လာမည့် ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီသည် ပြိုင်ဘက်မရှိ အနိုင်ရမည်ဟုပြော

လာမည့် ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီသည် ပြိုင်ဘက်မရှိ အနိုင်ရမည်ဟုပြော
by -
စိုးစိုး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေနှင့် လာမည့် ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီသည် ပြိုင်ဘက်မရှိ အနိုင်ရမည်ဟု မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းရှိ ဟံဂံကျေးရွာတွင် စည်းရုံးရေးရာ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဒေါက်တာ မင်းကျော်စွာထွန်းက အောက်တိုဘာလကုန်တွင် ပြောဆိုစည်းရုံးခဲ့....

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေနှင့် လာမည့် ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီသည် ပြိုင်ဘက်မရှိ အနိုင်ရမည်ဟု မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းရှိ ဟံဂံကျေးရွာတွင် စည်းရုံးရေးရာ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဒေါက်တာ မင်းကျော်စွာထွန်းက အောက်တိုဘာလကုန်တွင် ပြောဆိုစည်းရုံးခဲ့ကြောင်း ဒေသခံတစ်ဦးမှ ပြောပါသည်။

ရေးမြို့နယ် ကြံ့ဖွံ့ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလောင်း ဒေါက်တာ မင်းကျော်စွာထွန်း အနေနှင့် အဆိုပါ စည်းရုံးရေးခရီးဆင်းရာ၌ “ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟာဗမာအဖွဲ့ မဟုတ်ပါဘူး။

တိုင်းရင်းသား ပေါင်းစုံပါဝင်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တယ်။ အခုလဲ ရပ်ရွာအေးချမ်းသာယာဖို့အတွက် စည်းရုံးရခြင်း ဖြစ်တယ်။ တကယ်လို့ ကျွန်တော်တို့ ပါတီအနိုင်ရလို့ရှိရင် ရွာသားတို့ အနေနှင့် တောင်းဆိုကြပါ ကျွန်တော်တို့ အဖွဲ့အစည်းက လိုက်လံဖြည့်ဆည်း ပေးမယ်” ဟု ပြောဆိုစည်းရုံးခဲ့သည်။

ဟံဂံကျေးရွာသည် အိမ်ခြေ (၁၅၀၀) ကျော်ရှိသော်လည်း ကြံ့ဖွံ့ပါတီစည်းရုံးရေး ဟောပြောပွဲတွင် လူဦးရေ (၅၀) ခန့်နှင့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီဝင် တစ်ချို့နှင့် ကျေးရွာလူကြီးများသာ တက်ရောက်ကြောင်း ဒေသခံများမှ ပြောပါသည်။

အဆိုပါ ရေးတောင်ပိုင်းဒေသသည် မွန်လူမျိုး အများစု နေထိုင်လျက်ရှိပြီး လာမည့် ရွေးကောက်ပွဲတွင်လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ အဖွဲ့အစည်းကိုသာ မဲပေးလိုကြကြောင်း သိရသည်။

“ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့မှာ မွန်အဖွဲ့အစည်း ရှိနေတယ်။ ကောင်းသည်ဖြစ်စေ။ ဆိုးသည်ဖြစ်စေ ကိုယ့်မွန်လူမျိုးရဲ့ အဖွဲ့အစည်းကိုပဲ မဲပေးချင်တယ်” ဟု ရွာသားတစ်ဦးမှ ပြောသည်။

ရေးမြို့နယ်တွင် ပါဝင်ယှဉ်ပြိုင်မည့် ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းများကမူ ပြည်သူ့လွှတ်တော်အဖြစ် ဒေါတ်တာ မင်းကျော်စွာထွန်း၊ အမျိုးသားလွှတ်တော်အဖြစ် ဦးထွန်းမြင့် (ရွှေတောင်ကြား) ပြည်နယ်လွှတ်တော်အဖြစ် ဦးဖေအောင်နှင့် ဦးမောင်မြင့်တို့က ပါဝင် ယှဉ်ပြိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် အပတ်တွင်မူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်မည့် ဦးထွန်းမြင့်သည် ရေးမြို့နယ်တောင်ပိုင်း အစင်ကျေးရွာ၌ စည်းရုံးရေး ဆင်းရာတွင် ရွာသားများမှ  သူ၏ ကားကို ၀ိုင်းရိုက်နှက်ခဲ့ကြောင်း ရေးမြို့ ကြံ့ဖွံ့ပါတီဝင် တစ်ဦးက ဆိုသည်။

 

 

 

 

Most read this week