စာနယ်ဇင်းများက ပြောသော ရှစ်လေးလုံး အရေးတော်ပုံသမိုင်း

စာနယ်ဇင်းများက ပြောသော ရှစ်လေးလုံး အရေးတော်ပုံသမိုင်း
by -
မင်းဟန်

၁၉၈၈ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် သမ္မတ ဒေါက်တာမောင်မောင်၏ မဆလအုပ်ချုပ်ရေး အဖွဲ့သစ်သည် စစ်အုပ်ချုပ်ရေး ဥပဒေ (မာရှယ်လော) အား ရုပ်သိမ်းလိုက်၏။ ပြည်သူ့ တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ....

(၁)
၁၉၈၈ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် သမ္မတ ဒေါက်တာမောင်မောင်၏ မဆလအုပ်ချုပ်ရေး အဖွဲ့သစ်သည် စစ်အုပ်ချုပ်ရေး ဥပဒေ (မာရှယ်လော) အား ရုပ်သိမ်းလိုက်၏။ ပြည်သူ့ တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်ဟိန်း ဦးဆောင်သည့် ‘ပြည်သူ့ဆန္ဒလေ့လာရေးကော်မရှင်’ ဖွဲ့စည်းပေးပြီး၊ ‘တပါတီစနစ် (သို့မဟုတ်) ပါတီစုံစနစ် ကျင့်သုံးရေး ပြည်သူ့ဆန္ဒခံယူပွဲများ ပြုလုပ်ပေးမည်ဟု ဆိုလာသည်။

ဤတွင် နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ထံသို့ ပေးပို့သည့် မျိုးချစ်တပ်မှူးဟောင်းကြီးများ၏ အချက် ၁ဝ ချက်ပါသော တင်ပြချက်တစောင် ထွက်ပေါ်လာခဲ့သည်။ မျိုးချစ်တပ်မှူးကြီးများ၏ တင်ပြချက် သတင်းကို ရန်ကုန်နှင့် မန္တလေးထုတ် လွတ်လပ်သည့် သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြခဲ့ကြ၏။

“မျိုးချစ်တပ်မှူးဟောင်းကြီးများက နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌထံသို့ အချက် ၁ဝ ချက် ပါသော တင်ပြချက် တရပ်အား၊ ၂၃၊ ၈၊ ၈၈ နေ့စွဲဖြင့် ထွက်ပေါ်လာပါသည်။ ထိုအချက် ၁ဝ ချက်တွင် ‘တပါတီလော - ပါတီစုံလော’ ပြည်သူ့ဆန္ဒ ခံယူနေစရာမလိုတော့ကြောင်းနှင့် ကြားဖြတ်အစိုးရ ဖွဲ့စည်းပေး၍ ဒီမိုကရေစီ ရွေးချယ် တင်မြောက် ပွဲများ ပြုလုပ်ပေးရန် အဓိကဖော်ပြထားသည်။ လက်မှတ်ထိုး၍ တောင်းဆိုကြသော တပ်မှူးများမှာ …

(၁) ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ရွှေ
(၂) ဗိုလ်မှူးကြီးဟောင်း ဦးစောမြင့်
(၃) ဗိုလ်မှူးကြီးဟောင်း ဦးလွင်
(၄) ဗိုလ်မှူးကြီးဟောင်း သီဟသူရ ဦးလှမော်
(၅) ဗိုလ်မှူးကြီးဟောင်း ဦးကြည်ဝင်း
(၆) ဗိုလ်မှူးကြီးဟောင်း ဦးရွှေ
(၇) ဗိုလ်မှူးကြီးဟောင်း ဦးတင်ဦး
(၈) ဗိုလ်မှူးကြီးဟောင်း ဦးတင်မောင်
(၉) ဗိုလ်မှူးကြီးဟောင်း ဦးသိန်းတုတ်
(၁ဝ) ဗိုလ်မှူးကြီးဟောင်း ဦးကြည်မောင်
(၁၁) ဗိုလ်မှူးကြီးဟောင်း ဦးချစ်ခိုင်
(၁၂) ဗိုလ်မှူးကြီးဟောင်း ဦးတင်ထွန်း
(၁၃) ဗိုလ်မှူးကြီးဟောင်း ဦးဘအောင်
(၁၄) ဗိုလ်မှူးကြီးဟောင်း ဦးအေးမောင်
(၁၅) ဗိုလ်မှူးကြီးဟောင်း ဦးထွန်းအောင်ကျော်တို့ ဖြစ်ကြပါသည်။”

၁၉၈၈ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ထုတ် မန္တလေးစာပေနှင့် အနုပပညာရှင်များမှ ထုတ်ဝေသည့် ‘ရှစ်လေးလုံး သတင်းစာ’ အမှတ် ၁၊ တွင်လည်း မျက်နှာဖုံးသတင်းအနေဖြင့် ‘မာန်မကုန်တဲ့ ရန်ကုန်’ ခေါင်းစဉ်နှင့် သတင်း တပုဒ် ဖော်ပြ၏။ သတင်း၌ …

“ရန်ကုန်မြို့တွင် ဌာနပေါင်းစုံ အထွေထွေသပိတ်တိုက်ပွဲကြီး ဆင်နွှဲရန်အတွက် ‘ဒီမိုကရေစီတိုက်ပွဲဝင် ကော်မတီ - ရန်ကုန်’ ကို ယနေ့ ဌာနပေါင်းစုံ သပိတ်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

ယင်းအဖွဲ့၏ သဘောထားမှာ …

(က) လတ်တလော အခြေအနေအရ ပြည်သူများ၏ ဆန္ဒဖော်ထုတ်ပြီးဖြစ်သဖြင့် ဆန္ဒခံယူပွဲပြုလုပ်ရန် မလို၊
(ခ) ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲ အရေးပေါ်ပါတီညီလာခံနှင့် အရေးပေါ်လွှတ်တော်တို့ကို သပိတ်မှောက်ရန်
(ဂ) လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပေးရန်
(ဃ) လွှတ်တော်နှင့်တကွ အာဏာပိုင် အဖွဲ့အစည်းများအားလုံးကို ပြည်သူများက ထုတ်ပယ်ပြီးပြီ ဆိုသည့်အကြောင်း ဒေသ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာဒေသအလိုက် ကြေညာသွားရန်
(င) ကြားဖြတ်အစိုးရ ချက်ချင်း ဖွဲ့စည်းရန်
(စ) ပါတီစုံရွေးကောက်ပွဲ အမြန်ဆုံးကျင်းပရန်တို့ ဖြစ်သည်။”

(၂)

သမ္မတဒေါက်တာမောင်မောင်သည် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်းတွင် မြန်မာ့အသံနှင့် မြန်မာ့ရုပ်မြင်သံကြားတို့မှနေ၍ တိုင်းပြည်သို့ မိန့်ခွန်းစကား ဆို၏။ မဆလသမ္မတ၏ မိန့်ခွန်းက …

“ပါတီစုံစနစ်ကို ပြည်သူတွေလက်ခံကြမယ်ဆိုလျှင်၊ အခြေခံဥပဒေ၏ အဓိကမူပိုင်းဖြစ်သည့် ပုဒ်မ ၁၁ ကို ပြင်ဆင်မည်။”
“၁၉၆၂ ခုနှစ် ဇူလိုင်လ ရ ရက်နေ့တွင် ဖောက်ခွဲဖျက်ဆီးခဲ့သည့် သမဂ္ဂအဆောက်အဦးအား ပြန်ပြီး ဆောက်ပေးမည််။”

ပြီးလျှင် ဒေါက်တာမောင်မောင်က လူထုကြီးမှ တောင်းဆိုနေသည့် ‘ကြားဖြတ်အစိုးရ ဖွဲ့စည်းပေးရေး’ တောင်းဆို နေမှုအား မေးခွန်းထုတ်၏။ ဒေါက်တာမောင်မောင်၏ မိန့်ခွန်းနှင့်ပတ်သက်၍ လွတ်လပ်သည့် သတင်းစာ၊ ဂျာနယ် များက တုံ့ပြန်ရေးသားကြသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ထုတ် ရှစ်လေးလုံးသတင်းစာအမှတ် ၅ တွင် ဆောင်းပါးရှင် ‘ဝတ်လုံတော်ရ မောင်သောင်းဘေ’ က ‘ဆေးအဟောင်းကို ပုလင်းပြောင်းပေးဖို့ မဟုတ်ပါ’ ခေါင်းစဉ်နှင့် ဆောင်းပါးတပုဒ် ရေး၏။

“ဒေါက်တာမောင်မောင်က ‘ပါတီစုံစနစ်ကို ပြည်သူတွေက လက်ခံကြမယ်ဆိုရင် အခြေခံဥပဒေရဲ့ အဓိကမူပိုင်း ဖြစ်တဲ့ ပုဒ်မ ၁၁ ကို ပြင်ဆင်ရမယ်’ လို့ပြောပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁ မှာ နိုင်ငံတော်သည် တခုတည်းသော ပါတီစနစ်ကိုသာ ကျင့်သုံးရမည်လို့ ဖော်ပြထားပါတယ်။

လူထုက ပါတီစုံစနစ်ကိုကြိုက်လို့ နိုင်ငံတော် ပါတီစုံစနစ် ကျင့်သုံးပြီး ရွေးကောက်ပွဲနဲ့ တက်လာမယ့် အစိုးရဟာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ကောင်စီအဆင့်ဆင့်ထား၊ ပြည်သူ့တရားသူကြီးဆိုတဲ့ အာဏာရပါတီဝင်တွေနဲ့ တရားစီရင်၊ အုပ်ချုပ်ရေးဘက်က တရားစီရင်ရေးကို ဝင်ရောက်စွက်ဖက် စတဲ့ လုပ်ရပ်တွေကို ဆက်ပြီး ကျူးလွန်ရမလို ဖြစ်နေတယ်။

လူထုက ပါတီစုံစနစ်ကို တောင်းဆိုတာက တပါတီ၊ နှစ်ပါတီ၊ သုံးပါတီ ဖြစ်လာရုံ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပုဒ်မတခုလောက် ပြင်ခိုင်းတာ မဟုတ်ဘူး။ တပါတီစနစ်အောက်မှာရှိတဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေး အားလုံးကို ပြောင်းပစ်ဖို့ တောင်းဆိုနေတာပါ။ လက်ရှိအုပ်ချုပ်ရေး စနစ်တခုလုံး ဖျက်သိမ်းဖို့ တောင်းဆို နေတာပါ။

ဒါကြောင့် လက်ရှိအခြေခံဥပဒကေို ဖျက်သိမ်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ပြဋ္ဌာန်းရပါမယ်။ ကျနော်တို့က ဆေးအဟောင်းကို ပုလင်းပြောင်းထည့်ပေးဖို့ တောင်းနေတာ မဟုတ်ဘူး။ ဘေးဖြစ်နေတဲ့ ဒီဆေးကို ပုလင်းပြောင်း ပေးဖို့ မဟုတ်ဘဲ ဘေးမဖြစ်တဲ့ ဆေးအသစ်ကို လိုချင်နေတာပါ။”

(၃)

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ခေါ်ယူကျင်းပနိုင်ရေးအတွက် ဒေါက်တာ မောင်မောင် အုပ်ချုပ်ရေးအဖွဲ့သည် အစွမ်းကုန် စိုင်းပြင်းနေသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အချို့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ကြောင်း လွှတ်တော်သဘာပတိထံသို့ စာပို့ကြ၏။ မီးရထား သပိတ်၊ ပြည်တွင်းလေကြောင်းသပိတ်တို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များ၏ သွားရေး၊ လာရေးက ခက်ခဲ နေသည်။ တပ်မတော် ရဟတ်ယာဉ်များနှင့် သယ်ယူပို့ဆောင်ရေး စီစဉ်နေကြ၏။

မဆလတို့ အပူတပြင်း ပြုလုပ်လိုနေသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးက ‘ပြည်သူ့ဆန္ဒခံယူပွဲ’ များ ပြုလုပ်၍ တပါတီစနစ်နှင့် ပါတီစုံစနစ် ဆန္ဒခံယူမည့် အစီအစဉ်အား ဖျက်သိမ်းပြီး ပြည်သူ့လွှတ်တော်မှ ပါတီစုံစနစ်အား ကျင့်သုံးမည်ဟူ၍ ဆုံးဖြတ်ရန် ဖြစ်သည်။ ပြီးလျှင်၊ မဆလ၏ လက်အတွင်းမှပင် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ များ ကျင်းပ၍ ပါတီစုံစနစ်သို့ လျှောက်လှမ်းရန် ဖြစ်၏။

ထိုအခြေအနေများနှင့်ပတ်သက်၍ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁ဝ ရက်နေ့ထုတ် ရှစ်လေးလုံး သတင်းစာ၏ အယ်ဒီတာ့အာဘော်တွင် ‘အလဟဿ ဖြုန်းတီးခြင်း’ ခေါင်းစဉ်နှင့် သတိပေးထား၏။

“ပြည်သူ့လွှတ်တော်ကို စက်တင်ဘာလ ၁၃ ရက်နေ့မှာ မဖြစ်မနေ လုပ်ဆောင်နိုင်ဖို့ မဆလ အစိုးရက မီးကုန်ယမ်းကုန် ကြိုးစားနေတာ တွေ့ရတယ်။ အမတ်တွေက တက်ဖို့ ဆုတ်ဆိုင်းနေတဲ့အခါ စစ်တပ်က အမတ်တွေကို လိုက်ဆွဲတယ်။ ရန်ကုန်သွားစရာ မီးရထားတွေ၊ လေယာဉ်ပျံတွေ သပိတ်မှောက်တဲ့အခါ လေတပ်က လေယာဉ်တွေနဲ့ သယ်ယူပေးနေတယ်။

ဘယ်လိုလုပ်ပြီး လွှတ်တော်ကို မဖြစ်မနေ ကျင်းပလို့၊ လွှတ်တော်က ဘာတွေ အဆုံးအဖြတ်ပေးတယ်ပဲပြောပြော ပြည်သူလူထုက လုံးဝ အယုံအကြည်မရှိမှာ၊ လက်မခံမှာက သေချာလှပါတယ်။ ပြည်သူတွေမှာ လွှတ်တော်ဆိုတဲ့ ကြက်ပေါင်တံဆိပ်ကြီးနဲ့ အလိမ်ခံခဲ့ရတာက များလွန်းလို့ ထုံလို့တောင် နေပါပြီ။ လိမ်နေမှန်းသိရဲ့သားနဲ့ မပြောဝံ့ တုန်းကမို့ မပြောဘဲ နေခဲ့ကြရတာပါ။

အခုတော့ အောင့်ထားခဲ့ရသမျှ တနိုင်ငံလုံး ပေါက်ကွဲပြီမို့ ပြည်သူ့လွှတ်တော်ဆိုတာကြီး တခုလုံးဟာ အာဏာရှင် တယောက်ရဲ့ အလိုဆန္ဒကို တရားဝင်လေဟန် လုပ်ပေးရတဲ့ ကြက်ပေါင်တံဆိပ်တုံးကြီးရယ်လို့ ပြည်သူက သတ်မှတ် ပြီးကြပြီး ဖြစ်ပါတယ်။

ဒါကြောင့် အချိန်တွေကုန်၊ လူတွေပန်းပြီး၊ ငွေတွေ သောက်သောက်လဲ ကုန်ဦးမယ့် လွွှတ်တော် ဆိုတာကြီးက နေပြီး ဘာတွေဆုံးဖြတ်လို့၊ ဘာတွေပြောပြော ပြည်သူတွေကတော့ ယုံကြတော့မှာလည်း မဟုတ်။ လက်ခံ တော့မှာလည်း မဟုတ်လို့ အလဟဿ ဖြန်းတီးခြင်းတရပ် ဖြစ်မှာပဲလို့သာ ဆိုလိုက်ရပါတယ်”

(၄)

သတ်မှတ်ထားသည့်ရက်ထက် ၂ ရက်စော၍ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင်၊ စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေး ခေါ်ယူလိုက်ကြ၏။ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေးက …

(က) ပါတီစုံစံနစ်ဖြင့် အထွေထွေ ရွေးကောက်ပွဲကျင်းပပေးရန်

(ခ) ပါတီစုံစံနစ်ဖြင့် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အဟန့်အတားဖြစ်နေသော အခြေခံ ဥပဒေပါ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အခြားဥပဒေ၊ နည်းဥပဒေများက ပယ်ဖျက်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်က နိုင်ငံတော်ကောင်စီသို့ လွှဲအပ်ရန်

(ဂ) အခြေခံဥပဒေပုဒ်မ ၄၃၊ ပုဒ်မခွဲ (က) အရ စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်၏ ပုံမှန်သက်တမ်းသည် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီး၍ ပြည်သူ့လွှတ်တော်အသစ် စတင်စည်းဝေးသည့် နေ့အထိသာ ဖြစ်ကြောင်း သတ်မှတ်ရန်

(ဃ) တရားမျှတသော အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင် တွင် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များကို ရွေးချယ်တာဝန်ပေးအပ်ရန်

၁။ ဦးဘဋ္ဌေး (အငြိမ်းစား၊ ဘဏ္ဍာတော်မင်းကြီး)
၂။ ဦးကျော်ညွန့်    (အငြိမ်းစား၊ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး)
၃။ ဦးစန်းမောင်     (အငြိမ်းစား၊ ချွေတာစုဆောင်းရေးနှင့် အာမခံစာချုပ်မင်းကြီး)
၄။ ဦးစောကြာဒိုး   (အငြိမ်းစား ဗိုလ်မှူးချုပ်)
၅။ ဆရာချယ် (ယခင်ပါလီမန်အမတ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

(င) ပါတီအဖွဲ့အစည်းများကို မှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့် လုပ်ငန်းတာဝန်များ ရေးဆွဲပြဋ္ဌာန်းပေးခြင်းတို့ကို ကော်မရှင်နှင့် ညှိနှိုင်းဆောင်ရွက်ပေးရေးအတွက် ပြည်သူ့လွှတ်တော်က နိုင်ငံတော် ကောင်စီသို့ လွှဲအပ်ရန်

(စ) အထွေထွေရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်အတွက်သာ ကျင်းပရန်

(ဆ) အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်နေ့သည် ယနေ့မှစ၍ ၃ လပြည့်သောနေ့ဟု သတ်မှတ်ပေးရန်၊ သို့သော် ပေါ်ပေါက်လာမည့် ပါတီအဖွဲ့အစည်းများက ရွေးကောက်ပွဲကော်မရှင်သို့ အကြံပြုချက်အရ ယနေ့မှစ၍ တလခွဲပြည့်သောနေ့ထက် မစောဘဲဖြစ်စေ၊ ၃ လကျော်လွန်သည့်အခါဖြစ်စေ၊ ပြင်ဆင်သတ်မှတ် ကျင်းပနိုင်သည့် လုပ်ပိုင်ခွင့်ကို ပြည်သူ့လွှတ်တော်က နိုင်ငံတော်ကောင်စီသို့ လွှဲအပ်ရန်” ဟူ၍ ဆုံးဖြတ်ကြ၏။

လွှတ်တော်ဆုံးဖြတ်ချက်များ ထွက်လာပြီးသည်နှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးအောင်ကြီးတို့ ၃ ဦးမှ ဒေါက်တာမောင်မောင်ထံသို့ ၎င်းတို့၏ သဘောထားအား စာရေးသား၍ ပေးပို့ခဲ့၏။ စာအား လွတ်လပ်သည့် သတင်းစာများ၊ ဂျာနယ်များ၌ ရေးသားဖော်ပြခဲ့ကြ၏။

“ပါတီစုံစံနစ်ဖြင့် အထွေထွေရွေးကောက်ပွဲကျင်းပမည့် ကိစ္စနှင့်ပတ်သက်ပြီး မိမိတို့ သဘောထားကို တင်ပြ လိုသည်။ လက်ရှိအခြေအနေ၌ တပြည်လုံး အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားရပ်ဆိုင်းနေပြီဖြစ်၍ ပြည်သူ တရပ်လုံးမှာ မကြံုဖူးသော စားဝတ်နေရေးနှင့် လုံခြံုရေးပြဿနာများ ရင်ဆိုင်နေကြရသည်။

ကုန်စျေးနှုန်းကြီးမြင့်ကာ အလုပ်ပျက်၊ အကိုင်ပျက် ဆင်းရဲဒုက္ခရောက်နေကြရသည်။ ရန်ကုန်လိုမြို့ကြီးထဲမှာပင် လုံခြံုမှုကို အစိုးရက တာဝန်မယူနိုင်သဖြင့် မိမိတို့ဘာသာ လုံခြံုရေးတာဝန်များ ယူနေကြရခြင်းကြောင့် ပြည်သူ များမှာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်နေကြရပြီး အခြေအနေများကလည်း နေ့စဉ်နှင့်အမျှ ဆိုးဝါးလျက်ရှိသည်။ ထိုသို့ဆိုပါလျှင် ဤအခြေအနေမျိုးအောက်၌ ရွေးကောက်ပွဲ လုပ်နိုင်ဖွယ်မရှိ။ တနေ့ထက် တနေ့၊ တနာရီထက် တနာရီ ဆိုးဝါးနေသော စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ လုံခြံုရေးအခြေအနေများကို တားဆီးနိုင်ရန်မှာ တိုင်းပြည်မှ လက်ခံနိုင်မည့် ကြားဖြတ်အစိုးရဖွဲ့ရန်မှအပ အခြားမရှိ။

လက်ရှိအစိုးရအပေါ် ပြည်သူက ယုံကြည်မှု လုံးဝကင်းနေပြီဖြစ်၍ အစိုးရက ဖွဲ့ပေးသည့် ကော်မတီနှင့် ထိုကော်မတီက စီစဉ်ကျင်းပေးမည့် အထွေထွေ ရွေးကောက်ပွဲကို တိုင်းပြည်က ယုံကြည်လက်ခံလိမ့်မည်မဟုတ်။

ပြည်ပက လက်ခံနိုင်မည့် ကြားဖြတ်အစိုးရ ဖွဲ့ပြီးသည်နှင့် တပြိုင်နက် ဆန္ဒပြမှု၊ သပိတ်မှောက်မှုများ ရပ်စဲပြီး အစိုးရယန္တရား ပြန်လည်၍ လည်ပတ်နိုင်လျက် ရောင်းဝယ်ဖောက်ကားမှုများ၊ အသက်ပြန်ဝင်လာမည်ဟု ယုံကြည်သည်။ ယခုအခြေအနေမှာ အချိန်ရှိသ၍ ဆိုးဝါးသော ဘက်သို့ ကူးပြောင်းနေပြီဖြစ်၍ အချိန်မဆိုင်းပဲ ကြားဖြတ်အစိုးရဖွဲ့ရန် တောင်းဆိုလိုက်သည်”

(၅)

မဆလ၏ နိုင်ငံရေးလမ်းညွှန်မြေပုံက ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေး၏ ဆုံးဖြတ်ချက်များပင်ဖြစ်ပြီး၊ တရားမျှတသည့် ရွေးကောက်ပွဲများ ဖြစ်စေရန် စစ်တပ်က ကြားနေ၍ စောင့်ရှောက်ပေးမည်။ လူထု၏ နိုင်ငံရေးလမ်းညွှန်မြေပုံကမူ ‘ကြားဖြတ်အစိုးရ’ ဖွဲ့စည်းရေး ဖြစ်သည်။

မည်သို့သော ကြားဖြတ်အစိုးရနည်း။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဦးနုမှ ကြားဖြတ်အစိုးရအဖွဲ့ တဖွဲ့အား ဖွဲ့၏။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့သည်ဟု့ဆို၏။ အတိုက်အခံများက သဘောမတူ၊ လူထုကမထောက်ခံ။ ဤတွင် ဦးနု၏ ကြားဖြတ်အစိုးရသည် မအောင်မြင်ခဲ့။

ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ ဗဟိုတရားရုံး ရှေ့နေများအဖွဲ့ချုပ် (ဘားကောင်စီ) က၊ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတရပ်အား ပြုလုပ်၏။

“၁၉၇၄ ခုနှစ်က ရေးဆွဲခဲ့သော အခြေခံဥပဒေသည် ကျောင်းသား၊ ပြည်သူ အုံကြွကန့်ကွက်မှုနှင့် လူထုဆန္ဒအရ ပယ်ချဖျက်သိမ်းပြီး ဖြစ်သည်။ ထိုကြောင့် ယင်းဥပဒေအရ ဖွဲ့ထားသော အစိုးရသည်လည်း အလိုအလျောက် အာဏာမတည်တော့။

၉၊ ၉၊ ၈၈ နေ့က ဖွဲ့စည်းတည်ထောင်လိုက်သော ဦးနုဝန်ကြီးချုပ်အဖြစ် ကြေညာသည့် အစိုးရအဖွဲ့သည် အသေခံပြီး ဒီမိုကရေစီတိုက်ပွဲဝင်နေသော ကျောင်းသားပြည်သူ တရပ်လုံး၏ ဆန္ဒကို ညှိနှိုင်းခံယူခြင်း မရှိဘဲ တည်ဆောက်သည့် အစိုးရသာ ဖြစ်သည်။

ပြည့်စုံလုံလောက်သော ညှိနှိုင်းမှုမရှိဘဲ ဖွဲ့စည်းလိုက်သည့်အတွက် ပေါ်ပေါက်လာမည့် မလိုလားအပ်သော အခြေအနေများကို ကာကွယ်ရန် ဗဟို်တရားရုံးရှေ့နေများကောင်စီက အောက်ပါအတိုင်း အကြံပြုလိုက်သည်။

(က) ကျောင်းသားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မကမထပြုလုပ်ပြီး ဦးနု နာယကအဖြစ် ဖွဲ့စည်းသော ဒီငြိမ်းအဖွဲ့ အပါအဝင် လူထုလူတန်းစား အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်များ၊ ကျောင်းသာသမဂ္ဂ ကိုယ်စားလှယ်များ၊ အလုပ်သမားသမဂ္ဂ၊ ဝန်ထမ်းသမဂ္ဂ စသော အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်များနှင့် အမျိုးသား ညီလာခံကြီး ခေါ်ယူရန်

(ခ) ထိုညီလာခံကြီးမှ ဒီမိုကရေစီနည်းအရ တင်မြှောက်သော ကြားဖြတ်အစိုးရဖွဲ့စည်းရန်

(ဂ) ထိုအစိုးရကို အထောက်အကူပြုနိုင်ရန် ကျောင်းသားနှင့် ပြည်သူလူထု လူတန်းစားအသီးသီး ပါဝင်သည့် အကြံပေးကွပ်ကဲမှု ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းရန်

(ဃ) ထိုအစိုးရက ပါတီစုံစနစ်-ဒီမိုကရေစီကျသော အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပေးရန် ဟူ၍ ဖြစ်သည်။”

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင်လည်း၊  ဗ၊ က၊ သ များ အဖွဲ့ချုပ်မှ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ကြေညာချက်တစောင် ထုတ်ပြန်သည်။

“ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများတွင် စည်းလုံးရေးသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ယုံကြည်သည်။ စင်ပြိုင်အစိုးရတရပ် အမြန်ဆုံး အကောင်အထည်ဖော်ရန်လည်း အထူး လိုအပ်လျက် ရှိသည်။ မဆလအစိုးရ ရှိနေသမျှ စင်ပြိုင်အစိုးရအဖြစ် တဖွဲ့တည်းသာ ရှိသင့်သည်။ ထိုစင်ပြိုင် အစိုးရ၌ ဒီမိုကရေစီကို အမှန်တကယ် ချစ်မြတ်နိုးလိုလားသော နိုင်ငံရေးနယ်မှ ပုဂ္ဂိုလ်များ၊ တပ်မတော်နှင့် လူထုက လေးစားရိုသေသော ပုဂ္ဂိုလ်များ၊ အလုပ်သမား-လယ်သမား အသိပညာရှင်၊ အတတ်ပညာရှင် စသော အလွှာပေါင်းစုံ၏ ကိုယ်စားလှယ် အစစ်အမှန်များ ပါဝင်ရမည်။

အမျိုးသား စည်းလုံးညီညွှတ်ရေးအတွက် ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်စဲစေပြီး ပြည်တွင်းငြိမ်းချမ်းရေးကို အစွမ်းကုန် ဆောင်ရွက်ရမည်။ စင်ပြိုင်အစိုးရကို ကမ္ဘာက အသိအမှတ် ပြုလာစေရန်အတွက် တိုင်းရင်းသား ပြည်သူတရပ်လုံး၏ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သော ညီလာခံတရပ်ခေါ်ဆိုကာ လက်မှတ်ရေးထိုး အတည်ပြုကြရမည်။

ရဟန်းရှင်လူ ပြည်သူတရပ်လုံး၏ ထောက်ခံမှုမရှိပါက မည်သည့်အစိုးရအဖွဲ့မှ ပြည်သူ၏ အသိအမှတ်ပြုခြင်း ခံရမည်မဟုတ်။ စင်ပြိုင်အစိုးရ၏ သက်တမ်းကာလသည်လည်း တနှစ်ထက် မပိုစေရ” ဟူ၍ ဖော်ပြ၏။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင်မူ ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ကြီးနှင့် (မဆလ) မှ ဖွဲ့စည်းပေးထားသည့် ဦးဘဋ္ဌေး ဦးဆောင်သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်တို့ တရားဝင်တွေ့ဆုံကြ၏၊ ဆွေးနွေးကြ၏။ ထိုတွေ့ဆုံဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က …

“လက်ရှိကော်မရှင်သည် မဆလဖွဲ့စည်းပေးလိုက်သော ကော်မရှင်ဖြစ်၍ မိမိတို့လက်မခံနိုင်။ မဆလပါတီသည် ပြည်သူ့ဘဏ္ဍာငွေဖြင့် ၂၆ နှစ်ကြာ ရပ်တည်ခဲ့ပြီးဖြစ်သဖြင့် ရင့်မာလျက်ရှိသည်။ ယခုမှ ကိုယ်ပိုင်ရန်ပုံငွေရှာပြီး လှုပ်ရှားကြရမည့် အတိုက်အခံပါတီများနှင့် ယှဉ်ပြိုင်ဦးမည်ဆိုလျှင် ညီမျှမှု ရှိလိမ့်မည်ဟု မယုံကြည်။ တဖန် မဆလ ပါတီဝင်များနှင့် ဖွဲ့စည်းထားသော စစ်တပ်က ရွေးကောက်ပွဲကို စောင့်ရှောက်ပေးမည်ဆိုသည်မှာလည်း ကြားနေမှု အစစ်အမှန် ဖြစ်လိမ့်မည်မဟုတ်။

မိမိတို့၏ ဆန္ဒမှာ ပြည်သူလူထုကိုယ်တိုင် လိုလားသော ပုဂ္ဂိုလ်များပါဝင်သည့် ကြားဖြတ်အစိုးရ ဖွဲ့စည်း ပေးရေးသာ ဖြစ်သည်။ အဆိုပါ အစိုးရမျိုးက ကြီးမှူးကျင်းပပေးမည့် ရွေးကောက်ပွဲကိုသာ အသိအမှတ်ပြုနိုင်မည်”

ဆွေးနွေးပွဲက အတိုက်အခံများနှင့် ကော်မရှင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံကြခြင်း ဖြစ်၏။ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ထိုစဉ်က ထုတ်ဝေသည့် လွတ်လပ်သည့် သတင်းစာနယ်ဇင်းများကလည်း သူတို့၏ အမြင်များ ရေးကြ၏။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ထုတ် ရှစ်လေးလုံး သတင်းစာတွင် ဆောင်းပါးရှင် ‘ဦးဖေ’ က ‘ကြားဖြတ်အစိုးရ’ ခေါင်းစဉ်နှင့် ဆောင်းပါးတပုဒ် ရေး၏။

“ကျောင်းသား သပိတ်မှသည်၊ အထွေထွေသပိတ်သို့ချီ၊ ပြည်သူ့တိုက်ပွဲ အောင်ရမည်”

“၁၉၈၈ ဇွန်လ အရေးအခင်းတုန်းက ရန်ကုန်တက္ကသိုလ် ကျောင်းသားများရဲ့ တိုက်ပွဲခေါ်သံပါ။ အသက်တွေ သေခဲ့ကြရတယ်။ အချုပ်အနှောင် ခံခဲ့ကြရတယ်။ ကာယိန္ဒြေ အဖျက်အဆီးခံခဲ့ကြရတယ်။ ၈၊ ၈၊ ၈၈  ရှစ်လေးလုံး ကာလမှာတော့ ‘ဒီမိုကရေစီရရှိရေး - ဒို့အရေး’၊ ‘ပါတီစုံဖွဲ့စည်းပေးရေး - ဒို့အရေး’၊ ‘မဆလ ဖျက်သိမ်းရေး - ဒို့အရေး’ ဆိုတဲ့ အသံ။ အသက်တွေ သေခဲ့ကြတယ်။ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ မော်လမြိုင်၊ ရန်ကုန်၊ ရေနံချောင်း၊ ချောက်၊ ဥက္ကဋ္ဌ တယောက်၊ နှစ်ယောက်၊ သုံးယောက် ဖြုတ်ကနဲ၊ ဖြုတ်ကနဲ ပြုတ်ကုန်ပြီးတဲ့နောက် ‘ပါတီစုံ ပေးပါတော့မယ်’ ဆိုတဲ့ တဖက်က အသံပြန်ကြားရတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း တပြိုင်နက်တည်း ဖွဲ့ပေးလိုက်တယ်။

ဒီတော့ လူထုကြီးက ‘ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး - ဒို့အရေး’ ဆိုတဲ့ အသစ်အသစ်သော ကြွေးကြော်သံ ထပ်မံတင်ကြရပြန်တယ်။ ကာကွယ်ရေးဦးစီးချုပ်က ‘တပ်မတော်က ကြားနေပါ။ စစ်မှန်တဲ့ ရွေးကောက်ပွဲကို ကူညီပါ’ လို့ ဘယ်လိုပဲ မေတ္တာရပ်ခံ၊ ရပ်ခံ မဖြစ်နိုင်ဘူးဆိုတာ လူထု သိတယ်။ တပ်မတော်တခုလုံး မဆလ ပါတီဝင်တွေကိုး။

မဆလ တည်တံ့နေသမျှ တရားမျှတတဲ့ ရွေးကောက်ပွဲ လုံးဝမဖြစ်နိုင်။ ဒီတော့ ကြားဖြတ်အစိုးရဖွဲ့ကြစို့။ မြန်မာနိုင်ငံရဲ့ ဗိသုကာကြီး ဦးအောင်ဆန်းရဲ့ နည်းကို ယူကြရမယ်။ National Assembly အမျိုးသား ညီလာခံတရပ် ခေါ်မယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ရေးဆွဲကြမယ်။ ဝိုင်းဝန်းရေးဆွဲကြမယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ခေါ်ကြမယ်။ အမျိုးသားညီလာခံ ကိုယ်စားလှယ်တွေဟာ အမျိုးသားလွှတ်တော် အမတ်တွေ ဖြစ်လာပြီး ကြားဖြတ်အစိုးရတရပ် ဖွဲ့ကြမယ်။

ဒီအစိုးရရဲ့တာဝန်က ပါတီတွေ မှတ်ပုံတင်နိုင်ဖို့၊ ဘဏ္ဍာရေးရှာကြံနိုင်ဖို့၊ စည်းရုံးဟောပြောနိုင်ဖို့၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ တာဝန်ယူရမယ်။ ပြီးတော့ ပြည်သူ့ဆန္ဒနဲ့ တက်လာတဲ့ သူ့နောက်က အစိုးရအစစ်ကို အာဏာအပ်နှင်းပေးခဲ့ရမယ်။ ကျောင်းသားသပိတ်မှသည် အထွေထွေသပိတ်သို့ချီ ပြည်သူ့တိုက်ပွဲအောင်ရမည် ဆိုတဲ့ တိုက်ပွဲခေါ်သံနောက် လိုက်ကြစို့။ အဲဒီလို လိုက်တဲ့အခါ တခုတည်းသော ကြွေးကြော်သံကတော့ ‘ကြားဖြတ် အစိုးရ ဖွဲ့စည်းရေး - ဒို့အရေး ဒို့အရေး’။

လွန်ခဲ့သည့် ၂၂ နှစ် အရေးတော်ပုံ ကာလကြီးအတွင်း ထုတ်ဝေခဲ့သော စာနယ်ဇင်းများမှပြောသည့် အရေးတော်ပုံ သမိုင်းက သင်ခန်းစာများစွာနှင့်။