ကရင်နီပြည်တွင် ဖျက်သိမ်းခြင်းခံခဲ့ရသော မဲဆန္ဒနယ်များအား မဲရုံပြန်လည်ထူထောင်လိုပါက ဖြစ်ပေါ်လာမည့် လုံခြုံရေးတာဝန်ကို ဒေသခံမဲဆန္ဒရှင်များ အနေဖြင့် တာဝန်ယူရမည်ဖြစ်ကြောင်း ပြည်နယ်မဲကော်မရှင်က ဆိုသည်ဟု ဒေသခံများက ပြော.....
ကရင်နီပြည်တွင် ဖျက်သိမ်းခြင်းခံခဲ့ရသော မဲဆန္ဒနယ်များအား မဲရုံပြန်လည်ထူထောင်လိုပါက ဖြစ်ပေါ်လာမည့် လုံခြုံရေးတာဝန်ကို ဒေသခံမဲဆန္ဒရှင်များ အနေဖြင့် တာဝန်ယူရမည်ဖြစ်ကြောင်း ပြည်နယ်မဲကော်မရှင်က ဆိုသည်ဟု ဒေသခံများက ပြောသည်။
ဖျက်သိမ်းခံရသော မဲဆန္ဒနယ်မှ ရွာသူ၊ရွာသားတို့အနေဖြင့် နိုဝင်ဘာလ ၇ ရက်နေ့၌ ဆန္ဒမဲပေးလိုပါက မဲရုံမှူးနှင့် မဲရုံစောင့်ကြည့် သူများအဖြစ် တာဝန်ယူရမှာဖြစ်သလို မဲရုံများသို့ အကြမ်းဖက်မှုများနှင့် ဖေါက်ခွဲမှုများဖြစ်ပေါ်လာပါက လက်ရှိ အာဏာပိုင်များနှင့် မဲကော်မရှင်တို့မှ တာဝန်မယူနိုင်ကြောင်း ပြောသည်ဟု ဆိုသည်။
“ဖျက်သိမ်းထားတဲ့ နေရာတွေက သူတို့ တာဝန်မယူနိုင်ဘူးပေါ့။ တကယ်လို့ ရွာသားတွေအနေနဲ့ မဲရုံပြန်ထောင်ချင်တယ်ဆို ထောင်လို့ရတယ်။ ဒါပေမဲ့ လုံခြုံရေးအတွက် ကိုယ့်ဘာသာကို တာဝန်ယူခိုင်းတယ်” ဟု မဲရုံဖျက်သိမ်းခံရသော လွိုင်ကော်မြို့နယ် ကျေးရွာအုပ်စုတစုမှ ဒေသခံတဦးက ပြောသည်။
မဲပေးခွင့်မရသည့် ကျေးရွာများအနေဖြင့် နောက်တက်လာမည့်အစိုးရမှ မည်သည့် အခွင့်အရေးများမပေးဘဲ လျစ်လျှူရှုထားခြင်း ခံရမည်ကိုလည်း ရွာသားအချို့က စိုးရိမ်နေကြကြောင်း သိရသည်။
“ရွာသားတွေရဲ့ အခြေအနေက သူတို့ရွေးကောက်ပွဲမှာ မဲမထည့်ရဘူးဆိုရင် သူတို့ရပ်ရွာအတွက် တက်လာမယ့် အစိုးရတွေက ဘာအခွင့်အရေးမှ ရတော့မှာမဟုတ်ဘူး၊ သူပုန်ထောက်ခံတဲ့အဖွဲ့ဘဲ ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်” ဟု ဖရူဆိုမြို့နယ်မှ ဒေသခံတဦးက ပြောသည်။
ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲအား ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီမှ ကရင်နီပြည်တွင်းရှိ စစ်အစိုးရတပ်များအား လိုက်လံတိုက်ခိုက်မှုများရှိနေပြီး ရွေးကောက်ပွဲ မတိုင်မှီအတောအတွင်း တိုက်ပွဲအရှိန်အဟုန် တိုးမြင့်လျက် ရှိသည်။
“ကျနော် အနေနဲ့တော့ ရွေးကောက်ပွဲက လွတ်လပ်မှုမရှိဘူး၊ မျှတမှုမရှိဘူး၊ မကြိုက်ဘူးဆိုရင် ကန့်ကွက်ပိုင်ခွင့်တော့ ရှိကြမယ် ထင်တယ်။ ဒါပေမယ့် မကြိုက်လို့ အကြမ်းဖက်တာကြတော့ မလုပ်သင့်လို့ထင်တယ်။ နိုင်ငံရေးကို နိုင်ငံရေးနဲ့ ဖြေရှင်းဖို့လိုတယ်။ လက်နက်ကိုင်ဆိုရင်လည်း လက်နက်ကိုင်အချင်းချင်းပဲ ရင်ဆိုင်ကြဖို့လိုတယ်။ ပြည်သူတွေက မြေဇာပင် မဖြစ်သင့်ဘူး” ဟု ရှားတောမြို့နယ် ကျေးရွာအုပ်စုတစုမှ ရွာသူကြီးတဦးက ပြောသည်။
ယခု နိုဝင်ဘာလ ၂ရက်နေ့က ဖျက်သိမ်းခံရသော မဲဆန္ဒနယ်နှင့် ကျေးရွာအုပ်စုတို့မှာ လွိုင်ကော်မြို့နယ်မှ တီးလုံ၊ ထီးစဲခါး၊ လွယ်လင်လေး ကျေးရွာ အုပ်စုနှင့် ဒီးမော့ဆိုမြို့နယ်မှ ဒေါတမကြီး၊ နန်းမယ်ခုံ၊ လွယ်နန်း ဖား၊ လိုဘာခို ကျေးရွာအုပ်စုတို့ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ ကေကောကျေးရွာ အုပ်စု၊ သိုသီဖိုကျေးရွာအုပ်စု၊ ရောဒေါ်ခေါကျေးရွာအုပ်စု၊ ဒိုမိုစော ကျေးရွာအုပ်စုနှင့် ဖာဆောင်းမြို့နယ်အတွင်းရှိ ကရယ်ခီးကျေးရွာအုပ်စု၊ မိုဆာခီးကျေးရွာအုပ်စု၊ ကွာခီးကျေးရွာအုပ်စု၊ ကော်သူဒိုးကျေးရွာအုပ်စု၊ ဘဟန်းလော ကျေးရွာအုပ်စုများကို ဖျက်သိမ်းခဲ့ပြီး ဖြစ်သည်။