မဲဆွယ်စည်းရုံးရန်အတွက် ကြံ့ဖွံ့ပါတီမှ ကော့သောင်းတွင် ယာယီမှတ်ပုံတင် ပြုလုပ်ပေးနေ

မဲဆွယ်စည်းရုံးရန်အတွက် ကြံ့ဖွံ့ပါတီမှ ကော့သောင်းတွင် ယာယီမှတ်ပုံတင် ပြုလုပ်ပေးနေ
by -
ဆူးပန်း

မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းမြို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှ မဲဆွယ်စည်းရုံးရေး ဆင်းရာတွင် အဖြူရောင် ယာယီနိုင်ငံသား စီစစ်ရေးကဒ်ပြားများ လုပ်ဆောင် ပေးနေ.....

မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းမြို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှ မဲဆွယ်စည်းရုံးရေး ဆင်းရာတွင် အဖြူရောင် ယာယီနိုင်ငံသား စီစစ်ရေးကဒ်ပြားများ လုပ်ဆောင် ပေးနေသည်ဟု ဒေသခံများမှ ပြောပါသည်။

ကော့သောင်းမြို့တွင် အဓိကအားဖြင့် ရေလုပ်ငန်း ထွန်းကားသည့် ဒေသ ဖြစ်သည့်အတွက် အနယ်နယ် အရပ်ရပ်က လာပြီး အလုပ်လုပ်နေသော ရေလုပ်သားများကိုလည်း ယာယီ နိုင်ငံသား စီစစ်ရေးကဒ်ပြား လုပ်ဆောင်ပေးပြီး ကြံ့ဖွံ့ပါတီကို မဲပေးရန်အတွက် စည်းရုံးမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောပါသည်။

ဤသို့ ယာယီနိုင်ငံသား စီစစ်ရေးကဒ်တွေ ပြုလုပ်ပေးနေခြင်းနှင့် ပက်သက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးကို ဆက်သွယ်မေးမြန်းရာ၌ ယခုလို ပြောပြခဲ့ပါသည်။

“အခု နိုင်ငံသား စီစစ်ရေး ကဒ်ပြား ဆိုတာက အခု ကျွန်တော် သူတို့ကို ပြောထားတယ်။ တရားဝင်ကဒ် မဟုတ်ဘူးပေါ့နော်။ မဲဆန္ဒအတွက်ပေါ့နော်။ ရပ်ကွက်ထဲမှာပေါ့ဗျာ။ မှတ်ပုံတင် မရှိတဲ့ လူတွေကို ဒီဥစ္စာ ထုတ်ပေးတယ်။ ဒီမှတ်ပုံတင် ထုတ်ပေးတဲ့အတွက် သူတို့က ဘယ် ပါတီကိုဘဲ မဲထည့်မဲထည့်ပေါ့ဗျာနော။ ယာယီသက်သေခံ ကဒ်ပြားလို့ ရေးထားတယ်။ အဲတာ အဖြူ။ တရားဝင် မှတ်ပုံတင်တော့ မဟုတ်ဘူး။”

အဆိုပါ ယာယီမှတ်ပုံတင်ကဒ်ပြားလုပ်သူ တစ်ယောက်ကို ဘတ်ငွေ (၅ဝဝ) ကျသင့်ကြောင်း ပြောပါသည်။  ဤကဲ့သို့ ယာယီနိုင်ငံသားစီစစ်ရေးကဒ်ပြား လုပ်ပေးတဲ့အပေါ် ပြည်သူ လူထုတွေ အနေနဲ့ စိတ်ဝင်စားမှု မရှိကြောင်း ကော့သောင်းမြို့ ပညာရေး ဝန်ထမ်းတစ်ဦးက ယခုလို ပြောပါသည်။

“ပြည်သူတွေကတော့ဗျာ ဘယ်လိုပြောမလဲ။ တချို့က မလုပ်တဲ့ လူလဲ ရှိတယ်။ ရပ်ဝေးက လာအလုပ် လုပ်တဲ့ သူတွေကတော့ သွားရေးလာရေး လွယ်ကူမယ် အစစ်အဆေး မရှိဘူး ပြောလို့ လုပ်တဲ့ လူလဲ ရှိတယ်။ ဒီကဒ်ပြားက တရားဝင်ကဒ် မဟုတ်တော့ စိတ်ဝင်စားမှု သိပ်မရှိကြဘူး။ နိုင်ငံသားစီစစ်ရေးကဒ် အစစ်ဆိုရင် တမျိုးပေါ့။”

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီသည် မဲဆွယ်စည်းရုံးရေးအတွက် ယာယီနိုင်ငံသား စီစစ်ရေးကဒ် ပြုလုပ်ပေးခြင်းအပြင် ပျက်စီးနေသော လမ်းများကိုလဲ ရွေးကောက်ပွဲ မတိုင်ခင် ပြင်ဆင်ပေးနေခြင်းဖြင့် ပြည်သူများ၏ ထောက်ခံမှု ရရှိအောင် လုပ်ဆောင်နေကြောင်း အဆိုပါ ပညာရေးဝန်ထမ်းမှ ပြောပါသည်။

ကော့သောင်းမြို့မှာဆိုရင် ကြံ့ဖွံ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဒေါက်တာ ဝင်းအောင်နှင့် ဦးမြင့်မောင်တို့ အပါအဝင် (၄) ဦး ပါဝင်ယှဉ်ပြိုင်အရွေးခံသွားမည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးမှ ပြောပါသည်။

ပြီးခဲ့တဲ့ (၂ဝဝ၈) ခုနှစ်က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုဖို့ မဲဆန္ဒ ခံယူပွဲ တွင်လည်း စစ်အစိုးရမှ မွန်ပြည်နယ် ကရင်ပြည်နယ် အပါအဝင် တခြားဒေသများတွင် ယခုလို ယာယီနိုင်ငံသားစီစစ်ရေးကဒ်တွေ ထုတ်ဝေခဲ့သေးသည်။

သို့သော် မဲဆန္ဒခံယူပွဲ ပြီးဆုံးသွားပြီးနောက် ထိုကဒ်ပြားကိုင်ဆောင်သူများ အနေနှင့် ခရီး သွားလာခွင့်အတွက်သော်၎င်း နိုင်ငံသားစီစစ်ရေးကဒ်ပြားအဖြစ် လုံးဝအသိအမှတ် မပြုတဲ့ အတွက် စစ်အုပ်စုမှ ထုတ်ဝေသည့် တစ်ပွဲတိုး မှတ်ပုံတင်ဟု အမည်ထွက်ပေါ်နေပါသည်။

 

Most read this week