ကရင်ပြည်နယ် အချို့ဒေသတွင် ကိုယ်စားလှယ် ပေါင်း (၃၂) နေရာကျော် ပါဝင်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံတွင် စာရင်းတင်ထားပြီး ဖြစ်၍ ပါတီအနေနှင့် အောင်မြင်မှု ရရှိနိုင်မည်.....
ကရင်ပြည်နယ် အချို့ဒေသတွင် ကိုယ်စားလှယ် ပေါင်း (၃၂) နေရာကျော် ပါဝင်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံတွင် စာရင်းတင်ထားပြီး ဖြစ်၍ ပါတီအနေနှင့် အောင်မြင်မှု ရရှိနိုင်မည်ဟု ပါတီရဲ့ အတွင်းရေးမှူး (၁) ဖြစ်သူ နိုင်စံတင်မှ ယခုလို ပြောပါသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အနေနဲ့ မွန်ပြည်နယ် အနေနဲ့ဆို ကျွန်တော်တို့ (၇) မြို့နယ် လွှတ်တော် (၃) ရပ်လုံးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အခြေအနေရှိပါတယ်။ မွန်ပြည်နယ်မှာ ဆိုရင် (၂၉) ယောက်ပေါ့။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ ကျတော့ (၃) ယောက်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးစုရေးရာ ကိုယ်စားလှယ် အနေနဲ့ တစ်ယောက် ပြန်ရတော့ (၄)ယောက် ဖြစ်သွားတာပေါ့။ ကျွန်တော်တို့ကတော့ (၈ဝ) ရာနှုန်းလောက် အတိုင်းအတာထိ အောင်မြင်နိုင်မယ်လို့ ထင်တာဘဲ။ ဒါက ကျွန်တော်တို့တွက် ကိန်းနဲ့ ကျွန်တော် တို့ ပေါ့လေ။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် အခြားနိုင်ငံရေး ပါတီသစ်များနည်းတူ ရွေးကောက်ပွဲကော်မရှင်ထံ အချိန်တိုတို အတွင်း ကိုယ်စားလှယ်လောင်း စာရင်းတင်ရသည့်အတွက် မျှော်မှန်းသလောက် မဖြစ်လာခဲ့သော အခက်ခဲများ ရှိနေခဲ့သည်ဟု ပါတီရဲ့အတွင်းရေးမှူး (၁) ဖြစ်သူ နိုင်စံတင်က ယခုလို ရှင်းပြ ပါသည်။
အခက်အခဲတော့ အများကြီးပေါ့ဗျာ။ ဘာဖြစ်လဲ အချိန်က တိုသွားတော့ ကိုယ်စားလှယ်တွေ ရှာရတဲ့ အခက် အခဲရယ်။ သူတို့ရဲ့အရည်အချင်းလဲ ပြည့်စုံဖို့ကလဲ ရှိသေးတာကိုး။ နောက်ငွေကြေး အခက်အခဲရယ် အဲဒီနှစ်ခုက တော်တော်လေး အခက်ခဲ ဖြစ်သွားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အရည်အတွက် နည်းသွားတာပါ။ အမှန်မှာ မှန်းထားတာက အယောက် (၄၅) ယောက် လောက် ဝင်မလို့ တွက်ထားတာ။
မွန်ပြည်နယ်အတွင်းတွင် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဒီမို ကရက်တစ် ပါတီနှင့် ဖလုံဆဝေါ်ဒီမိုကရက်တစ်ပါတီတို့သည်လည်း မဲဆွယ်စည်းရုံးတွေ ဆင်းနေကြပါသည်။
ဤကဲ့သို့ စည်းရုံးရေး ဆင်းနေသည့်အထဲ မည်သည့် ပါတီမှ အားသာမှု ရှိသည် ဆိုသော မေးခွန်းအပေါ် မုဒုံ မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ၏ အလုပ်အမှုဆောင် တစ်ဦးက ယခုလို သုံးသပ်ပြောဆို ခဲ့ပါသည်။
လက်ရှိ အခြေအနေမှာတော့ မြို့ပေါ်မှာတော့ များသောအားဖြစ်ကတော့ ပြည်ခိုင်ဖြိုးပါတီက နည်းနည်း အားသာတယ် ဆိုပေမဲ့ နယ်ဘက်မှာ ပြန်ပြီးတော့ လေ့လာကြည့်လိုက်လို့ ရှိရင်တော့ ဒီမွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက အားသာချက်တွေ အများကြီး ရှိတယ်ခင်ဗျ။ နောက်ပြီး သူတို့ရဲ့ရှင်းပြတဲ့ အချက်အလက် လေးတွေကလဲ မွန်ပြည်သူတစ်ခုလုံး တရပ်လုံးက လက်ခံနိုင်တဲ့ အချက်အလက်လေးတွေ ဖြစ်နေတဲ့ အခါ ကျတော့ သူတို့အပေါ် နည်းနည်းအာရုံစိုက်တာလေးတွေ များတယ်လို့ ကျွန်တော် မြင်တယ်ဗျာ့။
စစ်အစိုးရမှ လာမဲ့ နိုဝင်ဘာလလောက်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည် ဆိုသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအကြား ဖြစ်ပွါးနေသည့် ပြသနာများကို ယခုထိတိုင် ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။ စစ်အစိုးရ အနေနှင့် အပစ်ရပ် မွန်အဖွဲ့ ဖြစ်သည့် မွန်ပြည်သစ်ပါတီ အပေါ်တွင် စက်တင်ဘာ (၁) ရက်နေ့၌ လက်နက် အပ်နှံရန် အကြပ်ကိုင် ဖိအားပေးထားသော်လည်း မွန်ပြည်သစ်ပါတီ အနေနှင့် လက်ခံမဲ့ အသွင် မရှိသေးဟု မွန်ပြည်သစ် တာဝန်ရှိသူများမှ တရားဝင် ကြေညာထားပြီး ဖြစ်သည်။ အကယ်၍ မွန်ပြည်သစ် ပါတီ အနေနှင့် လက်မခံပါက မတရားအသင်းအဖြစ် ကြေညာခံရဘွယ် ရှိပြီး လက်နက်ကိုင် တိုက်ပွဲ ထပ်မံ ဖြစ်ပွါးနိုင်သည်ဟု စစ်ရေး အကဲခတ်များက သုံးသပ်နေကြပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲကာလတွင် နိုင်ငံရေး မတည်ငြိမ်မှု နယ်မြေ အေးချမ်းမှု ကင်းမဲ့မည့် ဖြစ်စဉ်များသည် ရွေးကောက်ပွဲအတွက် အနှောင့်အယှက် အဟန့်အတားတစ်ခု ဖြစ်နိုင်သလို စစ်အစိုးရ အနေနှင့် ယခုရက်ပိုင်း စစ်တပ်အတွင်း အပြောင်းအလဲ ပြုလုပ် ခဲ့ရာ၌ မြန်မာစစ်တပ်အတွင်း စိတ်ဓါတ်ရေးရာအရ အာရုံပြောင်းလဲမှုအတွက် လုပ်ဆောင်သည့် လုပ်ရပ်တစ်ခုဟု နယ်စပ်စစ်ရေး အကဲခတ်သူများမှ သုံးသပ်ပြောဆိုနေကြပါသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီမှ ပါဝင်အရွေးခံမည့် ကိုယ်စားလှယ်များ စာရင်း
စဉ်။
|
မြို့နယ်
|
ပြည်သူ့လွှတ်တော်
|
အမျိုးသားလွှတ်တော်
|
ပြည်နယ်လွှတ်တော်
|
---|---|---|---|---|
၁။ | မော်လမြိုင် | နိုင်လှခိုင် | နိုင်အောင်ချမ်း (နယ်မြေ ၁) နိုင်ခင်မောင် (နယ်မြေ ၂) |
နိုင်စိုးသိန်း (နယ်မြေ ၁) နိုင်ကျန်ရစ် (နယ်မြေ ၂) |
၂။ | ကျိုက်မရော | နိုင်ငွေသိန်း | နိုင်လှအောင် (နယ်မြေ ၃) | နိုင်အုံးသောင်း (နယ်မြေ ၁) နိုင်စံတင် (နယ်မြေ ၂) |
၃။ | ချောင်းဆုံ | နိုင်လှမောင် | နိုင်ကျော်သိန်း (နယ်မြေ ၄) | နိုင်အောင်နိုင်ဦး (နမ ၁) နိုင်သောင်းတင် (နမ ၂) |
၎။ | သံဖြူဇရပ် | နိုင်သိန်းအောင် | နိုင်ထွန်းအုံ (နမ ၉) | နိုင်ဝင်းရှိန် (နမ ၁) နိုင်နိုင်ဦး (တလချမ်း) (နမ ၂) |
၅။ | မုဒုံ | နိုင်အေးမောင် | နိုင်ကွန်ချမ်း (နမ ၆) | နိုင်မောင်သိုက် (နမ ၁) မင်းနွယ်စိုး (နမ ၂) |
၆။ | ရေးမြို့ | မိမြင့်သန်း | နိုင်ဗညားအောင်မိုး (၇) | နိုင်လွီအောင် (နမ ၁) နိုင်သိန်းဟန် (နမ ၂) |
၇။ | ပေါင် | နိုင်ကျော်ဆွေ | နိုင်ခင်အောင်(နမ ၁ဝ) | နိုင်ဝဏ္ဏကြီး (နမ ၁) နိုင်ချမ်းမြင့်(နမ ၂) |
၈။ | ကော့ကရိတ် | နိုင်ဝင်းမြင့် | နိုင်မျိုးတင့်လွင် (နမ ၁ဝ) | နိုင်စိုးသိန်း(နမ ၂) |
၉ | ကရင်ပြည်နယ် | လူမျိုးစုလွှတ်တော် နိုင်ချစ်ဦး၊ |