သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီမှ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၉ ဦးအနက် အနည်းဆုံး ၆ ဦး အနိုင်ရရှိ ...
သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီမှ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၉ ဦးအနက် အနည်းဆုံး ၆ ဦး အနိုင်ရရှိကြောင်း စုံစမ်းသိရှိရပါသည်။
“ကွန်ဟိန်းမြို့နယ် ပြည်သူ့ လွှတ်တော်အဆင့် ယှဉ်ပြိုင်တဲ့ နန်းဝါနု အသက် ၃၂ နှစ်က ၈၂၅၅ မဲနဲ့ ပြိုင်ဖက် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း စိုင်းဖုန်းခေါင်ကို အပြတ်အသတ် အနိုင်ရတယ်” ဟု ကွန်ဟိန်းကျားဖြူ ပါတီ ကိုယ်စားလှယ်လောင်း တစ်ဦးက ပြောပါသည်။
ပြည်နယ်လွှတ်တော် အသီးသီး၌ ယှဉ်ပြိုင်ကြသည့် အမျိုးသမီးများမှာ မူဆယ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ အသက် ၆၂ နှစ် နန်းငွေငွေ၊ နမ္မတူမြို့နယ် အမှတ် (၂)မှ အသက် ၄၅ နှစ် နန်းခမ်းအေး၊ မိုင်းယောင်းမြို့နယ် အမှတ် (၂)မှ အသက် ၆၁ နှစ် နန်းမြမြလွင်၊ မိုင်းကိုင်မြို့နယ် အမှတ် (၂)မှ အသက် ၂၆ နှစ် နန်းခမ်းပိုင်းနဲ့ လဲချားမြို့နယ် အမှတ် (၁)မှ အသက် ၂၅ နှစ် နန်းအက်စ်ကီးမိုးတို့ အသီးသီး အနိုင်ကြောင်း ရန်ကုန် ကျားဖြူ ရုံးချုပ်က ပြောပါသည်။
“အမျိုးသားလွှတ်တော်အဆင့် ယှဉ်ပြိုင်တဲ့ နန်းငွေမြကတော့ မိုင်းယောင်းမြို့နယ်မှာ ၉၇၅၆ မဲနဲ့ အနိုင်ရထားတယ်။ တာချီလိတ်နဲ့ တခြားမြို့နယ်က ထပ်စောင့်ကြည့်ရအုံးမယ်” ဟု SNDP ရုံးချုပ်က ပြောပါသည်။
ကျားဖြူပါတီမှ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်းများအနက် အမျိုးသားလွှတ်တော် ၁ ဦး၊ ပြည်သူ့လွှတ်တော် ၁ ဦး၊ ပြည်နယ်လွှတ်တော် ၆ ဦးနှင့် ကချင်ပြည် သျှမ်းလူနည်းစု လွှတ်တော် ၁ ဦးတို့ ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။