လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအား ၀ိုင်းဝန်းဆန့်ကျင်ရန် တိုက်တွန်းထားသော စာများ ယနေ့ နံနက်အစောပိုင်းက ဗန်းမော်မြို့၏ လူစည်ကားရာ နေရာတချို့၌ ပြန့်နှံ့လျှက်ရှိ....
လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအား ၀ိုင်းဝန်းဆန့်ကျင်ရန် တိုက်တွန်းထားသော စာများ ယနေ့ နံနက်အစောပိုင်းက ဗန်းမော်မြို့၏ လူစည်ကားရာ နေရာတချို့၌ ပြန့်နှံ့လျှက်ရှိကြောင်း သိရသည်။
“၂၀၀၈ ဖွဲ့စည်းပုံကို အသွင်းသွင်းပြီး စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမည့် ရွေးကောက်ပွဲ ဖြစ်၍ ပြည်သူများက ဆန့်ကျင် သင့်ကြောင်း” အဆိုပါ စာတွင် တိုက်တွန်းထားကြောင်း သိရသည်။
အေဖိုးဆိုက် လျှောက်လွာ စာရွက်တွင် ကွန်ပြူတာ စာစီဖြင့် ရေးသားထားပြီး ဒီမိုကရေစီလူငယ် အင်အားစု (မြန်မာပြည်) ဆိုသည့် အဖွဲ့က ဖြန့်ဝေသည်ဟု ဖေါ်ပြထားကြောင်း စာလက်ခံရရှိသူ မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
စာပါအကြောင်းအရာကို သူက ဖတ်ပြရာတွင် “စစ်အစိုးရသည် အာဏာတည်တံ့ ခိုင်မြဲရေးအတွက် ကြံ့ဖွံ့အသင်းကို ပါတီအဖြစ် အသက် သွင်းခဲ့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီများအား စည်းရုံးလှုပ်ရှားခွင့် စာပေထုတ်ဝေခွင့်များအား ကန့်သတ် ချုပ်ကိုင်ထားပြီး ကြံ့ဖွံ့ပါတီအား လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် ပေးထားသည်”
“၂၀၁၀ ရွေးကောက်ပွဲသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်မည်မဟုတ် စစ်အာဏာ မြဲမြံစေမည့် ရွေးကောက်ပွဲ ဖြစ်သည် ၎င်းတို့ တစ်ဘက်သတ် ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ ခိုင်မြဲစေရေးအတွက်သာ ဖြစ်သည် ထို့ကြောင့် ဒီမိုကရေစီ လိုလားသော ပြည်သူများ အနေဖြင့် အောက်ပါ အချက်များမှ တစ်ချက်ကို ရွေးချယ်သင့်သည်”
၁။ ရွေးကောက်ပွဲကို ဆန့်ကျင်သင့်သည် ၊ ပြည်သူတို့၏ အခွင့်အရေး ဖြစ်သော လွပ်လပ်စွာ မဲမပေးဘဲလည်း နေနိုင်ပါသည်။
၂။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံမဲ မပေးသင့်။
၃။ မဲပေးလိုသည့် ဆန္ဒရှိပါက စစ်အစိုးရ၏ သြဇာခံ လက်ဝေခံ လက်ကိုင်တုတ် မဟုတ်သော အခြား ဒီမိုကရေစီ ပါတီများကိုသာ မဲပေးသင့်သည်။
အောက်မှာက အာဏာသည် ပြည်သူ့ထံမှ သက်ဆင်းရမည်၊ (ပုံ) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဒီမိုကရေစီ လူငယ်အင်အားစု (မြန်မာပြည်) ဆိုပြီး ရေးထားတယ်လို့ သူက ဆိုသည်။
“ဒီနေ့မနက် အစောကြီးပဲ ဆိုင်မဖွင့်ခင် ဆိုင်တွေမှာ ချထားတာလေ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့စာပေါ့။ အဖွဲ့ကတော့ ဒီမိုကရေစီ လူငယ်အင်အားစု (မြန်မာပြည်) ပေါ့ မသိဘူး။ ဒီအဖွဲ့ နာမည် တစ်ခါမှ မကြားဖူးသေးဘူး” လို့ နောက်ထပ်မြို့ခံ တစ်ဦးက ပြောသည်။
ဗန်းမော်မြို့တွင် အဆိုပါစာ လက်ခံရရှိသူ အမြောက်အများ ရှိကြောင်း သျှမ်းသံတော်ဆင့်က စုံစမ်းမေးမြန်းချက်အရ သိရသော်လည်း စာဖြန့်သည့် အဖွဲ့အစည်းကိုမူ ဆက်သွယ်စုံစမ်း၍ မရရှိသေးပေ။