ရွေးကောက်ပွဲ မတိုင်မှီနှှစ်များနှင့် ရွေးကောက်ပွဲ နောက်ပိုင်း အရပ်ဒေသ မြို့နယ်တဝိုက် သျှမ်းနှစ်သစ်ကူးပွဲ ကျင်းပမှု အခြေအနေ ကွာခြားမှု သိပ်မရှိလှ ...
ရွေးကောက်ပွဲ မတိုင်မှီနှှစ်များနှင့် ရွေးကောက်ပွဲ နောက်ပိုင်း အရပ်ဒေသ မြို့နယ်တဝိုက် သျှမ်းနှစ်သစ်ကူးပွဲ ကျင်းပမှု အခြေအနေ ကွာခြားမှု သိပ်မရှိလှကြောင်း သျှမ်းပြည်တွင်း မြို့နယ်အသီးသီးမှ လာသော သတင်းများ အရသိရသည်။
“မြို့နယ်တချို့မှာ ပွဲကျင်းပဖို့ အရင်ကထက် နဲနဲ ပိုလွယ်တယ်။ စာပေယဉ်ကျေးမှု ကော်မတီဝင်တွေက ကြံ့ခိုင်ရေး အမတ်လောင်း တွေလေ။ မြို့နယ်တချို့ကျတော့ အခြေအနေက သိပ်မလွယ်ဘူး။ စာ/ယဉ် အဖွဲ့ဝင်တွေကကျားဖြူပါတီ အမတ်လောင်း တွေဖြစ်နေရင်ပေါ့။ မြို့နယ်တချို့ဆိုရင် လုပ်တောင် မလုပ်ဖြစ်ဘူးလို့သတင်းထွက်နေတယ်။” - ဟု လားရှိုးမြို့ သျှမ်းစာပေ ယဉ်ကျေး မှုကော်မတီဝင်တဦးက ပြောသည်။
အမျိုးသားလွှတ်တော် ကြံ့ဖွတ်အမတ် ဒေါက်တာစိုင်းမောက်ခမ်းဥက္ကဌဖြစ်နေသော လားရှိုးမြို့သျှမ်းစာပေယဉ်ကျေးမှု အဖွဲ့ဝင် များမှာမူ နိုင်ငံရေးပါတီအသီး သီး၌ ပါ၀င်ကြသောကြောင့် ယခုနှစ် လားရှိုးမြို့ သျှမ်းနှစ်သစ်ကူးပွဲမှာယခင်နှစ်များ နှင့်မတူ အတော်အတန်ခြောက်ကပ်သွား ကြောင်း ၄င်းက ဆက်ပြောပြသည်။
“အစည်းအဝေးလဲလုပ်ပြီးသွားပြီ။ အရင်နှစ်တွေလိုဘဲ။ ထူးခြားမှုမရှိဘူး။ ဆွမ်းကပ်၊ သက်ကြီးရွယ်အိုတွေကို ကန် တော့ပြီး စတိတ်ရှိုးလေးရှိမယ်။ ၆ ရက်နဲ့ ရ ရက်နေ့ ၂ ညဘဲ။ အဖွဲ့ဝင်တွေက ကျားဖြူဝင်သူဝင်၊ ကြံ့ဖွတ်ဖြစ်သူဖြစ်နဲ့ တွေ့ရင် တော့ ၀ဋ်ကြေတမ်းကြေဘဲပြုံးပြနှုတ်ဆက်တော့တဲ့ အခြေအနေဖြစ်သွားတာကိုး” - ဟု ဆိုပါသည်။
တန့်ယန်းမြို့တွင်မူ အစောပိုင်း၌ ပွဲမိန့်မရသဖြင့် နှစ်သစ်ဆွမ်းကပ်ရန်သာစီစဉ်ထားသော်လည်း မင်္ဂလာကျောင်းတိုက် ကျောင်းထိုင် ဆရာတော် ဦးပညာဘောဂ(သက်တော် ၅၀ နှစ်) ကို်ယ်တိုင်ပွဲမိန့်တောင်းမှရခဲ့ကြောင်းကို တန့်ယန်းမှ သျှမ်းစာပေ ယဉ်ကျေးမှု ကော်မတီဝင်တဦးက ဤကဲသို့ပြောပါသည်။
“ ဗျူဟာမှူးဆီမှာ ပွဲမိ်န့်တောင်းရတယ်။ ဆရာတော်ကိုယ်တိုင်တောင်းတာ။ ဒီနှစ်ရွေးကောက်ပွဲကြောင့်မို့လို့တုတ်ဆူး အလှူခံ လဲနောက်ကျတယ်။ ပွဲကျင်းပရေးအတွက်တော့ သျှမ်းစာပေယဉ်ကျေးမှုကော်မတီနဲ့ဆရာတော်ရဲ့ဒကာကြီး အချို့ပေါင်းပြီး တာဝန်ယူတာပေါ့” - ဟု ပြောသည်။
တန့်ယန်းမြို့ သျှမ်းစာပေယဉ်ကျေးမှုကော်မတီ ဥက္ကဌမှ စိုင်းယီထွန်းဖြစ်ပြီး အတွင်းရေးမှူးမှာ စိုင်းအောင်ဖြစ်သည်။ ပွဲတော် အတွက်ကုန်ကျငွေ မှာလည်း မူဆယ်၊ နမ့်ခမ်းဘက်ကဲ့သို့ ကျပ်သိန်းပေါင်း ၁၀၀ ၀န်းကျင် မဟုတ်ဘဲ ကျပ် ၁၅ သိန်းမှ ၁၇ သိန်းကြားတွင်သာ ရှိသည်ဟု သိရသည်။
ယခုနှစ် ကွန်ဟိန်းဘက် ထူးခြားချက်မှာ သျှမ်းနှစ်သစ်ကူးပွဲ ကျင်းပရေး ပြင်ဆင်ကြရန် တိုက်တွန်းကြောင်း အကူအညီ လိုအပ်လျှင် တောင်းနိုင်ကြောင်း ဗျူဟာမှူးကိုယ်တိုင် မယကမှတဆင့် ပြောဆိုသည်ဟု သျှမ်းစာပေယဉ်ကျေးမှု ကော်မတီအား မယကရုံးက အကြောင်းကြားသည်ဟု သိရသည်။
ပင်လုံမြို့တွင်မူ ယမန်နှစ်က ဘော်လုံးကွင်း၌ ကျင်းပခဲ့သော်လည်း ယခုနှစ် လုံခြုံရေးအတွက် မွေတော် ပိဋိကတ် ကျောင်းဝင်းထဲ ကျင်းပရန်ရှိကြောင်း ပင်လုံမြို့မှ လူငယ်အမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။
“ အရင်နှစ်တွေလိုဘဲ ပွဲမိန့်တင်ထားပြီး ကျတာနဲ့ တုတ်ဆူးထွက်တယ်။ လွယ်လင်ကလဲ ခါတိုင်းလိုဘဲ ပင်လုံနဲ့လာ ပေါင်းတယ်။ ဟိုပုံး၊ မိုင်းပွန်ကတော့ တောင်ကြီးနဲ့သွားပေါင်းတယ်။ လဲချား၊ မိုင်းကိုင်မှာတော့ လောင်းကစားဝိုင်းထောင်နိုင် ဖို့ဘဲ ကန်ထရိုက် တာတွေ တာစူနေကြတာ။ နှစ်သစ်ကူးပွဲရှိရင်တော့ လောင်းကစားဝိုင်းချက်ချင်းထောင်တာဘဲ။”-ဟု အဆိုပါလူငယ်က ပြောပြသည်။
နှစ်ပေါင်း ၃၀ ၀န်းကျင်ခန့် အမျိုးသားရေးတာဝန်ထမ်းဆောင်နေသော ပုဂ္ဂိုလ်တဦးက - “ သျှမ်းနှစ်သစ်ကူးပွဲကျင်းပ ကြတာတော့ ကောင်းပါတယ်။ ဒါပေမယ့် ရိုးရာလဲမပျောက်အောင်၊ ပွဲလဲဖြစ်မြောက်အောင် ထူးခြားတဲ့အထိမ်းအမှတ်လဲ ဖြစ်အောင် ကဗျာရေး ပြိုင်ပွဲ၊ စကားရည်လုပွဲ၊ သျှမ်းသမိုင်းနဲ့ပါတ်သက်တဲ့ စာစီစာကုံးပြိုင်ပွဲ ရှေးရိုးမပျက် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွေလုပ်ရင်တော့ ပိုအကျိုးရှိမယ်” - ဟု မှတ်ချက်ချသည်။
လာမည့် ဒီဇင်ဘာ ၆ ရက် တန်ဆောင်မုန်းလဆုတ် ည သန်းခေါင်တွင် ၂၁၀၄ ကျားနှစ်ကိုနှုတ်ဆက်ကာ ၂၁၀၅ ယုန်နှစ်ကို ကြိုဆို ကြမည်ဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် သျှမ်းပြည်မြို့နယ်အသီးသီးကဲ့သို့ ထိုင်းနိုင်ငံ ချင်းမိုင်၊ဘန်ကောက်နှင့် ကမ္ဘာ့နိုင်ငံ အသီးသီး ရောက်ရှိကြသော သျှမ်းမိသားစုများကလည်း နှစ်သစ်ကူးပွဲကျင်းပကြမည်ဟု ကြားသိရသည်။