တကယ်တော့ ဦးဇင်းက ကျမတို့ မိတ္ထီလာ စက်မှုဇုံကို ၂ဝဝ၇ အောက်တိုဘာ ၁ဝ ရက် မနက် (၂)နာရီလောက် ကထဲက ရောက်ပြီးခဲ့ပါပြီ။ လုံခြုံရေးသတိကြောင့် အိမ်ကို တိုက်ရိုက် မဝင်ပဲ စက်မှုဇုံထဲက မိတ်ဆွေတဦး ...
တကယ်တော့ ဦးဇင်းက ကျမတို့ မိတ္ထီလာ စက်မှုဇုံကို ၂ဝဝ၇ အောက်တိုဘာ ၁ဝ ရက် မနက် (၂)နာရီလောက် ကထဲက ရောက်ပြီးခဲ့ပါပြီ။ လုံခြုံရေးသတိကြောင့် အိမ်ကို တိုက်ရိုက် မဝင်ပဲ စက်မှုဇုံထဲက မိတ်ဆွေတဦး အကူအညီနဲ့ ကျမတို့ဆီကို ဆက်သွယ်ပါတယ်။
ဘေးပတ်ပတ်လည်ကိုကြည့်ပြီး ပြတင်းပေါက်တွေ အကုန် ပိတ်ထားရဲ့လား.. ခြံတခါးကော ပိတ်ထားလား.. စသဖြင့် မေးတယ်။ ကျမတို့ကို စကားမပြောသေးပဲ သေချာလိုက်ကြည့်တယ်။ |
အဲဒါ ၁ဝ ရက်နေ့ မနက်အစောကြီး (၅)နာရီ ဝန်းကျင်လောက်ပေါ့။ အဖေတို့က မနက်အစော အိပ်ရာထတဲ့ အကျင့်ရှိသူဆိုတော့ အဖေတို့ နိုးချိန်လောက် အချိန်ကိုက် ရောက်လာတာက ကျမတို့နဲ့ ရင်းနှီးတဲ့ လင်မယားနှစ်ယောက်၊ သူတို့ရောက်လာချိန်မှာ ကျမတို့ကို ထမင်းချက်ဖို့ အမေကနှိုးနေပြီလေ။ ကျမတို့ နယ်ဘက်မှာက မနက်စောစောထ ဘုရားပန်းရေချမ်းလဲ အိမ်ဝိုင်းထဲ အမှိုက်လှည်း၊ ခြံဝိုင်းထဲ စိုက်ထားတဲ့သီးပင်၊ စားပင်တွေနဲ့ပန်းပင်တွေကိုရေလောင်း၊ ပြီးတော့ ဘုန်းကြီးလောင်းဖို့ ဆွမ်းချက်ဆိုတာတွေနဲ့ မနက်ပိုင်းအချိန် ကုန်ရတဲ့ အလေ့အထရှိတာကိုး။ ပြီးတော့ ကျမတို့ အိမ်ရှေ့မျက်နှာစာမှာ စတိုးဆိုင်လေးလည်းဖွင့်ထားတာဆိုတော့ ဆိုင်လည်းခင်းရသေးတာပေါ့။ အဲဒါကြောင့် မနက် (၄)နာရီ (၅)နာရီက ကျမတို့ပုံမှန်အိပ်ရာထချိန်ပဲ။
အဲဒိနှစ်ယောက်က တခါးကို မထိတထိခေါက်နေတော့ အစက လူလို့တောင် မထင်မိဘူး။ တခုခုနဲ့ တိုးမိတိုက်မိတာများလား ဆိုပြီး အရေးမစိုက်နေလိုက်ပေမယ့် ခဏခဏ ထပ်ခေါက်ပြီး အမ၊အမ ဆိုတော့မှ လူခေါ်တာမှန်းသိပြီး တံခါးဖွင့်ပေးလိုက်တယ်။ သူတို့က ကုပ်ချောင်းချောင်းနဲ့ဆိုတော့ ကျမတို့လည်း စိတ်ထဲဇဝေဇဝါဖြစ်နေရတာပေါ့။ ဦးဇင်းနဲ့ အဆက်အစပ်ရှိလိမ့်မယ်လို့လည်း ထင်မထားမိဘူးလေ။
သူတို့က စီးပွားရေးသက်သက်ပဲ လုပ်တတ်သူတွေ၊ နိုင်ငံရေးနဲ့ ပတ်သက်လို့ ရေဒီယိုသတင်း နားထောင်တတ်တာကလွဲရင် သိပ်ပြီး ထဲထဲဝင်ဝင် ရှိလှသူတွေမဟုတ်ဘူး။ ဦးဇင်းကို ကြည်ညိုလို့သာ စွန့်စားပြီးလာခဲ့ကြတာ၊ ကြောက်တာကတော့ အတော်ကြောက်နေကြပုံရတယ်။ ပြီးတော့ ကျမတို့ စက်မှုဇုံထဲမှာလည်း စရဖတွေ၊ အက်စ်ဘီတွေ၊ ကြံ့ခိုင်ရေးကလူတွေ ခြေရှုပ်နေတာ သူတို့လည်းသိတဲ့အပြင် ဦးဇင်းအနေအထားကိုလည်း သူတို့ ရေဒီယိုကနေ ကြားကြားနေရတော့ တကယ်လို့သာ သူတို့ ပါတာ အာဏာပိုင်တစု ရိပ်မိသွားရင် သူတို့အတွက် အကြီးအကျယ်ပြဿနာ တက်နိုင်စရာပဲလေ။ ဒါကြောင့် သူတို့ကြောက်တာကို အပြစ်မဆိုရက်ပါဘူး။
နှစ်ယောက်သား မလုံမလဲနဲ့ ဘေးပတ်ပတ်လည်ကိုကြည့်ပြီး ပြတင်းပေါက်တွေ အကုန်ပိတ်ထားရဲ့လား.. ခြံတခါးကော ပိတ်ထားလား.. စသဖြင့်မေးတယ်။ ကျမတို့ကို စကားမပြောသေးပဲ သေချာလိုက်ကြည့်တယ်။ စိတ်ချရပြီဆိုတော့မှ ဦးဇင်း သူတို့အိမ်မှာ ရောက်နေတယ်ဆိုတဲ့ အကြောင်းကို ပြောပြပါတော့တယ်။
‘‘ဦးဇင်း အိမ်ကို ဒီမနက်(၂)နာရီလောက်က ရောက်လာတယ်။ ဆိုင်ကယ်(၂)စီးနဲ့ပဲ။ ဒါပေမဲ့ ဒိပြင်လူတွေတော့ ဆိုင်ကယ်တစီးနဲ့ ပြန်သွားပြီ။ ဦးဇင်းလဲ ကျနော်တို့ကို အိမ်ကို အကြောင်းကြားပေးဖို့နဲ့ အိမ်ရဲ့ အခြေအနေကို လေ့လာဖို့ပြောပြီး ပြန်ထွက်သွားတာပဲ။ ဆိုင်ကယ်တော့ မောင်းမယ့်အဖော်မရှိတာနဲ့ ကျနော်တို့ အိမ်မှာထားခဲ့တာထင်တယ်’’
‘‘ဘယ်ကိုသွားမယ်ပြောလဲ’’ အမေက မေးတော့
‘‘အဲဒါတော့ ပြောမသွားဘူး’’
သန်း (၅ဝ) သော လူထုကြီးကို ငါတို့ ပြောချင်တဲ့ စကားတွေ အရောက်ပို့ဖို့ ဆိုတာ မီဒီယာနဲ့ ချိတ်ဆက်ပြောရတာ ဖြစ်လို့ ဖုန်းမရှိရင်၊ ဖုန်းမှ မသုံးရင် ဘာမှ လုပ်မရတော့ဘူး။ |
အဲဒိနောက် သူတို့နှစ်ယောက် တိတ်တိတ် ပြန်ထွက်သွားတော့မှ ကျမတို့ တိုင်ပင်ရပါတော့တယ်။ ဦးဇင်းအတွက် အထောက်အပံ့ဖြစ်အောင် ကျမတို့ ဆောင်ရွက်ပေးမှတော်မယ်လို့ စဉ်းစားပြီး ဦးဇင်းရှိတဲ့နေရာ မိုးမလင်းခင် အရရှာနိုင်ဖို့ စီစဉ်ရပါတော့တယ်။ ဦးဇင်းက ဘာမှမယူပဲ တပါးထဲထွက်သွားတာ ဖြစ်လို့ အိမ်က လူတွေ လိုက်လာဖို့ အချက်ပြတာပဲဖြစ်မယ်။ သေချာတာက လူသွားလူလာ နည်းပြီး သိပ်လည်းတောမနက်တဲ့ နေရာတဝိုက်မှာပဲ ရှိနေရမယ်။ ဦးဇင်းထွက်သွားတာ နာရီပိုင်း ရှိသေးလို့ စက်မှုဇုံအစွန်းအဖျားနားတွေမှာပဲ အရင်လိုက်ရှာပြီး အိမ်ကအခြေအနေတွေကိုပြောပြ၊ ဦးဇင်းအခြေအနေကို မေးပြီး အကြံပေးတန်ပေးရအောင်လို့ ဆိုင်ကယ်နဲ့ ကျမတို့တွေ ရှာပုံတော်ဖွင့်ရပါတယ်။
မနက်(၆)နာရီလောက်ကစပြီး စက်မှုဇုံတဝိုက်မှာ ဦးတည်ချက်မရှိပဲ မယောင်မလည် ပတ်ရှာနေလိုက်တာ (၈)နာရီကျော်မှ မိတ္ထီလာစီးပွားရေးတက္ကသိုလ်ဘေး ကုန်းမြင့်လေးပေါ်မှာ စင်္ကြန်လျှောက်နေတဲ့ ဦးဇင်းကို တွေ့ပါတယ်။ စီးပွားရေးတက္ကသိုလ်နဲ့ ကျမတို့ စက်မှုဇုံက ရန်ကုန်-မန္တလေး လမ်းမကြီးပဲ ခြားတာပါ။
ဦးဇင်းက ကျမတို့ တက္ကသိုလ်ဝန်းကျင်မှာ ဆိုင်ကယ်နဲ့ ပတ်နေတာ မနက်(၇)နာရီလောက်ကထဲက လှမ်းမြင်ပေမယ့် စိတ်ချရအောင် အခြေအနေကို အကဲခတ်နေတာလို့ ပြောပါတယ်။ အဲဒိအချိန်က ကျမတို့ မိသားစုနဲ့ ဦးဇင်း ပတ်သက်နေတာကို စက်မှုဇုံထဲ လှုပ်ရှားနေကြတဲ့ အာဏာပိုင်တွေ သတိထားမိပုံမရသေးပဲ ဦးဇင်းနဲ့ ဆက်စပ်တဲ့ အဆက်အသွယ်တွေလောက်ပဲရှိမယ် ထင်ထားပုံရပါတယ်။ ဒါကြောင့် ကျမတို့ ဦးဇင်းကို ရှာရာမှာ အခက်အခဲသိပ်မရှိခဲ့တာပါပဲ။ ဦးဇင်းကို စီးပွားရေးတက္ကသိုလ်နားမှာ တွေ့ခဲ့ရပေမယ့်လည်း စက်မှုဇုံထဲ ခေါ်လာဖို့ မဖြစ်နိုင်လို့ တက္ကသိုလ်နားက နေရာလေးတခုမှာပဲ စကားပြောဖြစ်ခဲ့ကြပါတယ်။
‘‘ငါ့အတွက် မန္တလေးမှာ မလုံခြုံတော့ဘူးဟ၊ မြေလှန်ရှာတယ်ဆိုတဲ့စကားကို ခုမှ လက်တွေ့ကြုံနေရတယ်။ သူတို့ ငါ့ကိုတော်တော် အငြိုးထားကြပုံပဲ။ ဒါကြောင့် ပခုက္ကူဘက်ကို သွားဖို့စဉ်းစားတယ်။ အဲဒါ နင်တို့စိတ်ပူနေမှာစိုးလို့ ဝင်တွေ့တာ၊ အိမ်ရဲ့ အခြေအနေကို သိချင်တာလဲပါတာပေါ့ဟာ’’
‘‘အိမ်မှာတော့ လောလောဆယ် အေးအေးဆေးဆေးပါပဲ၊ ဦးဇင်း ဖုန်းနံပါတ်တခုကိုတော့ သူတို့အတိအကျရပြီး ဖုန်းဆိုင်တွေမှာ စုံစမ်းခိုင်းထားတယ်။ တခုကောင်းတာက တပည့်တော်တို့ ဆက်ခဲ့တဲ့ဖုန်းဆိုင်က တိတိကျကျ ထုတ်မပြောလိုက်ဘူးထင်တယ်။ အဲဒါကြောင့် လောလောဆယ်တော့ အိမ်ပတ်ဝန်းကျင်မှာ ရှင်းနေတယ်။ သူတို့ လဘက်ရည်ဆိုင်တွေ၊ ကွမ်းယာဆိုင်တွေ၊ ဖုန်းဆိုင်တွေမှာ နေ့ပိုင်းအထိုင်များတာ တွေ့ရတယ်’’
‘‘ဒါဆို ငါနဲ့ဆက်စပ်တဲ့လူပဲရှိမယ်လို့ထင်ကြတာနေမှာဟ၊ မိသားစုရှိတယ်ဆိုတဲ့ အဆင့်လောက်အထိ မသိသေးဘူးထင်တယ်။ ဒါပေမယ့် မကြာခင်တော့ သူတို့တွေအချက်အလက် ခိုင်ခိုင်လုံလုံ ရနိုင်စရာရှိတယ်။ ငါ့အကြောင်းကို သိကြတဲ့ကိုယ်တော်တချို့ မန်းမှာ ဖမ်းခံသွားတာရှိသလို ရန်ကုန်မှာလဲ ပါကုန်ပြီ။ အဲဒါကြောင့် သတိတော့ထားနေကြ၊ မန်းမှာတုန်းက ငါတည်းနေတဲ့ (+++) ကျောင်းကို ည(၁၁)နာရီ လောက်ဝင်စီးကြတာ ကံကောင်းလို့ လွတ်လာခဲ့တယ်။ အဲဒိမှာ ငါနဲ့ တွဲဖော်တွဲဖက်တချို့ပါသွားတာရှိတယ်။ အဲဒါကြောင့် သူတို့ ကွန်ယက်ကိုတော့ လျှော့မတွက်ကြနဲ့၊ နင်တို့ဆီ မကြာခင်ရောက်လာနိုင်တယ်ဆိုတာ စိတ်ထဲအမြဲ ထည့်ထားနော်’’
‘‘ဦးဇင်းရှိနေတဲ့နေရာကို သူတို့က ဘာဖြစ်လို့ သိသိနေရတာလဲ၊ အဲဒါစဉ်းစားစရာပဲ၊ ကိုယ့်ထဲမှာလဲ သတင်းပေးရှိနေအုံးမယ်’’
တကိုယ်ရေ လွတ်မြောက်ဖို့အတွက် လူထုကြီးနဲ့အတူ တမြေတရေတည်းမှာ ရှိမနေနိုင်ရင် ငါတို့လောက် မိုက်တဲ့ လူတွေ တခြားမှာ ရှာရမှာ မဟုတ်တော့ဘူးဟ။ |
‘‘မဟုတ်ဘူး၊ အဓိကကတော့ ဖုန်းပဲ။ သူတို့ ဖုန်းကနေ ခြေရာခံလိုက်နေတာ၊ ဒါကြောင့် ငါ ဘယ်နယ်တဝိုက်မှာ ရှိနေတယ်ဆိုတာ သူတို့ သိနေတာပဲ၊ ဒါပေမယ့် ဖုန်းမသုံးလို့ကမဖြစ်ဘူးဟ၊ ဖုန်းနဲ့ အလုပ်လုပ်နေရတာ၊ ဒီ သန်း(၅ဝ)သောလူထုကြီးကို ငါတို့ ပြောချင်တဲ့စကားတွေ အရောက်ပို့ဖို့ဆိုတာ မီဒီယာနဲ့ ချိတ်ဆက်ပြောရတာဖြစ်လို့ ဖုန်းမရှိရင်၊ ဖုန်းမှ မသုံးရင် ဘာမှ လုပ်မရတော့ဘူး။ အဲဒါကြောင့် သိသိကြီးနဲ့ အမိုက်ခံသုံးနေရတာ၊ ငါနဲ့အတူ လှုပ်ရှားခဲ့တဲ့ ကိုယ်တော်တွေကတော့ လုံးဝစိတ်ချရတယ်၊ ခိုင်ခိုင်မာမာရှိလို့ အနီးကပ်တွဲခဲ့တာပဲ၊ ဒါပေမယ့် စစ်ကြောရေးရောက်သွားရင်တော့ နဲနဲ ထုတ်ပြောတန် ပြောရတာတွေတော့ရှိ မှာပေါ့ဟာ’’
‘‘ဒါဆိုလည်း ခဏငြိမ်နေလိုက်ပေါ့ ဦးဇင်းရာ၊ အဆက်အသွယ်တွေအားလုံးဖြတ်၊ ဖုန်းတွေဖြတ်ထားပြီး တနေရာရာမှာ ခဏငြိမ်နေလိုက်ပါ။ ဦးဇင်းမျက်နှာနဲ့ နောက်ကြောင်းကို သူတို့ ကောင်းကောင်းမသိသေးရင် ရှောင်နေရတာ သိပ်မခက်ပါဘူး၊ အချိန်နည်းနည်းယူပြီးမှ ပြန်လှုပ်ရှားပေါ့ဘုရား’’
‘‘ဟ.. ငါက အဲလိုအနေအထားကို အရောက်မခံနိုင်လို့ ပင်ပန်းခံလှုပ်ရှားနေတာပေါ့၊ အဖမ်းမခံရဲလို့ ရှောင်နေတာ မဟုတ်ဘူး။ ငတ်ငတ်ပြတ်ပြတ်နဲ့ တောထဲတောင်ထဲမှာ ပုန်းပြီး တမင်အပင်ပန်းခံနေတာ ဒီလို အဖြစ်မျိုး အရောက်မခံနိုင်လို့ပဲ။ လောလောဆယ် လူထုကြီးတရပ်လုံးက ဘုန်းကြီးတွေကို အားကိုးမျှော်လင့်နေကြတာ၊ တို့ဘုန်းကြီးတွေ လုပ်ရပ်တွေကို အပြည့်အဝထောက်ခံနေကြတာဟာ လူတွေရှေ့ကနေ မားမားရပ်တဲ့ တို့သံဃာတွေရဲ့သတ္တိကို ယုံကြည်ကိုးစားမှုရှိလို့ပဲ။ ဒါကြောင့် သံဃာတွေကိုယ်စား ဦးဆောင်လှုံ့ဆော်နေရတဲ့ ငါက အားလုံးနဲ့ အဆက်ဖြတ်ပြီးငြိမ်နေလိုက်ရင် တို့တွေ အသံကို မကြားရတဲ့ လူတွေစိတ်ထဲမှာ တမျိုးထင်သွားနိုင်တယ်။ ဦးဆောင်ကိုယ်တော်တွေက လုပ်ပြီး ထွက်ပြေးသွားတာပဲ၊ မခိုင်မာဘူး။ ခံရတော့ လမ်းမပေါ်ထွက်တဲ့သူတွေပဲ စတဲ့ အမြင်မျိုးတွေ ရှိသွားနိုင်တယ်လို့ ယူဆတယ်ဟ’’
‘‘ဦးဇင်းကတော့ ဦးဇင်းရပ်တည်နေရတဲ့ အနေအထားအရဆင်ခြင်မှုပေါ့။ တပည့်တော်တို့ကျတော့လည်း ဦးဇင်းလွတ်မြောက်ရေးကိုပဲ စဉ်းစားမိတာကိုး။ တခုတော့ စဉ်းစားမိတယ်။ ဦးဇင်းအဲလို အဆက်အသွယ်မပြတ်ချင်ဘူး၊ လုပ်ငန်းတွေကို ဆက်လုပ်ချင်တယ်ဆိုရင် နယ်စပ်ဘက်ကို ထွက်ပြီးနေရင်ကော အဆင်မပြေနိုင်ဘူးလား။ နယ်စပ်မှာက ဒီထက်တောင် ဆက်သွယ်ရေးတွေ ပိုကောင်းအုံးမယ်ထင်တယ်။ ပြီးတော့ လိုအပ်ရင် မြဝတီမှာ ပေါက်က ပြောင်းသွားတဲ့ တပည့်တော်တို့ သူငယ်ချင်းတွေလည်းရှိတော့ သူတို့ဆီကလည်း အကူအညီရနိုင်ပါတယ်’’
‘‘ဟာ… အဲဒါလည်းမဖြစ်သေးပါဘူးဟာ၊ တကယ်တမ်းထွက်သွားမယ်ဆိုရင် ငါ့အတွက် မခက်ဘူး။ ငါ့ကို ဒီလှုပ်ရှားမှုကြီးမှာ ဦးဆောင်လှုံဆော်နိုင်အောင် တနည်းအားဖြင့် ငါအတွက် ပစ္စည်းလေးပါး(ဆွမ်း၊သင်္ကန်း၊ ကျောင်း၊ဆေး) မပူပင်ရအောင် ပင်တိုင်လှူနေတဲ့ ဒကာကြီးတွေရှိတယ်။ သူတို့ကလည်း မဖြစ်မှ မဖြစ်လို့ ထွက်ချင်ရင်တော့ အပြင်ထွက်ဖို့ပြောပါတယ်။ သူတို့ ကူညီနိုင်တာတွေကို ငါ့ကိုအစွမ်းကုန် ကူညီပေးမှာသေချာတယ်။ ဒါပေမယ့် ငါကိုယ်တိုင်က မထွက်ချင်လို့။ ငါ့ကို အဲလိုထွက်လာဖို့ ခေါ်နေကြတာ အများကြီးပဲ၊ ဂျာမနီက ကိုယ်တော်ကလည်းခေါ်နေတာပဲ၊ သူကတော့ ဒီလှုပ်ရှားမှုကြီးအတွင်းမှာမှ ဆက်သွယ်လာတာပေါ့ဟာ။ သီဟိုဠ်ကကိုယ်တော်လေးတွေကလည်း ထွက်လာခဲ့ဖို့ ပြောတယ်၊ ငါမန်းလေးဘက်မှာ ရှိတုန်းကလည်း တိုင်းရင်းသားတချို့ကဆက်သွယ်ကြတာရှိသေးတယ်။ သူတို့နယ်တွေကို အရောက်လာဖို့ အဲဒီကတဆင့် လုံခြုံစိတ်ချရတဲ့ဘက်တွေကို သွားနိုင်ဖို့ ကူညီပေးမယ်ဆိုတာတွေပြောပေမယ့် သူတို့နဲ့ အငြင်းအခုံမဖြစ်ချင်လို့သာ အဆင်ပြေအောင်ပြောလိုက်ရတာ။ သေချာပြန်စဉ်းစားကြည့်ရင် အဲဒါမကောင်းဘူး။ သာမန်အချိန်မှာ အဖမ်းမခံပဲ ထွက်သွားပြီး အပြင်ကနေ ကိုယ်နိုင်ရာနိုင်ရာလုပ်ပေးပြီး ဝန်းရံတာက ပြဿနာမရှိပေမယ့် ငါတို့အနေအထားကျတော့ အဲလိုမဟုတ်တော့ဘူး၊ ခေါင်းဆောင်တွေက ခေါင်းရှောင်သလိုဖြစ်သွားမယ်။ သံဃာတွေ လမ်းပေါ်မှာ သေနတ်နဲ့ ပစ်သတ်ခံပြီး ရဲရဲဝံ့ဝံ့မေတ္တာပို့ကြတယ်။ ကျောင်းသား လူငယ်တွေက သံဃာတွေနဲ့အတူ အသေခံပြီး ဒီလှုပ်ရှားမှုကြီးကို ဝန်းရံထားကြတယ်။ လူထုကြီးတရပ်လုံးက မခံမရပ်နိုင်ဖြစ်ပြီး တို့တွေနဲ့ပူးပေါင်းကြတယ်။ ဒီလိုအနေအထားမှာ ငါတို့က တကိုယ်ရေလွတ်မြောက်ဖို့အတွက် လူထုကြီးနဲ့အတူ တမြေတရေတည်းမှာ ရှိမနေနိုင်ရင် ငါတို့လောက်မိုက်တဲ့ လူတွေ တခြားမှာ ရှာရမှာမဟုတ်တော့ဘူးဟ။ အဲဒါကြောင့် ဆုံးဖြတ်ချက်ချထားတယ်။ တတိုင်းပြည်လုံး မလွတ်မြောက်မချင်း ဒီကနေ ထွက်မသွားစတမ်း လူထုကြီးကို ကျောမခိုင်းစတမ်းပဲ’’
‘‘အင်း…. ခက်တော့ခက်နေပြီ၊ တပည့်တော်လည်း ဘာပြောရမှန်းမသိဖြစ်နေပြီ ဦးဇင်းရယ်။ ဒါနဲ့ ပခုက္ကူဘက် ကျတော့ကော အဆင်ပြေပါ့မလား”
‘‘ပခုက္ကူက ပြဿနာမရှိလောက်ဘူးထင်တယ်။ ဘုန်းကြီးသူငယ်ချင်းတွေကော ဒကာတွေပါရှိတယ်ဆိုတော့ အဆင်ပြေ မယ်ထင်တာပဲ’’
‘‘အဆက်အသွယ်ကော ရထားရဲ့လား ဦးဇင်း’’
‘‘အဆက်အသွယ်ကတော့ မပြတ်ရှိနေပါတယ်။ ဒါပေမဲ့လည်း ခဏပဲနေမှာပါ။ လုပ်ငန်းပိုင်းဆိုင်ရာအရ တိုင်ပင်သင့်တာ တချို့လဲရှိတော့ ရှောင်ရင်းတိမ်းရင်း သွားမယ့်သဘောပေါ့ဟာ။ အကြာကြီးနေရင် ငါ့ကိုလက်ခံထားတဲ့လူပါ ပြဿနာ ရှိနိုင်တယ်။ ကျောင်းဆိုလည်း ဝင်စီးခံရတာတွေ ချိတ်ပိတ်ခံရတာတွေဖြစ်နိုင်တယ်။ အဲဒါကြောင့် ဒီလိုပဲ တနယ်ပြီးတနယ်ကူးပြီး ဆက်လှုပ်ရှားရမယ်။ ဘာပဲဖြစ်ဖြစ် အချိန်ကိုတော့ ရသလောက်ဆွဲဆန့်ထားရမှာပဲဟ။ အကောင်းဘက်ကို ဦးတည်တဲ့ အပြောင်းအလဲတခုခု ဖြစ်သွားရင်တော့ အားလုံးအဆင်ပြေသွားပြီပေါ့’’