ကရင်ငြိမ်းအဖွဲ့များ စုပေါင်းထားသည့် နိုင်ငံရေးပါတီ ရွေးကောက်ပွဲဝင်မည်

ကရင်ငြိမ်းအဖွဲ့များ စုပေါင်းထားသည့် နိုင်ငံရေးပါတီ ရွေးကောက်ပွဲဝင်မည်
by -
နန်းထူးစံ

လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် ကရင်လက်နက်ကိုင် အဖွဲ့ဝင်များ စုပေါင်း၍ ကရင်ပါတီတခု ထူထောင်ကာ ကရင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်များတွင် ၀င်ရောက် အရွေးခံရန် စီစဉ်....

လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် ကရင်လက်နက်ကိုင် အဖွဲ့ဝင်များ စုပေါင်း၍ ကရင်ပါတီတခု ထူထောင်ကာ ကရင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်များတွင် ၀င်ရောက် အရွေးခံရန် စီစဉ်နေပြီးဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP)သည် ယခုလ ၁၂ရက်နေ့၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ရာ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၉)နှင့်အညီ ကော်မရှင်က ယခုလ (၁၉)ရက်နေ့တွင် နိုင်ငံရေးပါတီမှတ်ပုံတင် ခွင့်ပြုလိုက်ကြောင်း ကြေညာချက် အမှတ် (၉၂/၂၀၁၀)ဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။

၎င်းပါတီသည် နအဖ သတင်းနှင့် ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်းမှနေ၍ ကရင်ပြည်နယ်အတွင်းရှိ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ)၊ ကရင်ငြိမ်းချမ်းရေးအဖွဲ့(ကေပီအက်ဖ်)၊ ပဒိုအောင်ဆန်း ဦးစီးသော ငြိမ်းအဖွဲ့ စသည့် အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များကို စုစည်းပြီး ထူထောင်ပေးခြင်းဖြစ်ကာ သြ ဂုတ်လ ၁၁ရက်နေ့က ပြည်ထောင်စု ကော်မရှင်ထံသို့ ပါတီထောင်ခွင့် လျှောက်ပြီး နောက်တရက်တွင် နိုင်ငံရေးပါတီ မှတ်ပုံ တင်ခွင့် လျှောက်ထားခဲ့ရာမှ ယခုသြဂုတ်လ ၁၉ရက်နေ့တွင် ခွင့်ပြုချက်ရရှိခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများသည် ပါတီမှတ်ပုံတင်ခွင့် ရရှိသောနေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် အင်အား စာရင်းများကို တင်ပြရမည်ဖြစ်သော်လည်း KSDDP ပါတီသည် မှတ်ပုံခွင့်ရရှိသည့် သြဂုတ်လ ၁၉ရက်နေ့တွင် ၎င်းတို့၏ ပါတီဝင်အင်အားစာရင်းကို ရွေးကောက်ပွဲ ကော်မရှင်ထံသို့ သွားရောက် တင်ပြ ခဲ့ပြီးဖြစ်သည်ဟု သြဂုတ်လ ၂၀ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ရေးသားဖော်ပြထားသည်။

KSDDP ပါတီသည် ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ အမှတ် (၇)ရပ်ကွက်၊ ကမ်းနားလမ်းတွင် ပါတီရုံးစိုက်ပြီး ပါတီ၏ ခေါင်း ဆောင်များကို ထုတ်ပြန်ဖော်ပြခြင်း မရှိသေးသော်လည်း ပါတီဥက္ကဌမှာ ဒီကေဘီအေ ဥက္ကဌ စောသာထူးကျော် ဖြစ်နိုင်သည် ဟု ထိုပါတီနှင့် နီးစပ်သူတဦးက ယခုလို ပြောသည်။

“ပါတီတခု ဖွဲ့တယ်ဆိုတာ ဟုတ်တယ်။ ကျနော်တို့ နယ်ခြားစောင့်တပ်အဖွဲ့ထဲမှာ မပါတဲ့ ခေါင်းဆောင်တွေ အဲဒီအဖွဲ့ထဲမှာ ပါ တယ်။ ကျနော်တို့ BGF နဲ့ ဆက်စပ်မှုရှိတဲ့ တခုတည်းသောပါတီ ဖြစ်တယ်။ ကျနော်တို့ လက်နက်ကိုင်လူတွေက ပါလို့မရ ဘူးလေ။ ကျနော် အသေးစိတ် မသိပေမဲ့ အဲဒီထဲမှာ ဖူးသာထူးကျော်လည်း ပါမယ်ထင်တယ်။”ဟု ဆိုသည်။

ဒီကေဘီအေတပ်ဖွဲ့သည် နယ်ခြားစောင့်တပ် (Border Guide Force)အဖြစ် တရားဝင် ပြောင်းလဲဖွဲ့စည်းရန်  ပြီးခဲ့သော သြ ဂုတ်လ ၁၈ရက်နေ့က ဒီကေဘီအေ ဌာနချုပ်တည်ရှိရာ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသတွင် နယ်ခြား စောင့်တပ် တပ်ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ပြီး ၂၀ရက်နေ့တွင် မဲ့ပလဲရွာအနီးနှင့် ပိုင်ကျုံရွာတွင်လည်းကောင်း၊ ၂၁ရက်နေ့ တွင် မြ၀တီမြို့နယ် မေတ္တာလင်းမြိုင်ရပ်ကွက်နှင့် ယနေ့တွင် ကော့ကရိတ်မြို့နယ် ထီဖိုးစန်ကျေးရွာ၌ နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲကို အသီးသီး ကျင်းပခဲ့ကြသည်။

အဆိုပါ ငြိမ်းအဖွဲ့ဝင် သက်ကြီးပိုင်းများ ပါဝင်သည့် KSDDP ၏ ပါတီဆိုင်ရာ ငွေကြေးလိုအပ်ချက်များ၊ ပါတီ၏ လုပ်ငန်းပေါ် လစီ၊ မူဝါဒများကိုလည်းကောင်း နအဖ စစ်အစိုးရမှ ကူညီလမ်းညွှန်ပေးမှုများရှိသည်ဟု ဖားအံမြို့ခံ များက ဝေဖန်ပြောဆိုနေ ကြသည်။

ရွေးကောက်ပွဲကျင်းပရန် ၃လခန့်အလိုတွင် ယခုလို ပါတီထောင်ပေးပြီး နိုင်ငံရေးပါတီအဖြစ် လှုပ်ရှားရန် လျင်မြန်စွာ ခွင့်ပြု ပေးလိုက်ခြင်းသည် ကရင်ပြည်နယ်အတွင်းရှိ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)နှင့် အဓိက ယှဉ်ပြိုင်နိုင်ရန်အတွက် ဖွဲ့ စည်းပေးလိုက်ခြင်းဖြစ်နိုင်သည်ဟု (PSDP) ပါတီဝင်တဦးက သုံးသပ် ပြောဆိုသည်။

လာမည့် နိုဝင်ဘာလ ၇ရက်နေ့၌ ကျင်းပမည့် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်း၌ မြို့နယ်ပေါင်းစုံမှ ၀င်ရောက် ယှဉ်ပြိုင်မည့် ပါတီများမှာ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် ရရှိထားသည့် နိုင်ငံရေးပါတီ (၄၁)ပါတီမြောက် ကရင်ပြည်နယ် ဒီမို ကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ(KSDDP)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ပါတီ(UDSP)၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ(UNP)၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ် ပါတီ(PSDP)နှင့် သံတောင်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့ နယ်တွင် ၀င်အရွေးခံမည့် ကရင်ပြည်သူ့ပါတီ(KPP) တို့ဖြစ်သည်။