ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းပြီး ဒုတိယ ပင်လုံညီလာခံကို ကျင်းပကာ ဖက်ဒရယ် ပြည်ထောင်စုကို အသက် သွင်းသွားမည်ဟု မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ ...
ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းပြီး ဒုတိယ ပင်လုံညီလာခံကို ကျင်းပကာ ဖက်ဒရယ် ပြည်ထောင်စုကို အသက် သွင်းသွားမည်ဟု မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ (MNDF) ဥက္ကဌ နိုင်ထွန်းသိန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ပြောကြားထားသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်သည့် မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေး ဗဟိုကော်မတီ အစည်းအဝေးပွဲတွင် နိုင်ထွန်းသိန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြောကြားခဲ့သည်ကို ဖြစ်မြောက်ရေး ကော်မတီမှ နာယက နိုင်တင်အောင်က ပြန်လည်ပြောပြခြင်း ဖြစ်ကြောင်း မုဒုံမြို့မှ အစည်းအဝေး တက်ရောက်ခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းရက်နေ့တွင်ပင် တိုင်းရင်းသား ခေါင်းဆောင်များက ဒုတိယ ပင်လုံညီလာခံကို ကျင်းပရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့ အဖွဲ့ချုပ် ရုံးချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၎င်းခေါင်းဆောင်များထဲတွင် မွန်အမျိုးသား ဒီမိုကရေစီပါတီမှ ဥက္ကဌ နိုင်ထွန်းသိန်းနှင့် ဒုဥက္ကဌ နိုင်ငွေသိမ်းတို့လည်း တက်ရောက်ခဲ့သည်ဟု နီးစပ်သူ တစ်ဦးမှ သိရသည်။
“တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို ဖွဲ့စည်းသွားမယ်လို့ အစည်းအဝေးမှာ ပြောကြားသွားတယ်” ဟု အထက်ပါ မွန်အမျိုးသားနေ့ အစည်းအဝေး တက်ခဲ့သည့် အမျိုးသမီးက ပြောသည်။
ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးအတွက် “ကလေးမြို့ ကြေညာစာတမ်း” ကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဝါရင့် နိုင်ငံရေး ခေါင်းဆောင်များအပြင် မွန်အမျိုးသား ဒီမိုကရေစီပါတီမှ ဥက္ကဌ နိုင်ထွန်းသိန်းနှင့် ဒုဥက္ကဌ နိုင်ငွေသိမ်းတို့လည်း သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် တိုင်းရင်းသားများအနည်းတူ မွန်ပြည်သစ်ပါတီ (NMSP) မှလည်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟု သိရသည်။
မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေး ဗဟိုကော်မတီ အစည်းအဝေးပွဲကို မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံတွင် ကျင်းပခဲ့ပြီး မွန်ပြည်နယ်ရှိ မြို့နယ် ၈ မြို့နယ်မှ အဖွဲ့ဝင် ၁၀၀ နီးပါးတက်ရောက်ခဲ့သည်ဟု သိရသည်။ အဖွဲ့ဝင် ၃၀ ဦးပါဝင်သည့် မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေး ဗဟိုကော်မတီဝင်ကို ၎င်းနေ့မှာပင် ဖွဲ့စည်းပြီးစီးခဲ့သည်ဟု သိရသည်။