ဘုရားသုံးဆူနယ်စပ်မှ ပြန်လည်ထွက်ခွာသွားသော မြန်မာစစ်ကြောင်းများ KNU တပ်မဟာ (၆) မှ နှစ်ကြိမ် ပြောက်ကျားပစ်ခတ် ခံရသဖြင့် ကျဆုံးဒဏ်ရာ ရရှိ....
ဘုရားသုံးဆူနယ်စပ်မှ ပြန်လည်ထွက်ခွာသွားသော မြန်မာစစ်ကြောင်းများ KNU တပ်မဟာ (၆) မှ နှစ်ကြိမ် ပြောက်ကျားပစ်ခတ် ခံရသဖြင့် ကျဆုံးဒဏ်ရာ ရရှိမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
တပ်မဟာ (၆) ပြောခွင့်ရ ဗဒိုစောထဲနေက “(၇) ရက်နေ့မှာ တစ်ခါ၊ (၉) ရက်နေ့မှာတစ်ခါ ဖြစ်ပေါ်ခဲ့တယ်လို့ ကျနော့်ဆီ သတင်း ဝင်လာတယ်” ဟု ပြောသည်။
ယခုလ (၇) ရက်နေ့၌ ခုံခန်းရွာနှင့် တောင်စွန်းရွာအကြား တာစူးရွာအနီးလယ်ကွင်းကို ဖြတ်ကျော်နေစဉ် KNU မှ စောင့်ဆိုင်းပစ်ခတ် ခဲ့ရာတွင် ခလရ (၃၂) မှ (၃) ဦးသေ၊ တစ်ယောက်ဒဏ်ရာရခဲ့သည်ဟု ဗဒိုစောထဲနေက ပြောသည်။
ထို့အပြင် ၎င်းတိုက်ပွဲ၌ လမ်းပြအဖြစ် ခေါ်ဆောင်ခြင်းခံရသူ တောင်စွန်းရွာသား ကရင်အမျိုးသား စောမောင်လတ် အသက် (၄၀) ခန့်သည် ခါးလည်၌ သေနတ်ထိရှဒဏ်ရာရရှိသည်ဟုလည်း KNU က ပြောသည်။
တဖန် နောက်နှစ်ရက်အကြာ ယခုလ (၉) ရက်နေ့တွင်လည်း အနန်းကွင်း-ရဲတံခွန်အကြား ရဲဖောရွာအနီးက တစ်တောင်ကြား၌ အဆိုပါ မြန်မာစစ်ကြောင်းအား ထပ်မံပစ်ခတ်စဉ် (၃) ဦး ဒဏ်ရာရရှိသည်ဟုလည်း KNU မှ ဆက်ပြောပါသည်။
ခလရ (၃၂) တပ်ရင်းအပြန်ခရီးစဉ်၌ အဆိုပါ ဒေသ၌ လှုပ်ရှားနေသော ခမရ (၄၀၁) စစ်ကြောင်း (၂) လည်း စစ်ကူပါဝင်ခဲ့သည်ဟု သိရသည်။
သို့ရာတွင် အဆိုပါ တိုက်ပွဲများအတွင်း KNU မှ လုံးဝအထိအခိုက် မရှိဟု KNU က ပြောသည်။
တာဝန်ပြီးဆုံးသဖြင့် ယခုလ (၃) ရက်နေ့တွင် ခလရ (၃၂) တပ်ရင်းတစ်ရင်းလုံး ဗျူဟာမှူးနှင့်အတူ ဘုရားသုံးဆူမှ ထွက်ခွာလာရာ ပေါ်တာဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်ကို ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်။
ထိုသို့ အရပ်သား (၅) ကို ပေါ်တာ ဖမ်းဆီးခဲ့ပြီး (၂) ရက်ခန့်အကြာ မြိုင်သာယာရွာ အရောက်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု မွန်ပြည်သစ် ပါတီ အရာရှိ တစ်ဦးထံမှ သတင်းကြားသိခဲ့ရသည်။
ဘုရားသုံးဆူ-အနန်းကွင်း-သံဖြူဇရပ်ကားလမ်းသည် မြစ်ချောင်းပေါများသဖြင့် မိုးတွင်းကာလများတွင် မော်တော်ယာဉ်များ သွားလာ၍ မရနိုင်ပေ။
အဆိုပါ ကားလမ်းမကြီးကို KNU တပ်မဟာ(၆) မှ ထိန်းချုပ်ထားသဖြင့် မိုးလွန်ကာလများ၌ KNU ခွင့်ပြုမှသာ မော်တော်ယာဉ်များ ခရီးစတင်သွားလာနိုင်သည်။
မြန်မာစစ်ကြောင်းများ ဘုရားသုံးဆူမြို့သို့ စစ်ကြောင်းများ ချီတက်လာတိုင်း KNU မှ ပြောက်ကျားစောင့်ပြီး ပစ်ခတ်လေ့ရှိသည်။