ထွက်ပေါက်မဟုတ်တဲ့ ရွေးကောက်ပွဲ သပိတ်မှောက်ရန် ပြောကြပြီ

ထွက်ပေါက်မဟုတ်တဲ့ ရွေးကောက်ပွဲ သပိတ်မှောက်ရန် ပြောကြပြီ
by -
မြင့်မောင်

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ”အကြမ်းဖက်” ဟု ခေါ်ဝေါ်လိုက်ပြီး ဒီမိုကရေစီ လိုလားသူတိုင်း ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ရန်  ပြည်တွင်းရှိ သံဃာ့အဖွဲ့ကြီးနှင့် ကျောင်းသားအဖွဲ့များက တိုက်တွန်း....

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ”အကြမ်းဖက်” ဟု ခေါ်ဝေါ်လိုက်ပြီး ဒီမိုကရေစီ လိုလားသူတိုင်း ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ရန်  ပြည်တွင်းရှိ သံဃာ့အဖွဲ့ကြီးနှင့် ကျောင်းသားအဖွဲ့များက တိုက်တွန်းလိုက်သည်။

မြေအောက် လှုပ်ရှားသော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့၏ ပူးတွဲကြေညာချက်တွင် စစ်အစိုးရသည်  ” အကြမ်းဖက်ဝါဒီ ကြံ့ဖွံ့ပါတီကို အပြတ်အသတ် မဲအနိုင်ရစေရန် ပြောင်ပြောင်တင်းတင်း ဘက်လိုက်ကာကွယ် ပံ့ပိုးပေးနေသည်” ဟု ရေးသားထားသည်။

“ တရားမဝင်တဲ့ စစ်အစိုးရကို တရားဝင်တဲ့ စစ်အစိုးရဖြစ်အောင် လုပ်တဲ့ပွဲလို့ မြင်တယ် ” ဟု စစ်အစိုးရ၏ လိုက်လံဖမ်းဆီးခြင်းမှ ရှောင်တိမ်းနေရင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ကိုအောင်ကျော်ဆင့်က မဇ္စျိမကို ဆက်သွယ်ပြောကြားသည်။

အလားတူပင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှာ ပြောရေးဆိုခွင့်ရှိသူ အရှင်ဦးကုမာရက “ဒီဟာတွေက မတရားဘူးလို့ ပြည်သူလူထု သိအောင် ချပြပြောဆိုမယ်။ ပြည်သူလူထုကို တတ်နိုင်သလောက် ချဉ်းကပ်ပြီးတော့ မဲမထည့်အောင် လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်” ဟု မဇ္စျိမကို မိန့်တော်မူသည်။

သဘောထား ပြတ်သားသော ယခုအဖွဲ့များက ရွေးကောက်ပွဲဝင်ခြင်းဖြင့် နိုင်ငံရေး ဂွင်ကျယ်လာနိုင်သည်ဟု အယူရှိသူများကိုလည်း စိတ်ယူးယဉ်မှုဟု ပြစ်တင်လိုက်သည်။

” ပြောင်းမရ ပြင်မရသော ဖွဲ့စည်းပုံကို အသက်သွင်းပြီးကာမှ လွှတ်တော်ထဲကနေ ဝင်ပြင်မည်ဟု ပြောနေ ခြင်းသည် စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်နေလိမ့်မည်။ သင်တို့၏ စိတ်ကူးဖဲဝိုင်းထဲတွင် တိုင်းပြည်၏ ကံကြမ္မာကို လောင်းကြေးမထပ်သင့်ပေ” ဟု ကြေညာချက်တွင် ပါရှိသည်။

ပြည်ပအခြေစိုက် အတိုက်အခံ အဖွဲ့တခုဖြစ်သည့် လူ့ဘောင်သစ်ပါတီ DPNS ကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တိုက်တွန်းလိုက်ပြန်သည်။

“လက်ရှိ ရွေးကောက်ပွဲ ဥပဒေကို ကြည့်မယ်ဆိုရင် ဒီဥပဒေတွေဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ အင်အားစုတွေ၊ စစ်မှန်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အကုန်လုံးကို တိုင်းပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်ထဲကနေ ဖယ်ထုတ်ဖို့ ကြိုးစားတဲ့ ကြိုးစားမှုတခု ဖြစ်တယ်။ ဒီနိုင်ငံရေးပါတီတွေအနေနဲ့ မပူးပေါင်းဖို့ လိုသလို ပြည်သူလူထုကလည်း မပူးပေါင်းဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်” ဟု DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က မဇ္စျိမကို ပြောသည်။

ယနေ့တွင် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က စာမျက်နှာ ၄၄ မျက်နှာပါ ’’၈၈ လူထုအသံ’’ မဂ္ဂဇင်းကို ထုတ်ဝေခဲ့ပြီး စာအုပ်၏ ရှေ့မျက်နှာဖုံးတွင် ’’လူထုအမှန် ပဲ့တင်သံ ရှစ်ဆယ့်ရှစ်အသံ’’ ဆောင်ပုဒ်ကို ရေးသားထားသည်။

ထိုစာအုပ် အဖွင့်စကားကို ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်က လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နှင့် ပြောရေးဆိုခွင့်ရှိသူ ခေါင်းစဉ်ဖြင့် ရေးသားသည်။ စစ်အစိုးရက လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို နည်းမျိုးစုံဖြင့် ပိတ်ပင်ချုပ်ချယ်ပြီး စည်းကမ်းပြည့်ဝသော နာမဝိသေသန ထည့်ကာ ဒီမိုကရေစီကို ပုံဖျက်ထားကြောင်းနှင့် ရဲဝံ့စွာ ပြောဆိုရေးသားနေသူများသည် ထိုခေတ် ထိုလူ့ဘောင်၏ ပြောရေးဆိုခွင့်ရှိသူများ ဖြစ်နေကြောင်း ဆိုထားသည်။  

၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူများ လမ်းပေါ်ထွက်ကာ ဒီမိုကရေစီရရှိရေး ဆန္ဒပြပွဲများ ကျင်းပခဲ့သည်။ သို့သော် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း သြဇာခံ သမ္မတဦးစိန်လွင်က စစ်တပ်ကို အသုံးပြုကာ ပစ်ခတ်နှိမ်နင်းသဖြင့် ဆန္ဒပြသူ ၃ဝဝဝ ခန့် သေဆုံးကာ ရာပေါင်းများစွာ ဖမ်းဆီး ခံခဲ့ရသည်။

 

 

 

 

 

 

Most read this week