ကင်တားနားနှင့် ပြည်ပ မြန်မာလူ့အခွင့်အရေး လှုပ်ရှားသူများတွေ့

ကင်တားနားနှင့် ပြည်ပ မြန်မာလူ့အခွင့်အရေး လှုပ်ရှားသူများတွေ့
by -
ဖနိဒါ

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများကို ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် တင်ပြနိုင်ရေးအတွက် လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိ...

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများကို ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် တင်ပြနိုင်ရေးအတွက် လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိနေပြီး  လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် တွေ့ဆုံနေသည်။  

ချင်းမိုင်မြို့ အခြေစိုက် လူ့အခွင့်အရေး ပညာပေးရေး မြန်မာနိုင်ငံ(HREIB) နှင့် ယနေ့ တနာရီကြာ တွေ့ဆုံခဲ့ရာ စစ်အစိုးရအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍  မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူများကို ဖမ်းဆီးခြင်း၊ ကလေးစစ်သားအသုံးပြုမှုများရှိနေကြောင်း HREIB မှ တာဝန်ရှိသူ မချယ်ရီဇဟောင်းက ပြောသည်။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ပညာပေးတဲ့ အချိန်မှာ လှုပ်ရှားနေတဲ့ လူတွေကို ဖမ်းဆီးခံရတာတွေ၊ ပညာပေး လုပ်နေတဲ့အခါမှာ ပုန်းရှောင်ပြီး လုပ်နေရတာတွေ၊ လူ့အခွင့်အရေး စကားလုံးတွေ လွတ်လွတ်လပ်လပ် သုံးခွင့် မရှိတာတွေ တင်ပြတယ်။ ဥပမာ၂ဝ၁ဝမှာ ထွက်လာတဲ့ အစီရင်ခံစာ အမျိုးမျိုးတွေထဲမှာ ကလေးစစ်သား ၄၃ ဦး ရှိနေပြီ ဆိုတာကို တင်ပြတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

လူ့အခွင့်အရေး ပညာပေးရေး(မြန်မာနိုင်ငံ)အဖွဲ့အနေဖြင့် မစ္စတာ ကင်တားနားနှင့် တွေ့ဆုံရခြင်းသည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ထွန်းကားလာနိုင်ရန်အတွက် တွေ့ဆုံရခြင်းဖြစ်ပြီး မြန်မာပြည် လူ့အခွင့်အရေး ထွန်းကားလာနိုင်ရန်အတွက် စစ်အစိုးရနှင့် လက်တွဲ လုပ်ဆောင်သွားရန် ဆန္ဒရှိသည်ဟု ပြောဆိုလိုက်သည်။

မစ္စတာ ကင်တားနားသည် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ပေးထွန်းလာရန်အတွက် ကြိုးစားအားထုတ် နေသလို သူ့အနေဖြင့် ဘက်လိုက်မှုမရှိဘဲ အမှန်တရားအတိုင်း ဖော်ထုတ်ရန် ကြိုးစားနေသည်ကို တွေ့မြင်ရ သည်ဟု သူက သုံးသပ်ပြောဆိုသည်။

အလားတူ ယခုလ ရ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ တိုင်းရင်းသား အဖွဲ့အစည်းများ အပါအဝင် မြန်မာ့အရေး လှုပ်ရှားသူများနှင့် တွေ့ဆုံခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(မြန်မာနိုင်ငံ) (AAPP) မှ ကိုတိတ်နိုင်က ပြောသည်။

“ကျနော်တို့က အကျဉ်းသားတွေ နှိပ်စက်ညှင်းပန်းမှု အခြေအနေတွေကို ပြောပြခဲ့တာပါ။ ဥပမာ သင်္ကြန် ဗုံးကွဲတာနဲ့ ပတ်သက်ပြီးတော့ မဆိုင်သူတွေကိုရော အတင်း မသေရုံတမယ် ရိုက်နှက် စစ်ဆေးပြီးတော့ ဝန်ခံ ထွက်ဆိုခိုင်းတဲ့ ကိစ္စမျိုးတွေ အသေးစိတ်ပြောတယ်။ နောက် တွံတေးမှာ ဆရာမ တယောက် အသတ်ခံရတယ်။ အဲဒါနဲ့ ပတ်သက်လို့ ကျောင်းသား အယောက် ၄ဝ လောက် မတရားနှိပ်စက်မှုတွေ လုပ်တယ်ဆိုတာ ရှင်းပြ တယ်”ဟု AAPP မှ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။

“Commission of inquiry နဲ့ ပတ်သက်လို့ သူထင်မြင် ယူဆချက်တွေ၊ အဲဒါ ဖြစ်နိုင်ဖို့ဆိုရင် ဘယ်လို အခက် အခဲတွေ ရှိနိုင်သလဲ။ ဘယ်လို နေရာတွေကနေ ဆုံးဖြတ်ချက် ချနိုင်သလဲ။ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်လို့ ရှိရင် နအဖမှ မဟုတ်ဘူး။ အားလုံးပေါ်မှာ သက်ရောက်မှု ရှိနိုင်တယ်ဆိုတာတွေ ပြောတယ်”ဟု မြန်မာနိုင်ငံ ဒီမိုကရေစီ အင်အားစု FDB အတွင်းရေးမှူးချုပ်ဒေါက်တာ နိုင်အောင်က မဇ္ဈိမကို ပြောသည်။

ကုလသမဂ္ဂ၏ အထူးကိုယ်လှယ်အဖြစ် နောက်ထပ် ၄ နှစ် ဆက်လက် လုပ်ဆောင်သွားမည်ဟု မစ္စတာ ကင်တားနားက ပြောဆိုသည်ဟုလည်း  ဒေါက်တာနိုင်အောင်က ပြောသည်။

မစ္စတာ ကင်တားနားသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလုံးဆိုင်ရာ စတုတ္ထမြောက် ကိုယ်စားလှယ်အဖြစ် ၂ဝဝ၈ ခုနှစ်က တာဝန် စတင်လုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ၃ ကြိမ် သွားရောက်ခဲ့ရာ ယခုနှစ် ဖေဖော်ဝါရီလအတွင်း ၅ ရက်ကြာ လူ့အခွင့်အရေးအခြေအနေများကို စုံစမ်းခဲ့သည်။

မြန်မာစစ်အစိုးရက စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးရန်အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် တရပ်ဖွဲ့စည်းရန် လိုအပ်သည်ဟု ပြီးခဲ့သည့် မတ်လက ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ လူ့အခွင့်အရေး အစီရင်ခံစာ တွင် ဖော်ပြထားသည်။

မစ္စတာ ကင်တားနားသည် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)၊ ရွှေဂက်စ်နှင့် ရှမ်း၊ မွန်၊ ချင်း စသည့် တိုင်းရင်းသား လူ့အခွင့်အရေး လှုပ်ရှားသူများနှင့်လည်း တွေ့ဆုံကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
စစ်အစိုးရဘက်မှ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ လာမည့် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် တင်သွင်းမည်ဟု ပြီးခဲ့သည့် ဧပြီလ ရ ရက်နေ့ထုတ် အစိုးရအာဘော်သတင်းတွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးအဖွဲ့၏ ဥက္ကဋ္ဌသည် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးဖြစ်ပြီး ဧပြီလ ၂၆ ရက်နေ့က ပြည်ထဲရေး၊ ဥပဒေရေးရာ၊  လူမှုရေး၊ အလုပ်သမားရေး၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံတကာရေး၊ သာသနာရေး နှင့် အမျိုးသမီးရေးစသည့် ဆပ်ကော်မတီ ၉ ခု ပါဝင် ဖွဲ့စည်းထားသည်ဟု သိရသည်။