ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အာဏာပိုင်တို့၏ နှောက်ယှက်ခြိမ်းခြောက်မှုတို့ကြောင့် ကရင်နီပြည်နယ် ကိုယ်စားပြု NUDP ပါတီမှ အဖွဲ့ဝင်ခေါင်းဆောင်များ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီထဲသို့ ၀င်ရောက်.....
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အာဏာပိုင်တို့၏ နှောက်ယှက်ခြိမ်းခြောက်မှုတို့ကြောင့် ကရင်နီပြည်နယ် ကိုယ်စားပြု NUDP ပါတီမှ အဖွဲ့ဝင်ခေါင်းဆောင်များ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီထဲသို့ ၀င်ရောက်သွားကြသည်။
လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ NUDP အား ပြည်နယ် ကြံ့ဖွံ့ပါတီမှ စီးပွားရေးရာ၊ ပုဂ္ဂိုလ် ရေးရာ ပုတ်ခတ်မှုနှင့် ပါတီခေါင်းဆောင်အား အကျယ်ချုပ်ထားခြင်းကြောင့် ပါတီဖျက်သိမ်းလိုက်ရပြီး အဖွဲ့ဝင် ခေါင်းဆောင် အချို့ တ.စ.ည ပါတီထဲသို့ ၀င်ရောက်သွားရခြင်း ဖြစ်သည်။
“ဖျက်သိမ်းလိုက်ပြီလေ။ သူ့လူတွေ အကုန်လုံး တစညမှာ ပြန်ထည့်ထားလိုက်တယ်။ သူတို့ အဖွဲ့ခေါင်းဆောင်လဲ အကျယ်ချုပ် မိထားတယ်အခုပေါ့။ သူတို့နဲ့ ပေါင်းပြီး အနီးကပ် အနုနည်းဘဲ ရတော့မှာလေ။ အတိုက်အခံ အနေနဲ့ ရပ်တည်လို့မှ မရတာ အားလုံးက သူတို့ လက်ထဲမှာ ချုပ်ထားတာလေ” ဟု လွိုင်ကော်မြို့ ခံ တဦးက ပြောပါသည်။
၎င်းက ဆက်လက်ပြီး “ကယားပြည်နယ်က အစိုးရ အကြီးဆုံးက ချထားတာပေါ့။ ပါတီခေါင်းဆောင် နာမည်က စဲရယ်လှဖေ၊ ဆန်စက်တို့ ကျောက်ပြားစက်တို့ အသိမ်းခံရတယ်လေ။ တခြားလူ မကျဘူး ထင်တာပဲ။ တယောက်ဘဲလို့ ကြားတယ်။ အကျယ်ချုပ်ဘဲ ကြားတယ်လေ။”
NUDP ပါတီဝင်များ တ.စ.ည ပါတီထဲသို့ ၀င်ရောက်ပူးပေါင်းခြင်းသည် ကြံ့ဖွံ့ပါတီမှ ဖိအားပေးမှုကြောင့် မဟုတ်ဘဲ မိမိဖာသာ ၀င်ရောက်ပူးပေါင်းခြင်းသာ ဖြစ်ပြီး ကယားပြည်နယ်အတွက် ကိုယ်စားပြု လုပ်ဆောင်ပေးနိုင်ရန် ထိုနည်းလမ်း တခု တည်းသာ ရှိတော့သည်ဟု ပါတီတွင်းမှ ထွက်ပေါ်လာသော သတင်းများအရ သိရသည်။
“သူတို့ကို ပြန်လုပ်မယ်။ သူတို့ကို တုပ်ပြန်မယ်ဆိုရင် သူတို့က အဓမ္မ ထောင်ချမှာတို့ အဓမ္မ ရိုက်နှက် အနိုင်ကျင့်တာတို့ ဒီလိုဖြစ်လာမှာတော့ ပြည်သူတွေက ကြောက်တယ်။ ပြည်သူတွေကလည်း သိတယ်မလား။ တနေ့ စားဝတ်နေရေး ကိစ္စကို နေ့စဉ် ဖြေရှင်းနေရတယ်။ သူတို့ကို သွားပြီး မထိရဲဘူး။ ဒီလိုမျိုး အခြေအနေ ရောက်အောင်လည်း ကြံ့ဖွံ့ကလည်း ဖန်တီး ထားတယ်လေ” ဟု ကရင်နီပြည်နယ် နိုင်ငံရေး အမြဲတမ်းလေ့လာစောင့်ကြည့်သူ ကနေဒါ အခြေစိုက် ခွန်းမျိုးမင်းလတ်က ပြောပါသည်။
ကရင်နီပြည်၏ ပြည်နယ်အဆင့် ကြံ့ဖွံ့ဥက္ကဌမှာ ဦးကျော်ဆွေ ဖြစ်ပြီး မြို့နယ်၊ ကျေးရွာနှင့် ရပ်ကွက်အဆင့် ကြံ့ဖွံ့ဥက္ကဌနှင့် အတွင်းရေးမှူးတို့ကို ကယားပြည်နယ်သားများအား ရွေးချယ်၍ ခန့်အပ်ထားသည်။