သူတို့ကို အင်အား ဖြည့်ပေးတာပါ

သူတို့ကို အင်အား ဖြည့်ပေးတာပါ

၆၂ နှစ်မြောက် ကရင်နီမတော် နေ့ထူးနေ့မြတ်

မြန်မာစစ်အစိုးရအား နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင်သည့် နည်းလမ်းဖြင့် ဆက်လက်တော်လှန် တိုက်ခိုက် နေသော ကရင်နီတပ်မတော်ထဲသို့ အမျိုးသမီးရဲမေများ တဖန်ပါဝင်ပူးပေါင်း....

မြန်မာစစ်အစိုးရအား နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင်သည့် နည်းလမ်းဖြင့် ဆက်လက်တော်လှန် တိုက်ခိုက် နေသော ကရင်နီတပ်မတော်ထဲသို့ အမျိုးသမီးရဲမေများ တဖန်ပါဝင်ပူးပေါင်းလာသည်ကို ယနေ့ ကျရောက်သည့် ကရင်နီတပ်မတော် နေ့ထူးနေ့မြတ်တွင် တွေ့ရှိရသည်။

ကရင်နီတပ်မတော်ထဲတွင် ရဲမေများ ပါဝင်မှု ၁၄ နှစ်တာ ကာလအတောအတွင်း ပျောက်ကွယ်သွားခဲ့ရာမှ ယခု သြဂုတ်လ ၁၇ ရက်၊ ၂၀၁၀ ခုနှစ်တွင် ကျရောက်သည့် ၆၂ နှစ်ကြိမ်မြောက် ကရင်နီတပ်မတော်နေ့တွင် ပြန်လှည် တွေ့ရှိရခြင်း ဖြစ်သည်။
ka-army-day-622“ကျမတို့ ကရင်နီတော်လှန်ရေးဟာ အမျိုးမျိး ဆင်းရဲ့ဒုက္ခတွေနဲ့ ကြုံတွေ့နေရတယ်။ တိုင်ပင်တာ မဟုတ်ဘဲနဲ့  ဒုက္ခသည်မှာ လာပြီး လာနေရတယ်။ ကိုယ့်မြေမှာ မဟုတ်ဘဲနဲ့ သူများနိုင်ငံမှာ လာနေရတယ်ဆိုတော့ ကျမ တယောက် အနေနဲ့ ကရင်နီလူမျိုးတယောက် အနေနဲ့ ကျမ ခံစားမိလို့ ကျမတို့ အရေးကို ကျမတို့ ကိုယ်တိုင် ကျမတို့ ပါဝင်ပြီးတော့မှ တတောင့်တနေရာမှာပေါ့နော်။ ကျမတို့ အင်အားဖြည့်ဖို့ ပါဝင်နိုင်ဖို့ ကျမ ဒီစစ်ထဲကို ၀င်လာရတာဘဲ။ သူတို့ကို ဘယ်လိုမျိုး တဖက် တလှမ်းကနေ ပါဝင်ပြီးမှ အထောက်အကူ ပြုနိုင်မလဲ။ သူတို့ကို အင်အားဖြည့်ပေး ဒါပေါ့နော်” ဟု အသက် ၂၅ နှစ်အရွယ် ရှိသည့် ရဲမေ ရောင်နီက ပြောပါသည်။

ယနေ့ ကျရောက်သည့် ကရင်နီတပ်မတော်နေ့ အခမ်းအနားကို ကရင်နီပြည် တပ်မတော် စခန်းတခု ဖြစ်သည့် ညာမိုတပ်စခန်းတွင် ကျင်းပပြုလုပ်ပြီး စစ်သင်တန်း အပါတ်စဉ် (၅၇) တွင် ပါဝင်ခဲ့ကြသော အမျိုးသမီးရဲမေ ခြောက်ဦးနှင့်အတူ ရဲဘော်သစ် ၃၉ ဦးအား သစ္စာရေ တိုက်ခဲ့ကြသည်။

“စစ်သင်တန်း အတောအတွင်းမှာ လာတက်ရင်း ရဲဘော်တွေရဲ့ စည်းလုံးညီညွတ်မှု စိတ်ဓါတ်တွေ ကျမတို့အားလုံး တွေ့မြင်နေရတယ်။ ခံစားနေရတယ်။ သူတို့ ခံစားနေရတာကိုလဲ ကျသူတို့နဲ့အတူ ခံစားရတယ်။ နောက်ပြီး တချက်အနေနဲ့ ကျမ ဘယ်လိုမျိုး ပိုပြီး ခံစားနေရလဲဆိုတော့ ကျမတို့ အမျိုးသမီးတွေဟာ အမျိုးသားတွေဘဲ ရဲဘော် လုပ်လို့ရသလို အမျိုးသမီးတွေလဲ သူ့နေရာနဲ့သူပေါ့နော်။ လုပ်လို့ ရပါတယ်” ဟု အသက် ၂၇ နှစ်အရွယ် ရှိသည့် ရဲမေ ဘေးဘေက ပြောပါသည်။

အမျိုးသမီးများ ကရင်နီတပ်မတော်ထဲသို့ တဖန်ပြန်လှည်ဝင်ရောက်လာခြင်းနှင့် ပါတ်သက်ပြီး ကရင်နီတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက တပ်မတော်နေ့မှာ ယခုလို ပြောပါသည်။

“ကျနော်တို့ တိုင်းပြည် ပြန်လှည်ရရှိရေး လူမျိုးတွေ လွတ်မြောက်ရေးအတွက်က တာဝန်က ယောက်ကျားတွေဘဲ မဟုတ်ဘူး။ အမျိုးသမီးတွေမှာလဲ တာဝန် ရှိတယ်။ ဒီတနှစ်မှာလဲ အမျိုးသမီးတွေကလဲ လုပ်ရှားတဲ့ အဖွဲ့အစည်း တွေ ရှိတဲ့အပေါ်မှာ ကျနော်တို့ ကျားမ မခွဲဘူး။ ရင်ဘောင်တန်းပြီး Equality အဲလိုရှိတဲ့ အပေါ်မှာ သူတို့က စိတ်ပါ ၀င်စားလို့ သူတို့ တာဝန်သိသိနဲ့ သူတို့ ၀င်လုပ်တာ ဖြစ်တယ်။”

နှစ်ပေါင်း ၆၀ ကျော် ကရင်နီတော်လှန်ရေးတလျောက် ကရင်နီတပ်မတော်ထဲသို့ အမျိုးသမီးရဲမေများ ပါဝင် မှုသည် ပြီးခဲ့သည့် ၁၉၉၆ ခုနှစ်အထိ ရှိခဲ့ပြီး နောက်ပိုင်းပျောက်ကွယ်သွားခဲ့ပါသည်။ ယခုနှစ် ၂၀၁၀ ခုနှစ် အမျိုးသမီး ရဲမေများ ပါဝင်လာသည့် ကရင်နီတပ်မတော်နေ့ အခမ်းအနားကို မဟာမိတ် ကျောင်းသားတပ်မတော်၊ ကရင်နီလူငယ်နှင့် ပြည်သူပေါင်း ၃၀၀၀ ၀န်းကျင် တက်ရောက်အားပေးခဲ့ကြသည်။

ကရင်နီပြည်တပ်မတော်ကို ပြီးခဲ့သည့် ၁၉၄၈ ခုနှစ် သြဂုတ်လ (၁၇) ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ပြီး ဖဆပလ အစိုးရ လက်ထက်မှ စ၍ မဆလ၊ န၀တ၊ နအဖစစ်အစိုးရ အဆက်ဆက်ကို ယနေ့တိုင် လက်နက် ကိုင်သည့် နည်းလမ်းနှင့် အတူ နိုင်ငံရေးနည်းလမ်းဖြင့်လည်း ခုခံတော်လှန်တိုက်ခိုက်နေသည်။

“အဖွဲ့အစည်းအတွင်းမှာဘဲဖြစ်ဖြစ် တာဝန်ထမ်းဆောင်နိုင်သလောက် အခုချိန်ဟာ ဆိုလို့ရှိရင် အမျိုးသမီးနဲ့ အမျိုးသားတွေ ရင်ဘော်တန်းနေတဲ့အချိန် ကျမတို့ အမျိုးသမီးတွေက ငြိမ်ငြိမ်နေလို့ မရတော့ဘူး။ ကျမတို့ ထပြီးမှ အလုပ်လုပ်ဖို့ လိုအပ်နေပြီ။ လုပ်ဆောင်ဖို့လဲ လိုအပ်နေပြီလို့ ခံစားနေရတယ်လေ။ အဖိနှိပ်ခံ နေရတဲ့ ပြည်သူတွေအတွက် တတောင့်တနေရာကနေလဲ ပါဝင်ပြီးမှ စလုပ်ဖို့ လိုနေပြီလို့ ကျမ အနေနဲ့ ခံစားရတယ်။ နော်ကျမ အနေနဲ့ ဒီလိုမျိုးနေလို့ မရတော့ဘူး။ ကျန်ရှိနေတဲ့ ညီငယ်ညီမငယ်လေးတွေကိုလဲ ကျမတို့ ပြောပြဖို့ လိုအပ်နေပြီလို့ ခံစားလာရတယ်လေ” ဟု ရဲမေ ဘေးဘေက ပြောကြားသွားခဲ့သည်။

 

 

 

 

 

 

 

 

Most read this week