လာမည့် ရွေးကောက်ပွဲတွင် မဲရုံမှူးများအဖြစ် တာဝန်ယူ ဆောင်ရွက်ရမည့် သူကို ကျောင်းဆရာ/မများအား ပိုမို စိတ်ချကြောင်း ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်မှ မြို့နယ်ဥက္ကဌက ပြော....
လာမည့် ရွေးကောက်ပွဲတွင် မဲရုံမှူးများအဖြစ် တာဝန်ယူ ဆောင်ရွက်ရမည့် သူကို ကျောင်းဆရာ/မများအား ပိုမို စိတ်ချကြောင်း ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်မှ မြို့နယ်ဥက္ကဌက ပြောကြောင်း သိရသည်။
“မဲရုံမှူးတွေကို ဆရာ/မတွေ တာဝန်ပေးထားပါတယ်။ ဆရာ/မတွေက ပိုပြီး စိတ်ချရတယ်လို အဲဒီက မြို့နယ် ဥက္ကဌက ပြောပါတယ်” ဟု ဒီးမော့ဆိုမြို့ခံ တဦးက ပြောသည်။
ယခုလ ၁၈ ရက်နေ့တွင် ဒီးမော့ဆိုမြို့၌ မဲဆန္ဒ ပေးမည့် မဲရုံများ၌ တာဝန်ကျရမည့် မဲရုံမှူး၊ လက်ထောက်မဲရုံမှူး၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့များကို အစမ်း လေ့ကျင့်သည့် အနေဖြင့် သင်တန်း ပေးခဲ့သည်။
“အဲဒီမှာ အစမ်းလေ့ကျင့်သင်တန်း ပေးတာ တွေက မဲတွေကို စည်းကမ်းတကျ ရေတွက် ပုံတွေ။ ရွေးကောက်ပွဲ နည်းဥပဒေ တွေနဲ့ ကော်မရှင်တွေရဲ့ တာဝန်ဝတ္တရားတွေ ဖြစ်တယ်” ဟု သင်တန်းတွင် ပါဝင် တက်ရောက်ခဲ့သူ တဦးက ပြောသည်။
ဒီးမော့ဆိုမြို့နယ်တွင် မဲဆန္ဒနယ် အမှတ် (၃) နှင့် အမှတ် (၄) နှစ်ခု ရှိပြီး ကျေးရွာအုပ်စု ၂၇ အုပ်စု ရှိသည်။ လောလောဆယ် ဒီမော့ဆိုမြို့နယ်တွင် ကြံ့ဖွံ့ပါတီ၊ လူမျိုးပေါင်းစုံ ဖွံ့ဖြိုးတိုးတက် ရေးပါတီနှင့် ကယန်းအမျိုးသား ပါတီ စသည့် ပါတီ သုံးပါတီ ယှဉ်ပြိုင်ရန် ရှိကြောင်း သိရှိထားသည်။