လားရှိုး ကြံ့ဖွတ်ပါတီက ကျေးလက်ဒေသ မဲဆွယ်စည်းရုံးရေး ဆင်းစဉ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေတစ်ပါတီ ခေါ် ကျားဖြူပါတီ နောက်ကွယ်တွင် လက်နက်ကိုင်တပ်ဖွဲ့ ထောက်ကူပံ့ပိုးနေသည်ဟု ပြောဆိုစည်းရုံး....
လားရှိုး ကြံ့ဖွတ်ပါတီက ကျေးလက်ဒေသ မဲဆွယ်စည်းရုံးရေး ဆင်းစဉ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေတစ်ပါတီ ခေါ် ကျားဖြူပါတီ နောက်ကွယ်တွင် လက်နက်ကိုင်တပ်ဖွဲ့ ထောက်ကူပံ့ပိုးနေသည်ဟု ပြောဆိုစည်းရုံးကြောင်း စုံစမ်းသိရှိရပါသည်။
“ကျားဖြူပါတီက သျှမ်းပြည်မှာ ရှိတဲ့ တိုင်းရင်းသား အားလုံးကို ကိုယ်စားမပြုဘူး။ သူတို့က သျှမ်းလူမျိုးတွေ အတွက်ဘဲ လုပ်တာ။ သူတို့ကို ရွာသူရွာသားတွေက အားပေးထောက်ခံရင် အနာဂတ်မှာ အခက်အခဲတွေ ဒုက္ခရောက်မယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ကို လက်နက်ကိုင်တပ်ဖွဲ့တွေ နောက်ကွယ်မှာ ထောက်ပံ့ နေလို့ဘဲ” ဟု ပြောဆိုကြောင်း အသက် ၃၀ နှစ်ရှိ အီနိုင်းရွာသား တစ်ဦးက ပြောပါသည်။
သြဂတ်စ် ၂၄ ရက် လားရှိုး ကြံ့ဖွတ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနော်ခမ်းဦး ဦးဆောင်၍ အပေါင်းအပါများနှင့် လားရှိုးအနောက်ဘက် ၇ မိုင်အကွာ အိမ်ခြေ ၅၀၀ ကျော်ရှိ အီနိုင်းရွာသို့ စည်းရုံးရေး ဆင်းခဲ့၏။
သျှမ်း၊ ပလောင်နှင့် လီရှောလူမျိုးများ နေထိုင်ပြီး ရွာသူရွာသားများအား ဘုန်ကြီးကျောင်း၌ စုဝေးစေ၍ ဟောပြောစဉ် ထိုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။
“ကြံ့ဖွတ်ပါတီဘဲ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတယ်။ ကြံ့ဖွတ်ပါတီကို မဲပေးထောက်ခံမယ်ဆိုရင် ရွာသူရွာသားတွေ အေးအေးချမ်းချမ်း နေနိုင်မယ်။ ဒါကြောင့် ကြံ့ဖွတ်ပါတီကိုဘဲ မဲပေးပါ” ဟု ပြောဆိုကြောင်း အီနိုင်းရွာသူတစ်ဦးကလည်း ပြောပါသည်။
“ကျားဖြူပါတီကို လက်နက်ကိုင် တပ်ဖွဲ့က နောက်ကွယ်မှာ ထောက်ပံ့နေတယ်လို့ ပြောတာဟာ အခြေအမြစ် မရှိတဲ့ ပုပ်ခတ်မှုဘဲ။ မဟုတ်မမှန်တဲ့ အရာတွေကို ဖန်တီးပြောဆိုတာ ဖြစ်တယ်” ဟု လားရှိုး ကျားဖြူပါတီဝင် တစ်ဦးက ပြောပါသည်။
ကချင်ပြည်နယ် မိုးကောင်း ကြံ့ဖွံ့ပါတီ စည်းရုံးရေး ဆင်းစဉ် ကျားဖြူပါတီအား အလားတူ ဖန်တီးပြောဆို ခဲ့ဖူးသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက လက်နက်ကိုင် တပ်ဖွဲ့များနှင့် လုံးဝ မပတ်သက်ကြောင်း ရှင်းလင်းပြောဆိုခဲ့ဖူးသည်။
အသက် ၅၂ နှစ်ရှိ လားရှိုး ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ဦးနော်ခမ်းဦးသည် ကျောက်မဲဇာတိ ဖြစ်ပြီး လွန်ခဲ့သော ၄ နှစ်က လားရှိုးသို့ ပြောင်းရွှေ့နေထိုင်သည်။ ၎င်းသည် ကျောက်မဲထွေအုပ်ရုံး၌ စာရေးအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်၏။