တာချီလိတ်မြို့ ကြံ့ဖွံ့ပါတီ ကော်မတီဝင်များ အချို့ရပ်ကွက်များအတွင်း လှည့်လည်ပြီး တစ်အိမ်တက်ဆင်း အသက် ၅၀-၆၀ ကျော် (အမျိုးသမီး ခပ်များများ)အား ဓါတ်ပုံရိုက်ယူပြီးနောက် ပါတီဝင်ကဒ်ပြား ပြုလုပ်ကာ ပါတီဝင်အဖြစ် အဓမ္မ သွတ်သွင်း.....
တာချီလိတ်မြို့ ကြံ့ဖွံ့ပါတီ ကော်မတီဝင်များ အချို့ရပ်ကွက်များအတွင်း လှည့်လည်ပြီး တစ်အိမ်တက်ဆင်း အသက် ၅၀-၆၀ ကျော် (အမျိုးသမီး ခပ်များများ)အား ဓါတ်ပုံရိုက်ယူပြီးနောက် ပါတီဝင်ကဒ်ပြား ပြုလုပ်ကာ ပါတီဝင်အဖြစ် အဓမ္မ သွတ်သွင်းလျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။
“ခြံဝင်းထဲ ၀င်လာပြီး ဘာမှ မရှင်းပြဘူး။ ဓါတ်ပုံ အတင်းခေါ်ရိုက်တယ်။ ဓါတ်ပုံ ပြန်ပို့လာပေးမယ်လို့ ပြောတယ်။ ဘာအတွက် ရိုက်လဲ မသိဘူး။ ပြီးတော့ ပြန်သွားကြတယ်။ အင်္ကျီဖြူ ထမီပုဆိုးစိမ်း ကိုယ်စီနဲ့ ဆိုတော့ ကျေးလက် ကနေ မြို့ထဲ ပြောင်းနေတဲ့ မသိနားမလည်သူ ခပ်များများက ကြောင်အန်းအန်းနဲ့ ဘာမှ သိပ်မမေးရဲကြဘူး။ ၂-၃ ရက် ကြာတော့ ပါတီဝင်ကဒ်ပြား ပို့လာတယ်” ဟု ပုန်းထွန်သူ တစ်ဦးက ပြောပါသည်။
သြဂတ်စ် ၂၀ ရက်မှ စ၍ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦးတို့က ကြံ့ဖွံ့ ၀တ်စုံဖြင့် တာချီလိတ်မြို့ပေါ် ပုန်းထွန်နှင့် ဆန်ဆိုင်း ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်းပြီး ထိုကဲ့သို့ ဓါတ်ပုံ ရိုက်ယူကြသည်ဟု ဆို၏။
“အသက် ၅၀-၆၀ လူကြီးပိုင်း အမျိုးသမီး ခပ်များများဘဲ ယူတယ်။ လူငယ်ပိုင်းတော့ သိပ်မပါဘူး။ အမျိုးသား ၂ ယောက်က သူတို့ ပါလာတဲ့ မိုးပြာရောင် နောက်ခံ ပိတ်စကို နံရံနား ရပ်ပြီး ကာထားပေးတယ်။ ပိတ်စရှေ့ ရပ်ခိုင်းပြီး အမျိုးသမီးက ရိုက်ယူတယ်” ဟု ဆန်ဆိုင်း (ခ) ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောပါသည်။
မယက၊ လ၀ကရုံးရှိ အိမ်ထောင်စု စာရင်းများ တောင်းယူမိတ္တူ လုပ်၍ နာမည် ရွေးကာ ဖောင်ဖြည့်ထားပြီး ဓါတ်ပုံ ကပ်ရန် ထိုကဲ့သို့ ဓါတ်ပုံ လိုက်ရိုက်ကြခြင်း ဖြစ်ကြောင်း၊ ကြံ့ဖွံ့ပါတီအင်အား တောင့်တင်းရန် နည်းမျိုးစုံ သုံး၍ လုပ်နေခြင်း ဖြစ်ကြောင်း တာချီလိတ် ဒေသခံတစ်ဦးက ပြောပါသည်။
ဂျွန်လဆန်းပိုင်း ကြံ့ဖွံ့အသင်းမှ ကြံ့ဖွံ့ပါတီသို့ ကူးပြောင်းစဉ် ကျိုင်းတုံမြို့နယ် ကြံ့ဖွံ့ အကြီးအကဲများက ဒေသခံ လူထုအား “အသက် ၁၈ နှစ်အထက် ရွာသူရွာသားအားလုံး ကြံ့ဖွံ့ပါတီ ၀င်ရမယ်။ မ၀င်တဲ့ သူတွေ နိုင်ငံတော်ကို ပုန်ကန်တဲ့ စာရင်းထဲ ပါသွားမယ်” ဟု ခြိမ်းခြောက်၍ အဓမ္မ သွတ်သွင်းခဲ့ကြောင်း ကျိုင်းတုံသား တစ်ဦးက ပြောပါသည်။