နိုင်ငံတော် အလံသစ်၏ ဖွင့်ဆိုချက်ကို ကျောင်းဆရာ၊မများ မဖြေကြားနိုင်

နိုင်ငံတော် အလံသစ်၏ ဖွင့်ဆိုချက်ကို ကျောင်းဆရာ၊မများ မဖြေကြားနိုင်
by -
နှောင်းလှိုင်၊ သံလွင်နီ

ကရင်နီပြည် လွိုင်ကော်မြို့ရှိ မင်္ဂလာရပ်ကွက်မှ မူလတန်း ကျောင်းသူ၊သားများသည် မြန်မာနိုင်ငံ အလံသစ်၏ ဖွင့်ဆိုချက်ကို  ကျောင်းဆရာ၊ မများအား မေးမြန်းရာ ကျောင်းဆရာ၊မများမှ ပြန်လည် ဖြေကြား ...

ကရင်နီပြည် လွိုင်ကော်မြို့ရှိ မင်္ဂလာရပ်ကွက်မှ မူလတန်း ကျောင်းသူ၊သားများသည် မြန်မာနိုင်ငံ အလံသစ်၏ ဖွင့်ဆိုချက်ကို  ကျောင်းဆရာ၊ မများအား မေးမြန်းရာ ကျောင်းဆရာ၊မများမှ ပြန်လည် ဖြေကြားနိုင်ခြင်း မရှိဟု ကွမ်းယာဆိုင်တန်းများတွင် သတင်းပျံ့နှံ့နေသည်။

“အခု အလံပြောင်းသွားတော့ ကလေးတွေ အတွက် မေးခွန်း ဖြစ်နေတယ်။ သူတို့ သင်ထားတဲ့ အလံကို ဘာဖြစ်လို့ မသုံးတော့လဲပေါ့။ ပြီးတော့ အခုအလံရဲ့ အဓိပ္ပါယ်က ဘာလဲပေါ့” ဟု ကွမ်းယာ ၀ယ်စားသူ တယောက်က ပြန်ပြောပြပါသည်။

ပညာရေး ၀န်ကြီးဌာန၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဘိုဝင်း မှ လာမည့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစ၍ အခြေခံပညာမူလတန်း ဒုတိယတန်းတွင် သင်ကြားနေသော ဒို့အလံ သင်ခန်းစာကို ပြောင်းလဲ ပုံနှိပ် ပြဋ္ဌာန်းသွားမည်ဖြစ်သည်ဟု မြန်မာတိုင်း(မ်) အွန်လိုင်းသတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

သင်ခန်းစာသစ်တွင် အဓိကအားဖြင့် အလံပုံအားပြောင်းလဲသွားမည်ဖြစ်ပြီး စာသားများတွင်မူ နိုင်ငံတော်အလံသစ်တွင် ပါ၀င်သော အရောင်နှင့် ကြယ်၏ အဓိပ္ပါယ်ကို သင်ကြားသွားမည်ဖြစ်သည်။

“သူတို့ လုပ်ပုံက မူလတန်း ကလေးတွေအတွက်တောင် မေးခွန်း ထုတ်စရာ ဖြစ်နေပြီ။ တွေ့ရှိချက်ပေါ့နော်။ ပြီးတော့ ကျောင်းဆရာ၊မတွေလည်း အရည်အချင်း မပြည့်မီဘူး” ဟု လွိုင်ကော်မှ ကျောင်းသား မိဘတဦးက ပြောပါသည်။

အဆိုပါ နိုင်ငံတော်အလံသစ်တွင် ၀ါ၊ စိမ်း၊ နီ နှင့် အလယ်တွင် အဖြူရောင် ကြယ်တလုံးပါရှိပြီး အဝါရောင်သည် ဘာသာ၊ သာသနာနှင့် ပညာတိုးတက်ခြင်း၊ အစိမ်းရင့်ရောင်သည် စပါးဆန်ရေ၊ ကျွဲနွားနှင့် အထွေထွေ ပေါများခြင်း၊ အနီရောင်ခြယ် ထားခြင်းသည် ရဲရင့်သည့် စိတ်ဓာတ်ခွန်အား၊  အလယ်မှ အဖြူရောင် ကြယ်ကြီးသည် ပြည်ထောင်စုကို ကိုယ်စားပြုသည် ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေဆွဲစဉ်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတော်အလံအား အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီအချိန်တွင် နေပြည်တော်ရှိ အစိုးရ ၀န်ကြီးဌာနများ အပါအဝင် နိုင်ငံတဝန်းလုံး သုံးရောင်ခြယ် အလံသစ်ကို တပြိုင်နက်တည်း လွှင့်ထူခဲ့ပြီး အလံဟောင်းကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

Most read this week