ရွေးကောက်ပွဲလွန် လူ့အခွင့်အရေး ချိုးမှုပိုများ သျှမ်းရွာသား ရာကျော်နယ်စပ်သို့ ထွက်ပြေး

ရွေးကောက်ပွဲလွန် လူ့အခွင့်အရေး ချိုးမှုပိုများ သျှမ်းရွာသား ရာကျော်နယ်စပ်သို့ ထွက်ပြေး
by -
မွေခေါဝ်

“နိုဝင်ဘာလဆန်းကနေ ၂၀ ရက်နေ့အထိ သျှမ်းပြည်တောင်ပိုင်းက ထိုင်းနယ်စပ်ကို ထွက်ပြေးလာကြတာ ၁၀၀ ကျော် ရှိပြီ။ နှိပ်ကွပ်ခိုင်းစေမှုတွေ ချောဖမ်းတာတွေ ပစ်သတ်တာတွေ မခံနိုင်တော့လို့ ထွက်ပြေးတာ ...

“နိုဝင်ဘာလဆန်းကနေ ၂၀ ရက်နေ့အထိ သျှမ်းပြည်တောင်ပိုင်းက ထိုင်းနယ်စပ်ကို ထွက်ပြေးလာကြတာ ၁၀၀ ကျော် ရှိပြီ။ နှိပ်ကွပ်ခိုင်းစေမှုတွေ ချောဖမ်းတာတွေ ပစ်သတ်တာတွေ မခံနိုင်တော့လို့ ထွက်ပြေးတာလို့ပြောကြတယ်” ဟု နယ်စပ်ဒုက္ခသည်ကူညီစောင့်ရှောက်သူတစ်ဦးက ပြောပါသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်၊ ကျေးသီး၊ နမ့်ဇန်၊ ကွန်ဟိန်းနှင့် မိုးနဲမြို့နယ်တို့မှ ပြည်သူများဖြစ်ပြီး ထိုင်းနယ်စပ် ဖှန်မြို့နယ် ၀မ့်လန်း၊ ဟိုဖိုင်၊ ၀ိန်းဝိုင်နှင့် မွမ်ပင်ရွာအဝင်လမ်းတစ်လမ်းတည်းသာထည့်တွက်သေးသည်ဟု ၎င်းကဆက် လက်ပြောပါသည်။

“ရွေးကောက်ပွဲတုန်းက နအဖနဲ့ သျှမ်းတပ်တို့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း အနိုင်ကျင့်နှိပ်ကွပ်မှုတွေ အရင်ကထက် ပိုဆိုး လာတယ်။ ၉၆-၉၇-၉၈ တုန်းက အခြေအနေမျိုးပြန်ဖြစ်လာသလိုဘဲ။ ရွာအလိုက်မီးရှို့ပစ်တာတို့တော့မရှိသေးဘူး ” ဟု နယ်စပ်ရောက်မိုးနဲဒုက္ခသည်တစ်ဦးက ပြောပါသည်။

နအဖစစ်သားများ ရွာထဲဝင်လာပြီး မွှေနှောက်ရှာဖွေ၍ အလိုရှိသောပစ္စည်းမှန်သမျှ ယူဆောင်သွားကြောင်း၊ ကြက် ၀က် နွား ကျွဲများ စိတ်ရှိတိုင်းဖမ်းယူလေ့ရှိကြောင်း၊ ရွာသူရွာသားများအား အချိန်အခါမရွေး ချောဆွဲကြောင်း၊ သျှမ်းသူပုန်အား ဆက်သွယ်၊ ထောက်ပံ့သည်ဟု စွပ်စွဲ၍အပြစ်ရှာတတ်ကြောင်း၊ ရွာပြင်ရှိလယ်ယာ၌ ယခင်ကကဲ့သို့ စောင့်အိပ်ခွင့်မပြုကြောင်း ၎င်းကဆက်လက်ပြောပါ သည်။

“ဒေသခံတွေဆီက သိမ်းထားတဲ့လယ်ယာတွေ စစ်တပ်အတွက် လူထုကိုပြန်စိုက်ခိုင်းတယ်။ ချောင်းအထက်ပိုင်းရှိတဲ့ စစ်တပ်လယ်ထဲကိုဘဲ အရင်ရေသွင်းတယ်။ ချောင်းအောက်ပိုင်းမှာတော့ ရေမရလို့ စပါးတွေညှိုးကုန်တယ် ” ဟု နယ်စပ်ရောက်ကျိုင်းတောင်းဒုက္ခသည်တစ်ဦးကပြောပါသည်။

မိုင်းကိုင် ခလရ ၅၁၄၊ ကျေးသီး ခလရ ၁၃၁၊ နမ့်ဇန် ခလရ ၂၄၇၊ မိုးနဲ ခလရ ၂၄၈၊ ကွန်ဟိန်း ခလရ ၂၄၆ နှင့် ၅၂၄ တို့က ၄-၅ မြို့နယ်အတွင်းရှိ ကျေးလက်ဒေသတဝိုက် ၀င်ရောက်မွှေနှောက်ဒုက္ခပေးနေခြင်းဖြစ်သည်ဟု နယ်စပ် ရောက်ဒုက္ခသည်များက ပြောပြသည်။

“စစ်အစိုးရဟာ နိုင်ငံရေးပြဿနာ ပြေလည်အောင် မဖြေရှင်းချင်ဘူး။ လွတ််လပ်စွာ သွားလာခွင့်ပိတ််ပင်တယ်။ စစ်ဆေးခြိမ်းခြောက်ရိုက်နှက်တယ်။ နောက်တော့လဲ ကျေးရွာအတင်းအဓမ္မပြောင်းရွေ့ခိုင်းတယ်။ မုဒိန်းကျင့်တယ်။ ကျေးရွာတွေကို မီးရှို့ပစ်တယ််။ အစုလိုက်အပြံုလိုက် သတ်ဖြတ််တယ်။ လက်ရှိအခြေအနေမှာ သက်ကြီးရွယ်အိုတွေ မိန်းကလေးတွေ ကလေးသူငယ် နေစရာအတည်တကျမရှိဘဲ ပြောင်းရွေ့နေထိုင်ရတဲ့ ကျေးလက်လူထု ၄ သိန်း ကျော်တယ်” ဟုလည်း သျှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) မှ နန်းချမ်တောင်း ကပြောပါသည်။

အောက်တိုဘာ ၂၉ ရက် ထုတ်ပြန်သော ထိုင်းနိုင်ငံအခြေစိုက်တီဘီဘီစီ (Tai-Burma Border Consortium) အစီရင် ခံစာ၌ ၁၉၉၆-၉၇ မှစ၍ ယနေ့ထက်ထိ သျှမ်းပြည်တောင်ပိုင်းမှ အိုးအိမ်စွန့်ခွာထွက်ပြေးသူပေါင်း ၁၂၈,၀၀၀ ကျော် ရှိသည်ဟုခန့်မှန်းကြောင်း ဖော်ပြထားသည်။

Most read this week