ဗဟိုက တလွဲတချော် ချသည့် စီမံကိန်းများကြောင့် အဟန့်အတားဖြစ်နေသည့် မြန်မာ့စီးပွားရေး တခုလုံးခြုံကြည့်လျှင် အခြေအနေ မကောင်းလှသော်လည်း တိုးတက်မှု အရိပ်အယောင်များ ဆက်ပေါ်နေလိမ့်မည်...
ဗဟိုက တလွဲတချော် ချသည့် စီမံကိန်းများကြောင့် အဟန့်အတားဖြစ်နေသည့် မြန်မာ့စီးပွားရေး တခုလုံးခြုံကြည့်လျှင် အခြေအနေ မကောင်းလှသော်လည်း တိုးတက်မှု အရိပ်အယောင်များ ဆက်ပေါ်နေလိမ့်မည်ဟု လတ်တလောထုတ်ပြန်လိုက်သော အစီရင်ခံစာ တရပ်က ဆိုသည်။
စီးပွားရေးတိုးတက်မှုက မြန်မာပြည်သူလူထုထံ ရောက်မည်မဟုတ်သော်လည်း နိုင်ငံတော်က လွှမ်းမိုးထားသော စီးပွားရေး လုပ်ငန်း များတွင် အနည်းငယ် တိုးတက်လာမည် ခန့်မှန်းရကြောင်း အီကော်နော်မစ် မဂ္ဂဇင်းကြီး၏ စီးပွားရေး အချက်အလက်ဌာန (Economic Intelligence Unit- EIU) က ပြုစုသော ၂ဝ၁ဝ နိုဝင်ဘာလထုတ် အစီရင်ခံစာတွင် ရေးသားထားသည်။
`စွမ်းအင်နှင့် ရေနံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကြောင့် နောက် ၂ နှစ်အတွင်း မြန်မာ့စီးပွားရေး တိုးတက်လာမည်။ ဤကဏ္ဍများမှ လွဲ၍ ပြည်တွင်းစီးပွားရေး ဆက်လက် ချည့်နဲ့နေဦးမည်´ ဟု အစီရင်ခံစာက ဆိုထားသည်။ `အခွန်ရှောင် မှုများ လျှော့ချရန် ဆောင်ရွက် နေသော်လည်း တိုင်းပြည် အခွန်ရငွေ ဆက်လျော့နည်း နေဦးမည်။ စစ်အစိုးရကိုသာ အကျိုးရှိစေမည့် အလွန် ကြီးမားသော စီမံကိန်းကြီးများတွင်လည်း ငွေအမြောက်အမြား ဆက်သုံးနေဦးမည်။
နေပြည်တော် တည်ခြင်းကဲ့သို့ စီမံကိန်းများကြောင့် ၃ နှစ် နှင့် ၅ နှစ်သက်တမ်းရှိ အစိုးရငွေချေး စာချုပ်များ နှစ်ခုပေါင်း တန်ဘိုး ဇွန်လကုန်တွင် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁ ဘီလျံဘိုးအထိ ရှိလာသည်။ ၂ဝဝ၈ မတ်လကုန်က ရှိခဲ့သော ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၁၈ဝ မှ ဆတပိုး တိုးပွားလာခဲ့သည်။ ဤကွာခြားချက်သည် အီးအိုင်ယူ ၏ အကဲဖြတ်ချက်အရ မြန်မာအစိုးရ ဘတ်ဂျက်လိုငွေ အလွန်များပြားနေသည်ကို ပြနေသည် ဆိုသည်။
နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) များကို ထူးထူးခြားခြား အတည်ပြုပေးခဲ့ခြင်းက ရှေ့နှစ်များအတွင်း မြန်မာ့စီးပွားရေးကို အထောက်အကူပြု နေမည် ဖြစ်သည်။ ဤ ဘဏ္ဍာရေးနှစ် ပထမ ၃ လပတ်အတွင်း အမေရိကန် ဒေါ်လာ ၁ဝ.၅ ဘီလျံနီးပါး အတည်ပြု လက်ခံပေးခဲ့ပြီး ယခင် ၄ နှစ်ကာလစုစုပေါင်း တန်ဘိုး ၂.၂ ဘီလျံနှင့်ယှဉ်လျှင် အကြီးအကျယ် ခုန်တက်လာခဲ့သည်။ ထားဝယ် အထူး စီးပွားရေးဇုံ ဖွံ့ဖြိုးရေးအတွက် နေပြည်တော်နှင့် ထိုင်းကုမ္ပဏီတို့အကြား မကြာမီက သဘောတူခဲ့သော အမေရိကန်ဒေါ်လာ ၈ ဘီလျံတန် စီမံကိန်းသည် အထက်ပါ ၂ဝ၁ဝ-၁၁ ဘဏ္ဍာရေးနှစ် စာရင်းများတွင် မပါသေးပါ။
ဤ FDI များ တကယ် အပြည့်အဝရသည်က ရှားရှားပါးပါးသာ ရှိသည်ဆိုသည့် အချက်အပြင် တိုင်းပြည်၏ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကလည်း ဆက်မတိုးတော့ဘဲ တန့်နေပြီဖြစ်၍ ၂ဝ၁၃ ခုနှစ်အထိ နောက်ထပ် တိုးတက်တော့မည် မဟုတ်ဟု အီးအိုင်ယူ အစီရင်ခံစာက သတိပေးထားသည်။ ထိုကာလတွင်း ရေနံမြေသစ်များ ထပ်ပေါ်ထွန်းလာမှသာ တိုးတက်လာမည်ဖြစ်သည်။ ဝယ်လိုအား ကျဆင်းခြင်းနှင့် ပိတ်ဆို့ ဒဏ်ခတ်မှုများ ဆက်ရှိနေခြင်းကြောင့် ကျောက်မျက်ထုတ်လုပ်မှုလည်း ကျဆင်းလိမ့်မည် မှန်းရသည်။
သယံဇာတကိုအခြေခံသော စွမ်းအင်နှင့်ရေနံကဏ္ဍများနှင့်မတူဘဲ `အရေးကြီးသော သွင်းအားစုများနှင့် လယ်လုပ် ကိရိယာများ ရရှိရန်ခဲယဉ်းခြင်း၊ ရင်းနှီးမြှုပ်နှံမှုချို့တဲ့ခြင်း တို့ကြောင့် လယ်ယာကဏ္ဍ လျင်မြန်စွာ တိုးတက်လာရန် ဆက်ရုန်းရဦးမည်´ ဟုလည်း အီးအိုင်ယူ အစီရင်ခံစာက နိဂုံးချုပ်ထားသည်။ မြန်မာ့လူဦးရေ အများစုကြီးသည် ဝမ်းစာဖူလုံရုံ လယ်ယာလုပ်ငန်းဖြင့်သာ အသက်ဆက်နေကြရသည်။
`ထုတ်လုပ်မှု ကဏ္ဍတွင်လည်း ဆက်အကျပ်ဆိုက်နေဦးမည်။ လိုအပ်သော သွင်းအားစုများ ရရှိရေးတွင် အခက်အခဲများ ရှိနေခြင်း၊ ရင်းနှီးငွေမရှိခြင်း၊ ပြည်ပ ဝယ်လိုအား ကျဆင်းခြင်း စသည်တို့ကြောင့် ပို့ကုန်အသားပေး ထုတ်လုပ်မှု လုပ်ငန်းများတွင် ကြုံနေရသော ပြဿနာများကို ပိုဆိုးစေလိမ့်မည်´ ဟုလည်း ဆက်ရေးထားသည်။
စားသုံးသူများကို တိုက်ရိုက် အကျိုးသက်ရောက်စေမည့် အချက်များကို ဤသုတေသနအဖွဲ့ကြီးက တွက်ချက် ဖော်ပြရာတွင် ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်တွင် ငွေဖောင်းပွမှုနှုန်း ဆက်တိုးလာမည်ဖြစ်ပြီး ပျမ်းမျှ တနှစ်လျှင် ၁၂.၄% ရှိမည် ဖြစ်သည်။ ထိုအတောအတွင်း စားသုံးကုန်ဈေးနှုန်း ငွေကြေးဖောင်းပွမှုသည်လည်း ယခုနှစ် ဇွန်လတွင် ယမန်နှစ်ကထက် ၉.၃% အထိ တက်လာပြီး ဧပြီလက ၇.၉% သာရှိခဲ့သည်။ ဤ ကိန်းဂဏန်းကို ၂ဝဝ၉ တွင်ရှိခဲ့သည့် ပျှမ်းမျှ ၁.၅% နှင့်နှိုင်းယှဉ်ကြည့်နိုင်သည်။
စားသုံးသူများကို နောက်ထပ် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်မှာ အစားအသောက် ဈေးနှုန်းများ ဖြစ်သည်။ လေ့လာမှုအရ `၂ဝဝ၉ တွင် အစားအစာဈေးနှုန်း ကျုံ့ဝင်မှုများဖြစ်ခဲ့ပြီးနောက် ဇွန်လတွင် အရင်နှစ်ကနှင့် စာလျှင် ၈.၅% အထိပြန်တက်လာသည်။ မေလတွင် ၇.၃% ၊ ဧပြီလတွင် ၅.၈% သာရှိခဲ့ရာမှ ယခုလို ပြန်တက်လာခဲ့သည်။´
နိုင်ငံရေး ဝရုန်းသုန်းကား ဖြစ်လာလျှင် မြန်မာ့စီးပွားရေးနှင့် မြန်မာလူထုအတွက် ထပ်ဒုက္ခ ပေါ်လာလိမ့်မည်ဟုလည်း အီးအိုင်ယူ အစီရင်ခံစာက သတိပေးထားသည်။ အကြောင်းမှာ စစ်အစိုးရ၏ `ဒီမိုကရေစီလမ်းပြ မြေပုံ´ ဆိုသည်မှာ `မည်သည့် သမရိုးကျ စဉ်းစားနည်းဖြင့် စဉ်းစားသုံးသပ်သည် ဖြစ်စေ ဒီမိုကရေစီထက် စည်းကမ်းပြည့်ဝရေးကို ပိုမိုအလေးပေးထားခြင်း´ ဟု ယူဆရ သောကြောင့်ပင်။
သို့သော် နိုဝင်ဘာ ၇ ရက်တွင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲများ ပြီးပြီးချင်း ချက်ချင်းလို ဆူပူအုံကြွမှုများ ပေါ်ပေါက် လာလိမ့်မည်ဟုတော့ ဤ ဉာဏ်ကြီးရှင်အဖွဲ့က မျှော်လင့်မထားပါ။ မဲဆန္ဒရှင်များသည် စစ်တပ်လွှမ်းမိုးသည့် နိုင်ငံရေး ပုံစံသစ်ကို မတတ်သာဘဲ ကြိတ်မှိတ်လက်ခံရမည့် ပုံရှိသည်။