ကျားဖြူ စည်းရုံးရေးကြောင့် ပင်လုံဒေသခံအချို့ စစ်ဆေးခံရ

ကျားဖြူ စည်းရုံးရေးကြောင့် ပင်လုံဒေသခံအချို့ စစ်ဆေးခံရ

သျှမ်းသံတော်ဆင့် သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့အတွင်း ကျားဖြူပါတီ စည်းရုံးရေးဆင်းစဉ် ဒေသခံအချို့ စရဖများ၏ စစ်ဆေး မေးမြန်းခြင်း ခံရ.....

သျှမ်းသံတော်ဆင့် သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့အတွင်း ကျားဖြူပါတီ စည်းရုံးရေးဆင်းစဉ် ဒေသခံအချို့ စရဖများ၏ စစ်ဆေး မေးမြန်းခြင်း ခံရကြောင်း စုံစမ်းသိရှိရသည်။

Pangloong-Statue“အောက်တိုဘာ ၃ ရက်က ရပ်ကွက် ၂ မှာ ကျားဖြူပါတီ စည်းရုံးဟောပြောတယ်။ ၄ ရက်နေ့ မွန်းလွဲပိုင်းရောက်တော့ စရဖတွေက လူစုလူဝေး လက်ခံတဲ့ အိမ်ရှင်ကို သွားစစ်ဆေးတာ။ မျိုးရိုး၊ မိဘအမည်၊ ဘ၀ဇာတ်ကြောင်း အစုံအစေ့ဘဲတဲ့။ အဲ့ဒါကြောင့် လူအချို့ လန့်နေကြတယ်” သွားရောက်နားထောင်သည့် ခေတ် ပညာတတ် လူငယ်တဦးက ပြော၏။

အဆိုပါ စရဖ သွားရောက်စစ်ဆေးသည်မှာ ကျားဖြူပါတီ ငှားထားသည့် အသက် ၅၀ ကျော်ကိုအုန်းခိုင်နှင့် ကိုဖေမြင့် တောင်ရိုး အမျိုးသား ၂ အိမ် အပါအ၀င် အခြား သျှမ်း ၁ အိမ် ဖြစ်သည်။

“ကျားဖြူ အီးစီတွေက ရွေးကောက်ပွဲ ဥပဒေအတိုင်း ကြိုတင် အကြောင်းကြား တာဘဲ။ ဘာကြောင့် ခုလို လိုက်စစ်ဆေးနေတာလဲ။ နောက်တခါ အဲလိုထပ်လုပ်တာ တွေ့ရင် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားရလိမ့်မယ်လို့ စရဖကို တိုင်တော့ သူတို့က အထက် အမိန့်အရ မေးမြန်းရတာပါ။ နောက်တခါ မဖြစ်စေရပါဘူးလို့ ပြန်ပြောတယ်” ဟု အဆိုပါ လူငယ်က ဆက်ပြော၏။

အိမ် ၃ အိမ်အား သွားရောက်စစ်ဆေးမေးမြန်းခဲ့သော စရဖအရာရှိအား ကျားဖြူပါတီက စုံစမ်းလျက်ရှိကြောင်း သျှမ်းပြည် အရှေ့ပိုင်းရောက် ကျားဖြူပါတီ စည်းရုံးရေးမှူး တဦးကလည်း ပြောပြသည်။

“ကျနော်တို့က စက်တင်ဘာလ ၂၅ ရက်ကတည်းက  ပင်လုံဖက်မှာ စည်းရုံးရေး စဆင်းလာတာ၊ နေ့လည်ပိုင်းဆိုရင် ကျေးလက်တွေမှာ၊ ညပိုင်းဆိုရင် မြို့ပေါ် ရပ်ကွက်တွေမှာ စည်းရုံးဟောပြောတယ်။  ရွေးကောက်ပွဲမှာ မိမိအခွင့်အရေး ရဲဝံ့စွာ အပြည့်အ၀ သုံးတတ်ဖို့နဲ့ ဖွဲ့စည်းပုံ ဥပဒေ အကြောင်းတွေပါဘဲ” ဟု ၎င်းက ပြော၏။

ထူးခြားသည်မှာ အောက်တိုဘာ ၁ ရက်က ကွယ်လွန်ခဲ့သော ပင်လုံမြို့နယ် ကျားဖြူပါတီ၏ နာယက စိုင်းသိန်းဦး (အသက် ၅၉ နှစ်) မကွယ်လွန်မီ ၂ ရက် ၃ ရက်အလို “ကျနော်တော့ ရွေးကောက်ပွဲကို မမီတော့ဘူး။ ခင်ဗျားတို့ အားလုံး ကျားဖြူပါတီအတွက် မဲထဲ့ ပေးကြပါ”  ဟူသော မိမိဆွေမျိုးသားချင်းနှင့် အိမ်နီးနားချင်းများအပေါ် အမှာစကားမှာ ကျားဖြူပါတီဝင်များအတွက် စိတ်ဓါတ် ခွန်အား ဖြစ်စေကြောင်း၊ ထို့ကြောင့် လက်ရှိ အခြေအနေအရ ပင်လုံမြို့တွင် ကျားဖြူပါတီကို ကြံ့ဖွံ့ပါတီ က အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိကြောင်း ကျားဖြူပါတီကို ထောက်ခံသည့် ပင်လုံဒေသခံ တဦးက ပြောပြသည်။