သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် သိန္နီမြို့ မဲရုံ ဆောက်လုပ်ရေးအတွက် မယကရုံးက တစ်အိမ်ကျပ် သုံးထောင် ဆင့်ဆိုကောက်ခံနေကြောင်း စုံစမ်းသိရှိ ...
သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် သိန္နီမြို့ မဲရုံ ဆောက်လုပ်ရေးအတွက် မယကရုံးက တစ်အိမ်ကျပ် သုံးထောင် ဆင့်ဆိုကောက်ခံနေကြောင်း စုံစမ်းသိရှိရပါသည်။
“မဲရုံ ဆောက်ဖို့ တစ်အိမ်ကျပ် ၃ဝဝဝ မယကရုံးက တောင်းလာတာ၊ ဒီနေ့ထိ ပိုက်ဆံ ကောက်နေတုန်းဘဲ။ သိန္နီမှာ လေးရပ်ကွက် ရှိတယ်လေ။ မိုင်းပါး ကျေးရွာအုပ်စု၊ နောင်ကော် ကျေးရွာအုပ်စုဘက်အထိ ကောက်တယ်ဆိုဘဲ” ဟု အသက် ၃ဝ နှစ်ရှိ သိန္နီကုန်သည် တစ်ဦးက ပြောပါသည်။
သိန္နီမြို့နယ် ပန်လော့ကျေးရွာအုပ်စုသို့ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးဆင်းစဉ် ပါတီအကြီးအကဲများအား ဧည့်ခံကျွေးမွေးခဲ့သော ကုန်ကျစရိတ်အတွက်လည်း ကျေးရွာအုပ်စုဥက္ကဋ္ဌ စိုင်းလှက ရွာသူရွာသားများထံမှ ငွေပြန်ကောက်ခံနေသည်ဟု ဆို၏။
“စည်းရုံးရေး ဆင်းတဲ့ စိုင်းခွန်ဆေ ဦးဆောင်တဲ့ ကြံ့ဖွံ့ပါတီ အကြီးအကဲ ၁၄ ယောက်ကို သီတင်းကျွတ်ပွဲအတွက် အလှူခံထားတဲ့ ငွေတွေနဲ့ ကျွေးမွေးခဲ့တာလေ။ အခု အဲဒီကုန်ကျစရိတ်တွေအတွက် တစ်အိမ် ကျပ်သုံးထောင် ပြန်ကောက်တယ်။ မတတ်နိုင်သေးတဲ့ အိမ်တွေတော့ မထည့်သေးဘူး” ဟု သိန္နီရောက် ပန်လော့ရွာသား တစ်ဦးက ပြောပါသည်။
နအဖက ထောက်ပံ့သော ကျပ်သိန်း ၁ဝဝ သုံးမလောက်သဖြင့် ပန်လော့ကျေးရွာသို့ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေး ဆင်းစဉ် ရွာသူရွာသားများထံ အကူအညီတောင်းခံရခြင်း ဖြစ်သည်ဟု ပြောကြောင်း ၎င်းက ဆက်လက်ပြောသည်။
ပန်လော့ကျေးရွာသည် သိန္နီမြို့ အရှေ့ဘက် ၂ မိုင်ကျော် အကွာတွင် တည်ရှိပြီး အိမ်ခြေ ၁ဝဝ ကျော် ရှိသည်။