ပြည်သူ့စစ် အသွင်ပြောင်းရန် ငြင်းဆန်သော အပစ်ရပ် သျှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်မဟာ (၁ ထိန်းချုပ်နယ်မြေသို့ ရွေးကောက်ပွဲ မတိုင်မီ တပ်အင်အား တိုးချဲ့ ...
ပြည်သူ့စစ် အသွင်ပြောင်းရန် ငြင်းဆန်သော အပစ်ရပ် သျှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်မဟာ (၁ ထိန်းချုပ်နယ်မြေသို့ ရွေးကောက်ပွဲ မတိုင်မီ တပ်အင်အား တိုးချဲ့ ဖြည့်တင်းထားသော နအဖတပ်များ ဆုတ်ခွါခြင်း မရှိသေးဘဲ ဖြန့်ကျက်နေရာယူထားကြောင်း စုံစမ်းသိရှိရပါသည်။
“အင်အား ၁၈၀၀ လောက် ရှိတယ်။ တပ်မဟာ ၁ ဌါနချုပ်ရဲ့ အရှေ့တောင်ဘက်၊ တောင်ဘက်နဲ့ အနောက်ဘက်တွေမှာ နေရာယူထားတယ်” ဟု မိုင်းရှုး ဒေသခံ တစ်ဦးက ပြောပါသည်။
သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်-ကျိုင်းတောင်း အခြေစိုက် ခမရ ၅၆၉ ၊ ၅၇၄ တို့က ရွေးကောက်ပွဲ မတိုင်မီ လုံခြုံရေး အကြောင်းပြကာ မိုင်းရှုးနှင့် မိုင်းနန်းဘက်သို့ သွားရောက်ဖြည့်တင်းခဲ့ခြင်း ဖြစ်သည်။
“နမ့်လောင်း အုပ်စုကနေ သံလွင်မြစ် တာ့ပိန်းဖိဆိပ်အဆင်း ကားလမ်း၊ တိဟုန်းအုပ်စုက တာ့ဝန်းနောင်းကူးတို့ဆိပ်အသွား ကားလမ်း၊ တိဟုန်းအုပ်စုကနေ မိုင်းရှုးအသွားကားလမ်း၊ တောင်ဟျိုးအုပ်စုအနား တ၀ိုက်နဲ့ တိဟုန်း အသွား လူသွားလမ်း လှည်းလမ်းတွေမှာ နအဖ တပ်ချပိတ်ဆို့စစ်ဆေးနေတယ်။ နေရာ အချို့ဖြန့်ကျက်စောင့်ဆိုင်းတယ်” ဟု ၎င်းက ဆက်ပြောပါသည်။
နိုဝင်ဘာ ၅ ရက်ကလဲ တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်နှင့်အတူ ကျောက်မဲ အခြေစိုက် စကခ ၁ နှင့် တပ်မ ၅၅ လက်အောက်ခံ တပ်ရင်း ခမရ ၅၀၅ (နမ့်လန်) နှင့် ခမရ ၁၁၄ (နောင်ချို) တို့ကလည်း လားရှိုးမှ တန့်ယန်းမိုင်းကောင်သို့ ရောက်သွားကြပြီး ယနေ့တိုင် တပ်ရုပ်ပြန်ခြင်း မရှိသေးကြောင်း ကျောက်မဲ ဒေသခံ တစ်ဦးက အခုလို ပြောပါသည်။
“တိုင်းချုပ် အောင်သန်းထွဋ်နဲ့အတူ တပ်ရင်းမှူးတွေ မိုင်းကောင်ဘက်သို့ ရောက်သွားကြတာ။ အခုထက်ထိဘဲ။ ရှေ့တန်းရင်းမှူးတွေ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေထဲ ကျေးရွာအုပ်စု ၃-၄ စုရဲ့ ဥက္ကဋ္ဌတွေကို သွားခေါ်တွေ့တယ်။ ထင်းတွေဝါးတွေဆင့် ဆိုတယ် ကြာကြာနေမယ့်ပုံဘဲ”
ယမန်နေ့ ရိက္ခာ အပြည့် တင်ဆယ်ဘီးကားတစီး မိုင်းကောင် ခလရ ၃၃ ထဲ ရောက်သွားကြောင်း နယ်လှည့်ပြည်သူ့ ဆက်ဆံရေး တပ်ဖျော်ဖြေရေး အဖွဲ့ကား ၄ စီးလည်း ရောက်သွားကြောင်း၊ မိုင်းကောင် ဘောလုံးကွင်း၌ ယမန်ညက အဆိုအက ဖျော်ဖြေပွဲ လုပ်ကြောင်း မိုင်းကောင် ဒေသခံ တစ်ဦးက ပြောပါသည်။
မိုင်းကောင်မြို့နယ်ခွဲ တောင်ဘက် ၇ မိုင်အကွာ တောင်ဟျိုးနှင့် နမ့်လောင်းကျေးရွာအုပ်စုအကြား လွယ်ဇောင့်တောင်ထိပ်ရှိ တပ်မဟာ ၁ တပ်စခန်းမှာ မူတပ်ရုပ် ဆုတ်ခွါခြင်း မရှိသေးကြောင်း သိရှိရသည်။