သျှမ်းပြည်အလယ်ပိုင်းမြို့နယ်အချို့ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေး အရာမထင်သည့်အပြင် ခြံဝင်း၊ နံရံ၊ ဓါတ်တိုင်၊ သစ်ပင်များ၌ လိုက်လံကပ်သော စည်းရုံးရေး စာစောင်များပင်လျှင် ဒေသခံများ၏ ဖျက်ဆီးမှု ခံရ....
သျှမ်းပြည်အလယ်ပိုင်းမြို့နယ်အချို့ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေး အရာမထင်သည့်အပြင် ခြံဝင်း၊ နံရံ၊ ဓါတ်တိုင်၊ သစ်ပင်များ၌ လိုက်လံကပ်သော စည်းရုံးရေး စာစောင်များပင်လျှင် ဒေသခံများ၏ ဖျက်ဆီးမှု ခံရကြောင်း နယ်စပ်သတင်းရပ်ကွက်က ဆိုပါသည်။
“ခြင်္သေ့တံဆိပ်နဲ့ မဲခြစ်တဲ့အကွက် ပါတဲ့ မဲဆွယ်စာစောင်တွေပေါ့။ ရပ်ကွက်သားတွေ လိုက်ဖျက် လိုက်ဖြဲ ဒုတ်နဲ့ ထိုးပစ်တယ်။ သစ်ပင် အမြင့်ပိုင်း တက်ကပ်တာတောင် သစ်ပင်ကိုပါ အရင်းကနေ ခုတ်ပစ်ကြတာ” ဟု တာချီလိတ်ရောက် မိုင်းကိုင် ဒေသခံ တဦးက ပြောသည်။
ယခုလ ၁၅ ရက် မိုင်းကိုင်မြို့ ရပ်ကွက်တိုင်း၌ ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စာစောင်အချို့ လိုက်လံ ဖျက်ဆီးကြခြင်း ဖြစ်သည်။ နောက်ပိုင်း ကျားဖြူပါတီ ကပ်သည့် မဲဆွယ်စာစောင်များကိုမူ ဖျက်ဆီးခြင်း မပြုကြဟုလည်း အဆိုပါ ဒေသခံက ပြော၏။
အောက်တိုဘာ ၁၈ ရက် မိုင်းရှူးမြို့ ကျေးလက်ပိုင်း ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေး ဆင်းရာတွင်လည်း တိုက်နယ်ဥက္ကဌနှင့် ရွာသူကြီး များက တာဝန်မယူနိုင်ကြောင်း ပြောသဖြင့် ခရီးမအောင်မြင်ခဲ့ကြောင်း မိုင်းရှူး ဒေသခံတို့ ပြောပြသည်။
“ဟိုင်းပါ အုပ်စုဘက် စည်းရုံးရေး ဆင်းဖို့ လုံခြုံမှု ရှိမရှိ အုပ်စု ဥက္ကဌကို ဆက်သွယ်တော့ ဟိုကလဲ အာမမခံဘူးလို့ ပြန်ဖြေတယ်။ ပြည်ခိုင်ဖြိုးလဲ မသွားရဲဘူး။ ၂၀ ရက်နေ့ ကျတော့ ဟိုင်းပါဘက်ကိုဘဲ ကျားဖြူပါတီ ရောက်သွားတယ်။ ဘာမှမဖြစ်ဘဲ စည်းရုံးရေးခရီး အောင်မြင်ခဲ့တယ်။ နောက် ၂၃ ရက် ရောက်တော့ မိုးရှူး မယက ဥက္ကဌ စိုင်းစံဝင်းက ဟိုင်းပါအုပ်စု ဥက္ကဌကို ခေါ်ဆူပါလေရော” ဟု ရှင်းပြသည်။
တိုက်နယ်သားများကမူ ကြံ့ဖွံ့ပါတီဘက် ရပ်တည်သည့် စိုင်းစံဝင်း၏ ဘက်လိုက်မှုအပေါ် မကျေမနပ် ဖြစ်ကြကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၃-၂၄ ရက်နေ့ကလည်း လွယ်လင်မြို့နယ်၊ မိုင်းပွန်မြို့နယ်ဘက် ကျားဖြူပါတီ စည်းရုံးရေး ဆင်းရာ ကျေနပ်အားရမှု ရှိကြောင်း အဖွဲ့ဝင် တဦးက ပြော၏။ လွယ်လင်မြို့ အရှေ့ဘက် လွယ်မုံ့ မိန်းအုပ်စုက ပအိုဝ်းရွာ ၄-၅ ရွာပင်လျှင် ကျားဖြူပါတီအား စောင့်မျှော်လျှက်ရှိသည်ဟု ဆို၏။ ပအိုဝ်းဒေသခံများမှာ ကြံ့ဖွံ့ပါတီအတွက်ပါ မဲဆွယ်စည်းရုံးပေးသော ဦးအောင်ခမ်းထီ၏ PNO ပအိုဝ်းပါတီကို မထောက်ခံလိုကြဟု လွယ်လင်မြို့ခံ ပအိုဝ်းလူငယ် တဦးက ပြောသည်။
လွယ်လင် မိုင်းပွန်ဘက်တွင်မူ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးပါတီ (တစည) လှုပ်ရှားမှု အားမကောင်းလှဟုလည်း ၎င်းက ပြော၏။ ထူးခြားချက်မှာ ပင်လုံမြို့နယ်အတွင်း စည်းရုံးသူ တဦးတည်းသော တစည EC အဖွဲ့ဝင် ဦးစိုင်းလုံ ( ၅၂ နှစ်) ဆိုသူက “ပင်လုံ လွယ်လင်မှာ ဘယ်ပါတီနိုင်နိုင် အဓိကကတော့ ကြံ့ဖွံ့ပါတီ မနိုင်ဖို့ဘဲ” ဟု အတည့်အလင်း ပြောဆိုသည့်အပြင် ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီကို အထူးတိုက်ခိုက်ပြောဆိုရဲသူအဖြစ် အဆိုပါ ပအိုဝ်းလူငယ်က ပြောပြသည်။