ကိုယ် ဘယ်သူ့မြေမှာ နေနေတာလဲ၊ ကိုယ့်အရှင်ကို ကိုယ်မဲမပေးရင် သူများတွေက လာပေးမှာမဟုတ်ဘူး” လို့ ဆိုလာတော့ ဒီအဒေါ်ကြီးရဲ့ လူမျိုးချစ်စိတ်ကို စိတ်ထဲကနေ မချီးကျူးပဲ မနေနိုင်ဖြစ်ရသည်။
အိမ်ပြန်ရောက်တော့လည်း ဒီကနေ့မဲရုံက အတွေ့အကြံုတွေကို လင်မယား ၂ ယောက်သား ပြန်ပြီး ပြောဖြစ်ကြသည်။
အိမ်နီးနားချင်းတွေနဲ့ စကားပြောဖြစ်တော့လည်း မွန်ပါတီကိုမဲထည့်ကြသည်ဟုဆိုသည်။ မွန်ပါတီနိုင်မည်ဟု ကျမတို့ကော၊ စကားလက်ဆုံပြောမိသူတွေကပါ ထင်ကြေးပေးနေကြသည်။ ကျမအတော်ကို ပီတိဖြစ်မိသည်။ ကိုယ်မဲပေးတဲ့ပါတီကို အနိုင်ရစေချင်တာ ပုထုဇဉ်လူသားတွေရဲ့ သဘာဝလို့ ယူဆတယ်။
ဒီလိုနဲ့ ညနေခင်း ရေမိုးချိုး၊ ထမင်းစားပြီး အိမ်အလုပ်တွေ အပြီးသတ်ချိန်မှာတော့ ညနေ ၀၄းဝဝ နာရီထိုးဘို့ မိနစ်အနည်းငယ်သာလိုတော့သည်။ မဲရုံမှာ မဲပေးတဲ့သူတွေမရှိတော့ဘူးဆိုရင် ၄ နာရီမှာ မဲရေတွက်မယ်လို့ သိရသည်။ ဒီတော့ အမျိုးသားဖြစ်သူကို အပူကပ်ပြီး မဲရုံကို ဆိုင်ကယ်နဲ့ အသော့နင်ကြပါတော့သည်။ ဘာလို့လည်းဆိုတော့ မဲရေတွက်ချိန်မှာ ပါတီကိုယ်စားလှယ်တွေ၊ တာဝန်ကျ မဲရုံမှုးတွေအပြင် လူထုတွေထဲက အနည်းဆုံး ၁၀ ဦးရှေ့မှာ မဲတွေကို ရေတွက်ရမယ်ဆိုတော့ ကျမတို့လည်း ကြည့်ခွင့်ရှိသည်ပေါ့။
မဲရေတွက်မယ့် အမှတ် (××) အစိုးရကျောင်းရှေ့အဝင်ဝကိုရောက်တော့ လုံခြုံရေး ရဲသားနှစ်ဦးက ဝတ်စုံအပြည့်နဲ့ သေနတ်ကိုင်ကာ စောင့်ကြောင့်အနေအထားနဲ့ ထိုင်စောင့်နေကြသည်။ ကျောင်းအဝင် တံခါးမကြီးကိုလည်း ပိတ်ထားပါသည်။ ကျမမျှော်လင့်ထားသလို မဲရုံထဲမှာ ပြည်သူလူထု တယောက်ကိုမှမမြင်ရဘဲ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်းတွေနဲ့ မဲရုံတာဝန်ကျ ပုဂ္ဂိုလ်တွေကိုသာ တွေ့လိုက်ရသည်။
ဒါနဲ့့ မဲရုံကိုဆက်သွားလိုက်သည်။ မဲရုံရှေအရောက် မဲရုံံဝင်းထဲကို ကွေ့ဝင်မယ်လုပ်တော့ မဲရုံတခါးတွေပိတ်ထားတာကိုပဲ မြင်ရပြီး၊ ဘယ်သူ့ကိုမှ ၀င်ခွင့်မပေးဘူးဆိုတာ သိသာထင်ရှားတဲ့အကြောင်း ကျမအမျိုးသားက ပိတ်နေတဲ့တံခါးကို ညွှန်ပြကာ ကျမအမျိုးသားက “သူတို့ပိတ်ထားတယ် တွေ့လား၊ ပေးမဝင်ဘူး၊ ပြန်ကြရင်ကောင်းမယ်” လို့ပြောတော့ ကျမ မယုံကြည်နိုင်သည့်အတွက် ကြည့်လိုက်ရာ တကယ်ပင် အဝင်ဝင်းတံခါးကြီးကို ခုံတန်းရှည်တစ်လုံးနှင့် ကာထားသည့်အပြင် လူဝင်နိုင်တဲ့ အပေါက်ဝကိုလည်း မော်တော်ဆိုင်ကယ်နဲ့ ကန့်လန့်ပိတ်ထားတာကို လှမ်းမြင်နေသည်။
အထဲဝင်ကြည့်လိုက်တော့လည်း ကြံ့ဖွံ့ပါတီဝင်တွေ၊ ရာအိမ်မှူးတွေနဲ့ တခြား တခါမှမတွေ့ဘူးတဲ့ သူတွေကို မြင်နေရသည်။ သူတို့အထဲမှာ လက်ကိုင်ဖုန်းနဲ့ စကားပြောနေသူကပြော၊ အပြင်ဘက်ကိုစောင့်ကြည့်သူတွေကကြည့်နဲ့ သူတို့လှုပ်ရှားမှုတွေကို အထင်းသားမြင်တွေ့လိုက်ရသည်။
အခုလိုမြင်ကွင်းတွေကိုမြင်လိုက်ရတဲ့ ကျမ အတော်မကျေမနပ်ဖြစ်မိသည်။ ကိုယ်တိုင်က ဒေါသထွက်နေသလား၊ ၀မ်းနည်းနေလား၊ အံ့အားသင့်နေသလား မဝေခွဲနိုင်ဖြစ်ခဲ့ရသည်။ တပ်အပ်ပြောနိုင်တာကတော့ မြင်ကွင်းတွေက စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တာ သေချာသည်။ အပြန်လမ်းမှာ လင်မယား ၂ ယောက်လုံး အတွေးကိုယ်စီနဲ့ တိတ်ဆိတ်နေသည်။ အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်နေသည်ဟု ထင်မိသည်။ ကိုယ်စီးနေသည့် ဆိုင်ကယ်စက်သံကိုပင် ကျမ မကြားနိုင်အောင်ဖြစ်နေခဲ့သည်။
အိမ်ပြန်ရောက်တော့လည်း ခုနက မဲရုံမြင်ကွင်းကိုပဲ ပြန်မြင်ယောင်မိကာ စိတ်ထဲမှာ မကျေမနပ်ခံစားနေရသည်။ အဲဒီမြင်ကွင်းတွေကပဲ လူကိုစိုးမိုးထားသည်။ ထပ်ခါထပ်ခါ စဉ်းစား၊ တွေးတောမိသည်။
နအဖ စစ်အစိုးရက မြန်မာ့ရုပ်မြင်သံကြားကနေတဆင့် ပြည်သူတွေကို ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေ အမြဲတမ်း ဟောပြောနေတာတွေက အကြားကောင်းရုံ၊ သတင်းလွှင့်ဖို့သက်သက်နဲ့ အယောင်ပြဖို့ပဲလားဆိုတဲ့ အတွေးတွေ ၀င်လာသည်။ အစိုးရတရပ်အနေနဲ့ ဘယ်လောက်သမာသမတ်ကျကျနဲ့ လုပ်ဆောင်သွားတယ်ဆိုတာ လူထုကို မျက်ဝါးထင်ထင်တွေ့မြင်ဖို့ အခွင့်တော့ပေးသင့်တယ်လို့ ယူဆတယ်။ မဟုတ်ဘဲနဲ့ လူထုတွေကို မျက်ကွယ်ပြုပြီး မဲရေတွက်တဲ့နေ့မှာ တိတ်တဆိတ်လုပ်နေတာဟာ ရိုးသားမှုမရှိတဲ့ လက္ခာတခုလို့ ဆိုနိုင်ပေသည်။
လူကြားကောင်းအောင် အော်ဟစ်နေတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဆိုတာကို ဘယ်လိုစံနှုန်းနဲ့တိုင်းတိုင်း အဖြေကတော့ လုံးဝ မျှတမှုမရှိ၊ တရားသည့်ရွေးကောက်ပွဲ မဟုတ်ဘူးဆိုသည့် အဖြေရလဒ်သာထွက်သည်။
ခုလိုအတွေးနယ်ချဲ့နေတဲ့အချိန်မှာ တဖက်အိမ်က အပျိုကြီးတသိုက်က မွန်ပါတီတွေ အခြေအနေကောင်းတယ်လို့ လှမ်းအော်ပြောတော့ ကျမမှာ မဲရုံမြင်ကွင်းကြောင့် စိတ်မသာ မယာနဲ့ “ဟင်း..မသိတော့ဘူးကွယ်၊ နိုင်ရင်ကောင်းတာပေါ့” လို့သာ မဖြေချင် ဖြေချင်နဲ့ပဲ ပြန်ပြောလိုက်မိတယ်။
နောက်တနေ့မှာတော့ ဘီဘီစီနဲ့ ဗွီအိုအေ မြန်မာသတင်းဌာနတွေက မနေ့က မဲရလဒ်တွေတချို့ ကြေညာသွားတာ နားထောင်လိုက်ရတော့ ကျမစိုးရိမ်ထိတ်လန့်နေခဲ့သလိုပါပဲ တပြည်လုံးမှာ တူညီတဲ့အဖြစ်ပျက်က ကြိုတင်မဲတွေနဲ့ အသာစီးက အနိုင်ရသွားတဲ့ ကြံ့ဖွံ့ပါတီအကြောင်းတွေပါ။ မဲရေတွက်စဉ်က အနိုင်ရပါတီတွေတောင် ကြိုတင်မဲကြောင့် ကိုယ်စားလှယ်လောင်းနေရာ အများအပြားဆုံးရှံုးသွားတဲ့ ပါတီတွေမနည်းပါ။ အဲဒီကြိုတင်မဲ၊ သံသယဖြစ်ဖွယ်၊ အငြင်းပွားဖွယ် မဲတွေကပဲ ကြံ့ဖွံ့ပါတီကို မဲအများဆုံးနဲ့ ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရစေခဲ့သည်။
ပြည်သူတွေ လိုလားတဲ့ အပြောင်းအလဲနဲ့ နအဖရဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီကို ရောက်နိုင်ဖို့ အခွင့်အလမ်း ရှိနိုင်လေဦးမလားလို့ ရင်လေးစွာတွေးတောရင်းဖြင့် ဝိုးတဝါး အနာဂတ် ကာလကို ရင်လေးစွာစောင့်ကြည့်နေရအုံးမည်သာ။