ကယားပြည်နယ် ရှားတောမြို့နယ်အတွင်း သံလွင်မြစ်ကိုပိတ်၍ တည်ဆောက်မည့် ရေအား လျှပ်စစ် စီမံကိန်း အသစ်သည် တည်ဆောက်မှုလုပ်ငန်းများ မစတင်မီကပင် ကန့်ကွက်မှုများဖြင့် ကြုံနေရ...
ကယားပြည်နယ် ရှားတောမြို့နယ်အတွင်း သံလွင်မြစ်ကိုပိတ်၍ တည်ဆောက်မည့် ရေအား လျှပ်စစ် စီမံကိန်း အသစ်သည် တည်ဆောက်မှုလုပ်ငန်းများ မစတင်မီကပင် ကန့်ကွက်မှုများဖြင့် ကြုံနေရပြီ ဖြစ်သည်။
အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ ဒါထာရေအားလျှပ်စစ် ထုတ်လုပ်ရေးကုမ္ပဏီ (Datang (Yunnan) United Hydropower Developing Co., Ltd. (DUHD) တို့ ပူးတွဲ၍ တည် ဆောက်မည့် လျှပ်စစ်အား မီဂါဝပ် ၆ဝဝ ထွက် ရေကာတာ စီမံကိန်းကို ထိုင်းနယ်စပ်မှ ကရင်နီလူမှုအသင်းများက ကန့်ကွက်နေခြင်း ဖြစ်သည်။
ရှားတောမြို့နယ်နှင့် ဘောလခဲမြို့နယ်အစပ်ရှိ သံလွင်မြစ်ကျဉ်းပြီး ကျောက်ဆောင်များပေါသဖြင့် “ကျောက်ကျဉ်း” ဟုခေါ်သည့် နေရာတွင် တည်ဆောက်မည့် စီမံကိန်းများအား ပူးပေါင်း ဆောင်ရွက်ရန် အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာန ရေအားလျှပ်စစ် စီမံရေး ဦးစီးဌာနနှင့် ဒါထာကုမ္ပဏီ DUHD တို့ ယခုနှစ်ဆန်းပိုင်းက နေပြည်တော်၌ လက်မှတ်ထိုးခဲ့ကြသည်။
ရေကာတာသစ် တည်ဆောက်ရန် မြန်မာနှင့် တရုတ်အင်ဂျင်နီယာများက ဧပြီလနှင့် ဇွန်လတို့၌ ရေဖိအားနှင့် မြေအနေအထားများ လာရောက်လေ့လာပြီး ဖြစ်သည်။ ရေကာတာနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက် များကိုမူ စစ်အစိုးရက ထုတ်ပြန်ခြင်းမရှိပေ။
ယင်းစီမံကိန်း လုံခြုံရေးအတွက် နအဖ စစ်သားများ တိုးချဲ့အခြေချလာနိုင်ပြီး စိုက်ပျိုးစားသောက်နိုင်သည့် မြစ်ချောင်းများ ရေမြုပ်ပျောက်ကွယ်နိုင်သည်ဟု ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ကရင်နီ လူမှုအသင်း ၁၁ ဖွဲ့ဖြင့် စုဖွဲ့စည်းထားသော ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့ တာဝန်ခံ ခူးတော်ရယ်က ပြောသည်။
ယင်းဒေသ၌ မူလက နေထိုင်ခဲ့သူများမှာ ၁၉၉၆-၉၇ ခုက ကရင်နီ အရှေ့မြောက်ခြမ်း ရှားတောမြို့နယ်၌ စစ်အစိုးရက “မြေလှန်စစ်ဆင်ရေး” ဆောင်ရွက်ခဲ့သဖြင့် ကယားပြည်နယ်အတွင်းမှ အခြားမြို့နယ်များနှင့် ထိုင်းနိုင်ငံအတွင်းသို့ ရွှေ့ပြောင်း ခိုလှုံနေထိုင်ကြရသူများ ဖြစ်သည်။ စုစုပေါင်း ရွာပေါင်း ၉၆ ရွာမှ လူဦးရေ ၃-၄ သောင်းခန့်ရှိသည်ဟု သိရသည်။ ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများ၌ တသောင်းခန့်ရှိသည်ဟု ဆိုသည်။
“ရွာတွေ မရှိတော့ဘူး ဆိုပေမယ့် အခြေအနေလေး ကောင်းရင် အဲဒီနေရာကို ပြန်လာမယ်ဆိုတဲ့ လူက သောင်းဂဏန်း ရှိတယ်လေ။ လောပိတလိုပဲ စစ်သားတွေချမယ်၊ မိုင်းတွေ မြှုပ်မယ်။ မြစ်လက်တက်တွေ၊ စိုက်ပျိုးရေးလုပ်လို့ ကောင်းတဲ့နေရာတွေ အကုန်လုံး ရေအောက် ရောက်မယ်” ဟု ခူးတော်ရယ်က ပြောသည်။
ထိုင်းနိုင်ငံ ကရင်နီ ဒုက္ခသည်များ အပါအဝင် ကယားပြည်နယ် လေးပုံတပုံခန့် ကျယ်ဝန်းသည့် ယင်းဒေသမှ ထွက်ပြေးခဲ့ကြရသည့် မူလပိုင်များ ပြန်လာခဲ့လျှင် မိုင်းအန္တရာယ် ကြုံရမည်ဖြစ်ပြီး မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်လည်း ကြုံရဖွယ်ရှိနေသဖြင့် ယခုစီမံကိန်းကို ဆန့်ကျင်ရခြင်း ဖြစ်သည် ဟုလည်း သူက ဆိုသည်။
၁၉၄၈ ခုနှစ် သြဂုတ်လ ၉ရက်၌ ကရင်နီ အမျိုးသားခေါင်းဆောင် ဦးဘီတူရီ နေထိုင်သည့် မြလဲရွာ ကို ဖဆပလ တပ်များ ကျူးကျော်ဝင်ရောက်ခဲ့ရာမှ ကယားပြည်နယ်တွင် ပြည်တွင်းစစ်မီး စတင်ခဲ့သည်။
ကရင်နီ အမျိုးသားတိုးတက်ရေးပါတီက ယခုချိန်အထိ လက်နက်ကိုင် ခုခံတိုက်နေဆဲဖြစ်သည်။
ပြည်တွင်းစစ်ကြောင့် ကရင်နီလူထု နှစ်သောင်းခန့် ထိုင်းနိုင်ငံအတွင်း ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေကြသည်။
လွန်ခဲ့သည့် နှစ် ၅ဝ က ကယားပြည်နယ် အတွင်း၌ တည်ဆောက်ခဲ့သော လောပိတ ရေအားလျှပ်စစ် စီမံကိန်း ကာလ၌လည်း ဒေသခံ ၁ဝ,ဝဝဝ ကျော် နယ်မြေ ပြောင်းရွှေ့ခံရခြင်း၊ မြန်မာစစ်တပ်က ကျေးရွာများ မီးရှို့ ဖျက်ဆီးခဲ့ခြင်းအပြင် ညှဉ်းပန်းသတ်ဖြတ်မှုနှင့် မုဒိန်းကျင့်မှုတို့ကိုလည်း ကျူးလွန်ခဲ့သည်ဟု ကရင်နီ ဖွံ့ဖြိုးရေး သုတေသနအဖွဲ့၏ ယခုလ ၉ ရက်နေ့ ထုတ်ပြန်ချက်၌ စွပ်စွဲထားသည်။