နအဖ၏ ခြိမ်းခြောက်ဖိအား လက်မခံရေး ၀ နှင့် မိုင်းလား တို့ ဆုံးဖြတ်ကြောင်းပြန်

နအဖ၏ ခြိမ်းခြောက်ဖိအား လက်မခံရေး ၀ နှင့် မိုင်းလား တို့ ဆုံးဖြတ်ကြောင်းပြန်

မိုင်းလား နှင့် ၀ တပ်ဖွဲ့ခေါင်းဆောင်  စရဖ အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တွေ့ဆုံပြီးနောက်ပိုင်း ပန်ဆန်း၌ အစည်းအဝေး ထိုင်ခဲ့ကြပြီး ဘော်ဒါဂတ် လုပ်ရေး၊ လက်နက်ချရေး နအဖ ခြိမ်းခြောက်ဖိအားပေးမှု လက်မခံ....

မိုင်းလား နှင့် ၀ တပ်ဖွဲ့ခေါင်းဆောင်  စရဖ အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တွေ့ဆုံပြီးနောက်ပိုင်း ပန်ဆန်း၌ အစည်းအဝေး ထိုင်ခဲ့ကြပြီး ဘော်ဒါဂတ် လုပ်ရေး၊ လက်နက်ချရေး နအဖ ခြိမ်းခြောက်ဖိအားပေးမှု လက်မခံနိုင်ကြောင်းဆုံး ဖြတ်ကာ ညင်သာပြန်ကြားခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

“ကျနော်တို့ နှစ်ဖွဲ့ ခေါင်းဆောင်တွေ ၃-၄ ရက် ဆွေးနွေးပြီး မနေ့က နေ့လည်ပိုင်း ဆုံးဖြတ်ချက် ချကြတယ်၊ ညနေပိုင်းမှာ နအဖထံ အကြောင်းပြန်လိုက်ပြီ။ ငြိမ်းချမ်းရေး ဆက်ထိန်းမယ်။ အဓိကကတော့  ဒီအတိုင်းဘဲ ဆက်နေသွားပါရစေ ဆိုတာပါဘဲ” ဟု အစည်းအဝေး တက်ရောက်သူနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောပါသည်။

“တိကျတဲ့ အဖြေကတော့ ကျနော်တို့ တောင်းဆိုတာကို နအဖ လက်မခံဘဲ ပယ်ချထားတယ်၊ ကျနော်တို့ကတော့ သူတို့ ဘောင်ခတ်တဲ့အတိုင်း လုံးဝလိုက်လုပ်ရမယ်ဆိုတာ မဖြစ်နိုင်ဘူးလေ၊ ‘ဒီအတိုင်းဘဲ ဆက်နေသွားဖို့၊ နောင်တက်လာမယ့် အစိုးရသစ်မှာမှ ဆွေးနွေးဖို့’ ဆိုတဲ့ ပြန်စာအတွက် နှစ်ဖွဲ့စလုံး ဆုံးဖြတ်ပြီး ပြန်လိုက်ပြီ” ဟု ၀ တပ်မှူးတဦးက ပြော၏။

သီးခြားအတည် မပြုနိုင်သေးသည့် သတင်းတရပ်မှာ ‘ဗိုလ်ရဲမြင့် ပြောစကားက သတင်းထွက်နေတဲ့အတိုင်း မဟုတ်ဘူး၊ သူပြောတာက -အသွင်ပြောင်းဖို့ အချိန်လွန်သွားပြီ၊ အသွင်ပြောင်းဖို့ (အခွင့်အရေး မရှိတော့ဘူး) လုံးဝလက်နက်ချရမယ်၊ နောက်ပြီး ၀ တပ်ဖွဲ့ခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ နအဖ အာဏာပိုင်တွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်တွေ  ၀ နယ် အတွင်းဝင်မှာဘဲတဲ့၊ ပန်ဖှာ့ရဲ့ တပ်မဟာ ၁ သျှမ်းတပ်ဖွဲ့လည်း လက်ခံ လာအောင် လုပ်မယ်လို့ကို ပြောတာ’ ဟုလည်း ပြောဆိုသည်။

နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံအရ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း မော်ဖှနှင့် ပန်ဆန်း ၆ မြို့နယ် ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ထားသည်။

၁၂၊ ၈၊၂၀၁၀ ရက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်သူ့လွတ်တော် မဲဆန္ဒနယ်မြေများ ထုတ်ပြန်ရာတွင် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတွင် ပါဝင်သည့် ၆ မြို့နယ်ကိုလည်း မဲဆန္ဒနယ်မြေ ၆ နေရာ သတ်မှတ် ခဲ့သည်။

လက်ရှိတွင် မိုင်းမော၊ မိုင်းပေါက်၊ မိုင်းဖျဲန်၊ ပန်ဝိုင်၊ နားဖန်းနှင့် ပန်ဆန်း ၆ မြို့နယ်ကို ၀ တပ်ဖွဲ့က ထိန်းချုပ် ထားပြီး ဟိုပန်နှင့် မော်ဖှ (မတ်မန်)မြို့နယ်ကိုမူ နအဖစစ်တပ်က ထိန်းချုပ်ထားသည်။

၂၀၀၉ နိုဝင်ဘာ ၀ တပ်ဖွဲ့၏ နအဖထံ တင်ပြတောင်းဆိုချက် စာတမ်း၌ ထိုင်းနယ်စပ် အနီး မိုင်းဆတ်၊ မိုင်းတုံ မြို့နယ် ၁၇၁ စစ်ဒေသနှင့် လက်ရှိ ၀ ထိန်းချုပ်နယ်မြေ မိုင်းပေါက်၊ မိုင်းဖျဲန်မြို့နယ်တို့အား မိုင်းပေါက်ခရိုင် သတ်မှတ်၍ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွင်း ထည့်သွင်းရန်တို့ ပါရှိသည်။

အပစ်ရပ် လက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် အင်အား ၂ သောင်းကျော်ရှိ ၀ ပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP အပါအ၀င် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ မုံးလားအဖွဲ့နှင့် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်မဟာ ၁ အဖွဲ့တို့သည် လက်နက်ချရေးကို မဆိုထားနှင့် နအဖ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အဆိုကို ယနေ့တိုင် ငြင်းဆန်နေဆဲ ဖြစ်သည်။