ငြိမ်းချမ်းရေးအတွက် KNPP နှင့် အဆက်အသွယ် မလုပ်ရန် အကျိုးတော်ဆောင် အဖွဲ့အား လက်မှတ်ထိုးခိုင်း

ငြိမ်းချမ်းရေးအတွက် KNPP နှင့် အဆက်အသွယ် မလုပ်ရန် အကျိုးတော်ဆောင် အဖွဲ့အား လက်မှတ်ထိုးခိုင်း

ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီနှင့် အဆက်အသွယ် ပြုလုပ်ရန် မလိုတော့ ကြောင်း ကရင်နီပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့အား ပြည်နယ်ဒေသကွပ်ကဲရေး စစ်ဌာနချုပ်မှ အတင်းအကြပ် လက်မှတ် ရေးထိုးခိုင်း....

 

ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီနှင့် အဆက်အသွယ် ပြုလုပ်ရန် မလိုတော့ ကြောင်း ကရင်နီပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့အား ပြည်နယ်ဒေသကွပ်ကဲရေး စစ်ဌာနချုပ်မှ အတင်းအကြပ် လက်မှတ် ရေးထိုးခိုင်းသည်ဟု သိရသည်။

ယခုလ ၁၆ ရက်နေ့တွင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်၏ အဖွဲ့ဝင်အားလုံးကို ဒကစရုံးသို့ ဆင့်ခေါ်ပြီး ကေအဲန်ပီပီနှင့် အဆက်အသွယ် မပြုရန် ကတိဝန်ခံချက် လက်မှတ် ရေးထိုးခိုင်းခြင်း ဖြစ်သည်။
1c50d52dbe9254e500a5390a4a3fecb7_M
“ကယားပြည်နယ်-ဒကစ ရုံးမှာ ကယား ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် နာယက အဖွဲ့ ဖြစ်တဲ့ အဘ ဦးစောသိန်း၊ အသက် ၉၄ နှစ် ရှိပြီ ဖြစ်တဲ့ အဘိုးလည်း တုန်ရီတုန်ရီနဲ့ ရုံးကို လက်မှတ်သွားထိုးတယ်။ နာယက အဖွဲ့ ဖြစ်တဲ့ ဆရာတော် မောင်သောင်း၊ ဆရာတော် မောလီး။ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ဝင် အားလုံးကို ခေါ်ပြီး လက်မှတ်ထိုးခိုင်းတယ်။ ပြဿနာ ဖြစ်လာပြီဆိုရင် အရေးယူဖို့ပဲ။ သဘောက ဆက်ပြီး အလုပ်ကို မလုပ်ဖို့” ဟု ငြိမ်းအဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

ကရင်နီပြည်တွင် ပြီးခဲ့သည့်လက လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ NUDP ဖွဲ့စည်းတည်ထောင်လိုက်ပြီးသည့်နောက် ယခုလို ပါတီနှင့် ဆက်စပ်မှု ရှိသည့် အဖွဲ့အစည်းများကို အနှောက် အယှက် ပြုလုပ်နေဟု ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီမှတ်ပုံတင်ခွင့်ပြုထားသော ကရင်နီပြည် ကိုယ်စားပြု ပါတီ NUDP အား ယခု သက်သစ်စ လူငယ်များမှ ထောက်ခံအားပေးမှု အားကောင်းနေကြောင်း၊ သို့သော် စစ်အစိုးရ ကြိုးကိုင်ထားသော ပြည်နယ် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ NUDP အား လိုလားမှု မရှိကြောင်း အခြေအနေအား သိရှိထားသော လွိုင်ကော်မြို့ခံများက ပြောသည်။

စစ်အစိုးရမှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့အား KNPP နှင့် တွေ့ဆုံနိုင်ရန် နယ်စပ်ဖြတ်ကျော်ခြင်းများ လွတ်လပ်စွာ သွားလာခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီများ ထူထောင်ပြီးသည့် နောက်ပိုင်းတွင် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် အဆက်အသွယ် မပြုရန် တားမြစ်ထားခြင်း ဖြစ်နိုင်ကြောင်း ကေအဲန်ပီပီက ဆိုသည်။

ကေအဲန်ပီပီမှ အထွေအထွေ အတွင်းရေးမှူး ခူးဦးရယ်မှ “ပါတီ မဖွဲ့ခင်တုန်းက ကာလတွေမှာဆိုရင် ငြိမ်းအဖွဲ့က ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ ဆိုပြီးတော့ တရားဝင် သွားလာနေကြတယ်။ အဲ့ဒီအချိန်မှာ ကျနော်တို့နဲ့ အဆက်အသွယ် ရှိပါသေးတယ်၊ ဒါပေမယ့် ပါတီတွေ လျှောက်ထားခွင့်ပြုပြီးတဲ့ နောက်ပိုင်း အခုထိဘာမှ မကြားတော့ဘူး။ ရွေးကောက်ပွဲ ဥပဒေမှာလည်း အဲ့ဒီလိုပဲသွားတယ်၊ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေနဲ့ အဆက်အသွယ် မလုပ်ရဆိုတာ ပါတယ်လေ” ဟု ပြောသည်။

ကရင်နီပြည်နယ်မှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့သည် ကေအဲန်ပီပီနှင့် စစ်အစိုးရအကြား ပြေလည် အောင် ဆက်သွယ်ပေးနိုင်သည့် အဖွဲ့ ဖြစ်သော်လည်း ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ကေအဲန်ပီပီ အတွက် တိုးတက်ပြောင်းလဲလာနိုင်သည့် အခြေအနေ မရှိဟု ဆိုသည်။

 

Most read this week