မဲမသမာမှု မူကြမ်း အန်အယ်ဒီ ရေးဆွဲပြီးပြီ

မဲမသမာမှု မူကြမ်း အန်အယ်ဒီ ရေးဆွဲပြီးပြီ
by -
မဇ္စျိမသတင်းဌာန

၂ဝ၁ဝ ရွေးကောက်ပွဲ မဲမသမာမှုအပေါ် သုံးသပ်ချက် (မူကြမ်း) ရေးဆွဲပြီးပြီဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောဆိုလိုက်သည်။ ...

နယူးဒေလီ (မဇ္စျိမ) ။       ။ ၂ဝ၁ဝ ရွေးကောက်ပွဲ မဲမသမာမှုအပေါ် သုံးသပ်ချက် (မူကြမ်း) ရေးဆွဲပြီးပြီဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောဆိုလိုက်သည်။

၂၀၁၀ ရွေးကောက်ပွဲ မဲမသမာမှုများအပေါ် သုံးသပ်ချက် (မှုကြမ်း) ကို တိုင်းနှင့် ပြည်နယ်များမှ တင်ပြချက်များ၊ လွှတ်တော် အမတ်လောင်းများ ပြောဆိုချက် အပါအဝင်ဖြင့် ရေးဆွဲထားခြင်း ဖြစ်သည်။

“ မဲမသမာမှု၊ လေ့လာတွေ့ရှိချက် သုံးသပ်ချက်တွေပေါ့ဗျာ။ ရွေးကောက်ပွဲက တရားဥပဒေနဲ့ ညီညွတ်မှု ရှိ၊မရှိကို သုံးသပ်တဲ့ စာတမ်းပါ။ စာမျက်နှာ ၂၀ နီးပါး ပါတယ်။ အကြမ်းကတော့ ပြီးပါပြီ။ လူကြီးတွေက ကြည့်ပြီးတော့ ပြင်သင့်တဲ့ဟာကို ပြင်ပြီး၊ ထည့်သင့်တဲ့ဟာတွေ ထပ်ထည့်မှာပါ” ဟု မူကြမ်း ရေးဆွဲရာတွင် ပါဝင်ခဲ့သူ လပွတ္တာ ဦးကြည်ဝင်းက မဇ္စျိမကို ပြောသည်။

မူကြမ်းထဲတွင် နိဒါန်း၊ ရွေးကောက်ပွဲ ဖြစ်ပေါ်လာပုံ၊ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်ထားသော ဥပဒေ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ရွေးကောက်ပွဲ ကျင်းပသည့် နေရာတွင် မဲမသမာမှု စသည့် အပိုင်းငယ်များဖြင့် ကဏ္ဍခွဲကာ တင်ပြထားသည်။

ဝန်ထမ်းများကို  ကြိုတင်မဲပေးရန် ညွှန်ကြားထားပြီး ကြိုတင်မဲများနှင့် ပတ်သက်၍ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲထည့်ရန် စာဖြင့် ထုတ်ပြန်ထားသည့် အထောက်အထား စာရွက်စာတမ်းများ အပါအဝင် ပြည်နယ်နှင့် တိုင်းမှ တင်ပြလာသည့် အထောက်အထားများ၊ စာရွက်စာတမ်းများကိုပါ မူကြမ်းထဲတွင် ဖော်ပြထားသည်။

“ကြိုတင်မဲတွေနဲ့ နိုင်တာတွေချည်းပဲ။ တောင်ဥက္ကလာပက ဝင်ပြိုင်တဲ့ ဒေါက်တာစောနိုင်ဆိုရင် မဲရုံမှာ ပေးတဲ့ မဲတွေမှာ နိုင်တယ်။ ည ၁ဝ နာရီအထိ မဲက နိုင်နေတုန်းလို့ ပြောတယ်။ မနက် ၄ နာရီအထိ သူ့ပြိုင်ဘက်ကို ၆ မဲ နိုင်တယ်။ ကော်မရှင်က မဲနိုင်ကြောင်း ရ ရက်နေ့က လက်မှတ်ထိုးခိုင်းတယ်။ ၉ ရက်နေ့  ညနေပိုင်းကျတော့ သူက ရှုံးပြီဆိုပြီး ရေဒီယိုက ကြေညာတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါက်တာ စောနိုင်က ကိုယ်တိုင် အဖွဲ့ချုပ်မှာ ထွက်ဆိုချက်တွေ ပါတယ်” ဟု ဦးကြည်ဝင်းက ပြောသည်။

မဲမသမာမှုများ သုံးသပ်ချက် (မှုကြမ်း) ကို လာမည့် ဒီဇင်ဘာလ ပထမပတ်အတွင်း ထုတ်ပြန်ဖွယ်ရှိသည်။