ကချင်ပြည် ဖါးကန့်မြို့ ဒေသခံများ၏ သဘောထားမေးမြန်းခြင်းမပြုဘဲ - ဖါးကန့်သူ/သား သျှမ်းလူမျိုး ၁၀၀ ကျော်အား ကြံ့ဖွတ်ပါတီဝင်အဖြစ် သွတ်သွင်း.....
ကချင်ပြည် ဖါးကန့်မြို့ ဒေသခံများ၏ သဘောထားမေးမြန်းခြင်းမပြုဘဲ - ဖါးကန့်သူ/သား သျှမ်းလူမျိုး ၁၀၀ ကျော်အား ကြံ့ဖွတ်ပါတီဝင်အဖြစ် သွတ်သွင်းလိုက်ကြောင်း စုံစမ်းသိရှိရပါသည်။
“ကြံ့ဖွတ်ပါတီရဲ့ စည်းရုံးရေးတာဝန်ခံ ဦးစိုင်းမြင့်ကျော်ကနေပြီးတော့ ဖါးကန့်မြို့ပေါ်မှာရှိတဲ့ အသက် ၁၈ နှစ် အထက် သျှမ်းလူမျိုး ၁၂၀ ကို ကြံ့ဖွတ်ပါတီဝင် အဖြစ်သွတ်သွင်းလိုက်တယ်။ ကာယကံရှင် သဘောထား မေးမြန်းခြင်း လုံးဝမလုပ် ဘူး” - ဟု ဒေသခံ သျှမ်းအမျိုးသမီးတဦးက ပြောပါသည်။
ဂျွန်လလယ်ပိုင်း၌ ကြံ့ဖွတ်ခေါင်းဆောင်ပိုင်း ၀န်ကြီး ဦးသိန်းဇော် ကချင်ပြည် ဖားကန့်ဘက်သို့ စည်းရုံးရေးခရီး ဆင်းခဲ့ ကြောင်း၊ ထိုခရီးစဉ်၌ ဦးမြင့်ကျော်က ၀န်ကြီးအား ‘ဖားကန့်တွင် သျှမ်းကျားဖြူပါတီအလံ မလွှင့်ထူနိုင် ရန် တာဝန်ယူသည်’ ဆိုသည့်နှုတ်ကတိ စကားပေးခဲ့ကြောင်း၊ ထို့ကြောင့် ဒေသခံများ ကျားဖြူပါတီဝင် မဖြစ်စေရန် ကြိုတင်အကောင်အထည် ဖေါ်ခြင်းဖြစ်ကြောင်း - ကျားဖြူပါတီဝင်ရန်ဆန္ဒရှိသည့် သိမ်းသွင်းခံသူ ဒေသခံ သျှမ်း အမျိုးသားတဦးက ဤကဲ့သို့ပြောပြပါ သည်။
“သူ့ရာထူးတာဝန်ကို ခုတုံးလုပ်ပြီး ဖါးကန့်မြို့ပေါ်နဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာရှိတဲ့ သျှမ်းမိသားစုများကို စည်းရုံးဖို့ ရည်ရွယ်ချက်နဲ့ဂျူလိုင်လထဲ အစည်းဝေးသုံးကြိမ်ခေါ်တယ်။ သူ့ရဲ့စိတ်နေ သဘောထားကိုသိနေတော့ ဘယ်သူမှ အစည်းအဝေးမသွားဘူး။ အခုတော့ ဘယ်သူ့ကိုမှ အသိမပေးဘဲ ဒေသခံသျှမ်းပညာတတ် ၁၀၀ ကျော် ကိုကြံ့ဖွတ် အသင်းဝင်အဖြစ် စာရင်းသွင်းလိုက်ခြင်းဖြစ်တယ်”
ကျားဖြူပါတီ (ခေါ်) သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP နှင့် နီးစပ်သူတဦးကလည်း - “သူက သျှမ်းအမျိုးသား (တိုင်းဆာ) တယောက်ဖြစ်ပြီးတော့ သျှမ်းလူထုကိုကိုယ်စားပြုတဲ့ ကျားဖြူပါတီ ဖါးကန့်မှာ ရုံးမ ဖွင့်နိုင်အောင် အစီအစဉ်နဲ့ စိတ်ထားယုတ်ညံ့စွာလုပ်ဆောင်တာဖြစ်တယ်” - သျှမ်းသံတော်ဆင့်သို့ ပြောပြ၏။
ဦးစိုင်းမြင့်ကျော် (အသက် ၅၀ ကျော်) သည် ဖားကန့်မြို့နယ် သျှမ်းစာပေယဉ်ကျေးမှု ဥက္ကဌဖြစ်၏။ စစ်အုပ်စု ဦးစည်းကျင်းပသည့် ညောင်နှစ်ပင် ညီလာခံတွင်လည်း ဖါးကန့်မြို့နယ် သျှမ်းတိုင်းရင်းသားများ ကိုယ်စားလှယ် အဖြစ်တက် ရောက်ခဲ့ရ၏။