ရခိုင်လူငယ် ၁၁ ဦးကို တရားသေ လွှတ်ရန် ရှေ့နေ ပြော

ရခိုင်လူငယ် ၁၁ ဦးကို တရားသေ လွှတ်ရန် ရှေ့နေ ပြော

မျက်မြင်သက်သေနှင့် အထောက်အထားများ မရှိသဖြင့် ဖောက်ခွဲရေးအမှု အပါအဝင် အမှု ၅ မှုဖြင့် အင်းစိန် ထောင်တွင် တနှစ်ခန့် ဖမ်းဆီး....

မျက်မြင်သက်သေနှင့် အထောက်အထားများ မရှိသဖြင့် ဖောက်ခွဲရေးအမှု အပါအဝင် အမှု ၅ မှုဖြင့် အင်းစိန် ထောင်တွင် တနှစ်ခန့် ဖမ်းဆီးကာ တရားစွဲခံထားရသည့် ရခိုင်လူငယ် ၁၁ ဦးကို တရားသေလွှတ်ပေးသင့်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်နေသူ ရှေ့နေ ဦးကျော်ဟိုးက ပြောဆိုလိုက်သည်။

ယခုလ ၄ ရက်နေ့တွင် အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်းခရိုင် အထူးတရားရုံး၌ အစိုးရှေ့နေဘက်က စာဖြင့် တင်ပြကာ အပြီးသတ် လျှောက်လဲခဲ့ပြီး တရားသူကြီး ဦးမြင့်စန်းက ယခုလ ၁၁ ရက်နေ့တွင် စီရင်ချက်ချမည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက် ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ မျက်မြင်သက်သေလည်း မရှိဘူး။ အထောက်အထားလည်း မရှိဘူး။ ဒါကြောင့်မို့ စွပ်စွဲခံရတဲ့ ၁၁ ယောက်လုံးကို တရားသေ လွှတ်ပေးသင့်တယ်’’ ဟု ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

သူက ဆက်ပြီး “AASYC (ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး) နဲ့ ဆက်သွယ်တယ်။ သူတို့အတွက် အဖွဲ့ဝင်တွေ စည်းရုံးပေးတယ်၊ သူတို့အတွက် မူးယစ်ဆေးဝါးတွေ ရောင်းပေးတယ်၊ လက်နက် ခဲယမ်းတွေ သယ်တယ်၊ ပြည်တွင်းမှာ ပေါက်ကွဲမှုတွေဖြစ်အောင် ဆောင်ရွက်တယ်လို့ စွပ်စွဲထားတယ်” ဟု ပြောသည်။

၂ဝဝ၉ ခု စက်တင်ဘာအတွင်း ရခိုင်ပြည်နယ် ဒေသများမှ ၎င်းတို့ ၁၁ ဦးကို စစ်ထောက်လှမ်းရေးက ဖမ်းဆီးခဲ့ပြီး ထိုင်းနိုင်ငံရှိ AASYC နှင့် ဆက်သွယ်သည်ဟုဆိုကာ တရားမဝင် အသင်းနှင့် ဆက်သွယ်မှု၊ ဖောက်ခွဲမှု၊ နယ်စပ် ဖြတ်ကျော်မှု အပါအဝင် အမှု ၅ ခုဖြင့် အထူးရဲသတင်းတပ်ဖွဲ့ ဒုရဲမှူးသန်းစိုးက တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

တရားစွဲခံရသူများမှာ မောင်တောမြို့မှ ကိုခိုင်ကျော်မိုးနှင့် ကိုကျော်ဝင်း၊ စစ်တွေမြို့မှ ကိုထွန်းလင်းကျော်၊ ကိုနိုင်စိုး (မဲလုံး) နှင့် ရဲထက်စိုး၊ ဘူးသီးတောင်မြို့မှ ကိုမောင်နိုင်စိုး၊ ပုဏ္ဍားကျွန်းမှ ကိုကျော်စံသိန်းနှင့် ကိုအောင်မိုးဇော်တို့ ပါဝင်သည်။

ထိုအထဲမှ ထွန်းလင်းကျော်၊ ကိုအောင်စံသိန်း၊ ကိုခိုင်ကျော်မိုး အပါအဝင် ၆ ဦးသည် လူဝင်မှု ကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းမှု ပုဒ်မ ၁၃/၁ ဖြင့် နယ်စပ်ဖြတ်ကျော်မူ၊ အသင်းအဖွဲ့ ပုဒ်မ ရ ဖြင့်၎င်း၊ ကိုနိုင်စိုး (ခ) မဲလုံးမှာ ဖောက်ခွဲရေးပုဒ်မ ဖြင့်၎င်း၊ ကိုရဲထက်စိုးမှာ ဖောက်ခွဲမှုနှင့် ကြေးနန်းဆက်သွယ်ရေး ပုဒ်မ ၆ (၁) ဖြင့်၎င်း တရားစွဲခံရသည်။

ဖောက်ခွဲရေးကိစ္စများနှင့် ပတ်သက်သည့် အမှုများကို အဓိက စစ်ဆေးခဲ့ကြောင်းနှင့် တရားသူကြီးက အမှုစစ်ရဲ ဦးကျော်ရင်ကိုသာ စစ်ဆေးခဲ့ကြောင်း သိရသည်။

AASYC သည် ထိုင်းနိုင်ငံတွင် အခြေစိုက်ကာ မြန်မာ့ဒီမိုကရေစီ ရရှိရေး ဆောင်ရွက်နေသော ရခိုင်ကျောင်းသား လူငယ် အဖွဲ့ဖြစ်ပြီး၊ ၎င်းတို့က ယခုဖမ်းဆီးခံထားရသူများနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။

၁၁ ဦးစလုံးကို စစ်ထောက်လှမ်းရေးများက လိုက်လံဖမ်းဆီးပြီးနောက် မိသားစုနှင့် အဆက်အသွယ် ဖြတ်ခဲ့သလို၊ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့မှ စတင်၍ ရုံးထုတ် စစ်ဆေးမှုများ ပြုလုပ်လာခဲ့သည်။

ထောင်တွင်း၌ ရုံးထုတ်စစ်ဆေးစဉ် မိသားစုဝင်များ တက်ရောက်၍ နားထောင်ခွင့် မရသဖြင့် တဦးစီအတွက် မိသားစုဝင် ၂ ဦးကျ လာရောက်ခွင့်ပြုရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် တရားရုံးသို့ ရှေ့နေများက တင်ပြတောင်းဆိုခဲ့သော်လည်း တရားရုံးက ယနေ့တိုင် ခွင့်ပြုခြင်း မရှိခဲ့ပါ။

အမှုအတွက် ရှေ့နေများဖြစ်သည့် ဦးအေးသိန်း၊ ဦးမောင်မောင်လတ်၊ ဒေါ်သီတာမမနှင့် ဦးကျော်ဟိုးတို့ လိုက်ပါဆောင်ရွက်ပေးနေရာ အကယ်၍ ပြစ်ဒဏ်ချမှတ်ပါက အယူခံ ဝင်သွားမည်ဖြစ်သည်။

 

 

 

 

 

Most read this week