သျှမ်းပြည်အရှေ့ပိုင်း NDAA အထူးဒေသ ၄ တပ်မဟာ ၃၆၉ ထိန်းချုပ်နယ်မြေနှင့် မျက်နှာချင်းဆိုင် မိုင်းယန်းမြို့တွင် ဒေသခံ မျိုးချစ်ပုဂ္ဂိုလ်များ၏ အကူအညီ ...
သျှမ်းပြည်အရှေ့ပိုင်း NDAA အထူးဒေသ ၄ တပ်မဟာ ၃၆၉ ထိန်းချုပ်နယ်မြေနှင့် မျက်နှာချင်းဆိုင် မိုင်းယန်းမြို့တွင် ဒေသခံ မျိုးချစ်ပုဂ္ဂိုလ်များ၏ အကူအညီဖြင့် ၁၁ ရပ်ကွက်စလုံး ကျားဖြူပါတီ အနိုင်ရသည်ဟု ထိုင်းနယ်စပ် တာချီလိတ် သတင်းရပ်ကွက်က ဆိုပါသည်။
“ဒါတောင်မှ ကျားဖြူပါတီက နအဖ အာဏာပိုင်တွေကို တော်တော်လန့်နေပုံ ရတယ်။ ရပ်ကွက် အကြီးဆုံး ပေါက်ကတ် (ဈေးတန်း)မှာ မဲရေလို့ မပြီးသေးဘူး ပြန်သွားကြပြီ။ တဖက်ကလဲ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ် လုပ်တယ်လို့ နအဖက စွပ်စွဲမှာစိုးလို့လဲ ပါမှာပေါ့” ဟု တာချီလိတ်ရောက် မိုင်းယန်း ဒေသခံ တဦးက ပြောပြသည်။
မိုင်းယန်းမြို့နယ်၌ ကျားဖြူပါတီမှ အမျိုးသားလွှတ်တော် စိုင်းကံညွန့် (အနိုင်အရှုံး မသိရသေး)မှ လွှဲ၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းတစ် (၆၂ နှစ်)၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁ စိုင်းနွံ (၅၃ နှစ် )၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၂ စိုင်းဆိုင်ဝမ်း ( ၃၃ နှစ်)တို့ အနိုင်ရရှိနေပြီး မဲရလဒ် အသေးစိတ် စောင့်နေဆဲ ဖြစ်သည်။
၇ ရက်ကလည်း ရယက ဥက္ကဌ စိုင်းဝန်းနှင့် မဲရုံမှူးတို့ ပူးပေါင်း၍ ကျားဖြူပါတီ အဖွဲ့ဝင်များအား ဈေးတန်း ရပ်ကွက် မဲရုံမှ မောင်းထုတ်သည်ဟု သိရသည်။
မိုင်းယန်း၌ ကျားဖြူပါတီ အကြောက်လွန်မှုနှင့် ပါတ်သက်၍ ဒေသခံ အိမ်ရှင်မ တဦးကလည်း “စည်းရုံးရေး ဆင်းတုန်းကလဲ ဒေသခံ လူထုထဲကို ထဲထဲဝင်ဝင် မရောက်ဘူး။ ကျားဖြူပါတီက သျှမ်းပါတီ ဖြစ်နေလို့သာ နိုင်သွားတာ။ သူတို့က အကြောက် လွန်လွန်းအားကြီးတယ်” ဟု ဝေဖန်ပြောဆို၏။
ရွေးကောက်ပွဲ မတိုင်ခင်ကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များနှင့် မြို့နယ်ကော်မရှင်တို့ ပူးပေါင်း၍ မြို့တွင်း ကြိုတင်မဲ ကောက်ယူရာတွင် ရပ်ကွက် အကြီးအကဲများပင် အသိမပေးဘဲ တအိမ်တက်ဆင်း ကောက်ယူခဲ့သေးသည်ဟု အဆိုပါ အိမ်ရှင်မက ဆက်၍ ဆို၏။
မိုင်းယန်းမြို့တွင် ကျားဖြူပါတီနှင့် ကြံ့ခိုင်ရေးပါတီအပြင် တစညပါတီလည်း ၀င်ပြိုင်၏။ NDF အမျိုးသား ဒီမိုကရေစီတပ် ပေါင်းစု (ခမောက် ပါတီ) မှာမူ စည်းရုံးရေး ဆင်းစဉ်ကတည်းက မြို့နယ် အာဏာပိုင်များ၏ မောင်းထုတ်ခြင်း ခံရပြီး မဲလည်း မရခဲ့ကြောင်း မိုင်းယန်းမြို့ နအဖ အာဏာပိုင်များနှင့် ရင်းနှီးသူ တဦးက ပြောသည်။
ယနေ့ မနက် ၁၁ နာရီအထိ ကျားဖြူပါတီ လက်ရှိ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၀ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
အမျိုးသားလွှတ်တော် ၃ ဦး (ရှမ်းပြည် ၂ ဦး၊ ကချင်ပြည်နယ် ၁ ဦး)
ပြည်သူ့လွှတ်တော် ၁၉ ဦး (ရှမ်းပြည် ၁၈ ဦး၊ ကချင်ပြည်နယ် ၁ ဦး)
ပြည်နယ်လွှတ်တော် ၃၇ ဦး (ရှမ်းပြည် ၃၄ ဦး၊ ကချင်ပြည်နယ် ၃ ဦး)