စိုးရိမ်စိတ်ကြောင့် ကျားဖြူပါတီသို့ ဒေသခံ လူထုမ၀င်ရဲ

စိုးရိမ်စိတ်ကြောင့် ကျားဖြူပါတီသို့ ဒေသခံ လူထုမ၀င်ရဲ
by -
မွေခေါင်

ဒေသခံ နအဖ အာဏာပိုင်နှင့် USDP ၀င်များ မိမိတို့အား အပြစ်မရှိ အပြစ်ရှာလာမည်ကို စိုးရိမ်သောကြောင့် သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံနှင့် မိုင်းဆတ်မြို့နယ် လူထုက ကျားဖြူပါတီသို့ မ၀င်ရဲကြ....

ဒေသခံ နအဖ အာဏာပိုင်နှင့် USDP ၀င်များ မိမိတို့အား အပြစ်မရှိ အပြစ်ရှာလာမည်ကို စိုးရိမ်သောကြောင့် သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံနှင့် မိုင်းဆတ်မြို့နယ် လူထုက ကျားဖြူပါတီသို့ မ၀င်ရဲကြကြောင်း နယ်စပ် သတင်းများအရ သိရှိရသည်။

“ကျားဖြူပါတီကို ၀င်တော့ ၀င်ချင်ပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေနဲ့ ကြံ့ဖွံ့ပါတီဝင်တွေကို ကြောက်နေရတယ်။ တခြားဒေသတွေမှာလဲ ကျားဖြူပါတီဝင်တွေကို အမျိုးမျိုး ခြိမ်းခြောက်နေတယ်လို့ ကြားတယ်။ ကြံ့ဖွံ့ပါတီ မ၀င်ဘဲ တခြားပါတီ ၀င်ရင် အပြစ်မရှိ အပြစ်ရှာတတ်ကြလို့။ သူတို့ရဲ့ လုပ်ရပ်တွေကို သိထားတော့ ဆင်ခြင်နေရတယ်” ဟု မိုင်းတုံဒေသခံ တစ်ဦးက ပြောပါသည်။
white-tiger
USDP ကိုသာ မဲပေးထောက်ခံရန် တစ်လမ်းတည်းသာ ရှိကြောင်း၊ ထောက်ခံမဲ ပေးရန် ဆန္ဒ မရှိသော်လည်း အေးချမ်းစွာ နေထိုင်လိုသည့်အတွက် မဲပေးမည် ဖြစ်ကြောင်း၊ အာဏာပိုင်ကို ဆန့်ကျင်ချင်ပါက ဦးစွာ ရှောင်ပြေး ထားရမည် ဖြစ်ကြောင်း ပုံပါကျင် ဒေသခံ တစ်ဦးက ပြောပါသည်။

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်၌ USDP ပါတီဝင်များ ကလည်း ထိုင်းနိုင်ငံသို့ ဒေသခံများ တရားမ၀င် သွားရောက်အလုပ်လုပ်ကိုင်နေသည်ကို အခွင့်ကောင်း ယူကာ ကျားဖြူပါတီဝင်များအား ခြိမ်းခြောက်လျက် ရှိကြောင်း သိရှိရသည်။

“ခင်ဗျားတို့ရဲ့ မိသားစုဝင်တွေ ထိုင်းကို တရားမ၀င် သွားရောက်အလုပ်လုပ်တဲ့ သူတွေ ရှိတယ်။ သူတို့ကို အချိန် မရွေး ဖမ်းဆီးနိုင်တယ်လို့ ခြိမ်းခြောက်တာပေါ့။ တချို့ကျားဖြူပါတီဝင်တွေလဲ သူတို့ရဲ့ မိသားစုဝင် လုံခြုံရေး အတွက် စိုးရိမ်ပြီး ပါတီကနေ နုတ်ထွက်လိုက်ကြတယ်” ဟု မိုင်းတုံရောက် လင်းခေးကုန်သည် တစ်ဦးက ပြောပါသည်။

“ကျနော်တို့ တိုင်းရင်သား ပါတီတွေကတော့ စစ်အစိုးရ သတ်မှတ်ထားတဲ့ ဥပဒေဘောင်အတွင်း လှုပ်ရှားနေပေမဲ့ အာဏာပိုင်တွေနဲ့ အာဏာပိုင် ကျောထောက်နောက်ခံပြုတဲ့ ကြံ့ဖွတ်ပါတီကတော့ ထင်တိုင်း ကျဲနေတယ်” ဟု အမည်မဖော်လို သျှမ်းပြည်အလယ်ပိုင်း ကျားဖြူပါတီဝင် တစ်ဦးက ပြောပါသည်။

“ကျနော် မိဘတွေ ကျားဖြူပါတီ မ၀င်တာ ကောင်းပါတယ်။ စိတ်အေးရတာပေါ့။ ကိုယ့်လူမျိုးပါတီကိုတော့ အားပေး ချင်ပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေက တခြားပါတီဝင်တွေကို အမျိုးမျိုး ခြိမ်းခြောက်နေတယ်။ အပြစ် မရှိ အပြစ်ရှာတယ်။ သူတို့ရဲ့ လုပ်ရပ်တွေကို သိထားတော့ ကျားဖြူပါတီဝင်ရင် စိတ်ပူရတာပေါ့” ဟု ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်နေသော မိုင်းတုံ ဒေသခံ တစ်ဦးက ပြောသည်။

သို့သော် နအဖ ထုတ်ပြန်ကြေငြာသော ရွေးကောက်ပွဲ ကျင်းပခြင်း မပြုသည့် နယ်မြေများ စာရင်းထဲ၌ မိုင်းတုံနှင့် မိုင်းဆတ်မြို့နယ်တို့ ပါဝင်သည်။