သုံးနှစ်ကြာမိုးခေါင်သဖြင့် အစာရေစာ ပြတ်လပ်မှုများ ဆိုးရွားလာနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ခန့်မှန်း ထားသည့် မြန်မာ နိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှား ရပ်ဝန်းဒေသတွင် မကြာမီ မုန်တိုင်းမိုး ကြံုရဖွယ်....
သုံးနှစ်ကြာ မိုးခေါင်သဖြင့် အစာရေစာ ပြတ်လပ်မှုများ ဆိုးရွားလာနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ခန့်မှန်း ထားသည့် မြန်မာ နိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှား ရပ်ဝန်းဒေသတွင် မကြာမီ မုန်တိုင်းမိုး ကြံုရဖွယ်ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောသည်။
မြန်မာနိုင်ငံ နယ်နိမိတ်၏ ဆယ်ပုံတပုံ အကျယ်အဝန်းရှိပြီး လူနေထူထပ်သော အလယ်ပိုင်း ခြောက်သွေ့ရပ်ဝန်းမှာ တိုင်းပြည်၏ ဆင်းရဲနိမ့်ပါးသော၊ စားနပ်ရိက္ခာချို့ငဲ့သော ဒေသတခု ဖြစ်သည်။
” ဒါဟာ တငွေ့ငွေ့ တောက်လောင်နေတဲ့ ပြဿနာတခုပဲ။ ဒါပေမယ့် အထောက်အထားတွေ အရဆိုရင် ပိုပို ဆိုးလာ နေတယ်” ဟု အလုပ်ထွက်တော့မည့် WFP အကြီးအကဲ ခရစ်ကေးကို ကိုးကား၍ ရိုက်တာ AlertNet က ဖော်ပြထားသည်။
သို့သော်လည်း စိုက်ပျိုးသီးနှံများအတွက် လိုအပ်နေသော ရေကို ထိုဒေသတွင် မုန်တိုင်းမိုးမှ ရနိင်ပါသေးသည်။ ဘင်္ဂလား ပင်လယ်အော်အတွင်း၌ မုန်တိုင်း ၅ လုံးခန့် ကျန်သေးသဖြင့် အလယ်ပိုင်းဒေသများ အတွက် အဓိက အားထားရသော “မုန်တိုင်းမိုး” ပိုရနိုင်သည်ဟုလည်း ဦးထွန်းလွင်က ပြောသည်။
“ဒီ သြဂုတ်လထဲမှာ တကြိမ်တော့ ဖြစ်နိုင်တယ်။ အောက်တိုဘာမှာ ၂ ကြိမ်၊ နိုဝင်ဘာတကြိမ်၊ တကယ်လို့ စက်တင်ဘာ ဖြစ်မယ် ဆိုရင်တော့ ဒီဇင်ဘာအထိ မသွားဘူးပေါ့လေ။ စက်တင်ဘာ မဖြစ်ရင် ဒီဇင်ဘာ လောက်အထိ မိုးသွားနိုင်မယ်။ ၄-၅ လုံး လောက်တော့ မုန်တိုင်းမိုးတွေ ဖြစ်မယ်” ဟု သူက ပြောသည်။
ယခုနှစ် ဧပြီလမှစ၍ အပူပိုင်းဒေသ မကွေး၊ စစ်ကိုင်း၊ မန္တလေး အပါအဝင် ပဲခူး၊ ရန်ကုန်၊ မွန်၊ ရှမ်း၊ ရခိုင် စသည့် တိုင်းနှင့်ပြည်နယ်များတွင် အပူချိန်မြင့်မှုကြောင့် ရေရှားပါးခဲ့ပြီး အပူပြင်းသဖြင့် လူ သေဆုံးမှုများပင် ရှိခဲ့သည်။ မကွေးတိုင်း၌ ၄ဝ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင် ပူခဲ့သဖြင့် ထန်း နှင့် ရှားကဲ့သို့သော “အပူခံ” အပင်များပင် ပျက်ဆီးခဲ့သည်။
ဒေါက်တာဦးထွန်းလွင်က “မှန်ပါတယ်။ အလယ်ပိုင်းဒေသရဲ့ ရွာတဲ့မိုးနဲ့ မြေကြီးက အငွေ့ပျံတဲ့ရေနဲ့က မမျှဘူး ဖြစ်နေတယ်။ အငွေ့ပျံထွက်တဲ့ရေက ပိုများနေတယ်။ တနည်းအားဖြင့်တော့ မြေကြီးက အောင်းရေ မရဘူး ပေါ့နော်။ အဲဒီတော့ မိုးနည်းတဲ့သဘောပါ” ဟု ရှင်းပြသည်။
တချိန်က အာရှ၏ စပါးကျီဟု တင်စားခြင်းခံခဲ့ရသော နိုင်ငံတွင် အစားအစာရှားပါးမှုမှာ မြန်မာစစ်အစိုးရ၏ အတားအဆီးများကြောင့် စားသောက်ကုန်များ လိုသည့်နေရာ မရောက်ဟု WFP က ပြစ်တင် ပြောဆိုထားသည်။ အာဏာပိုင်များက ခရီးသွားလာမှုကို တင်းကျပ်ထားသဖြင့် ဒေသတွင်းရှိ မြို့နယ်အချို့ကိုသာ သွားရောက်ခွင့် ရပြီး စားနပ်ရိက္ခာ လိုအပ်မှုနှင့် အကူအညီ ဖြန့်ဝေရေးတို့အတွက် အကဲဖြတ်ရန် အခက်ခဲများ ရှိနေသည် ဟုလည်း ပြောသည်။
ရေနံချောင်းမြို့နယ် ဒေသခံတဦးက ဒေသခံများအကြား အစားအစာ မလုံလောက် ဖြစ်သည်ဟုဆိုကာ WFP အကြီးအကဲ၏ ပြောဆိုချက်ကို ထောက်ခံ ပြောဆိုသည်။
“တနေ့ကို တချို့ တနပ်စားရတာရှိတယ်။ တချို့ မိသားစုက ၄ ယောက်ရှိရင် နို့ဆီ ၄ ဗူး ချက်ရမယ့်အစား ၂ ဗူး ၃ ဗူးလောက်နဲ့ ဝေငှစားရတာမျိုးတွေပေါ့ဗျာ။ တခါတလေ ဒီနေ့ ညစာ မစားရဘူး၊ နောက်နေ့ မနက်ကျမှ ရှာလို့ ဖွေလို့ရမှ ချက်စားရတာမျိုးလည်း ရှိတာပေါ့” ဟု တောင်သူများ၏အကျိုးအတွက် ဆောင်ရွက်ပေးနေသော အတိုက်အခံ တက်ကြွလှုပ်ရှားသူက ပြောသည်။
အကျိုးဆက်ကား လူငယ်အများအပြား တနယ်တကျေးသို့ အလုပ်သွားရောက်လုပ်မှု တိုးလာခြင်းဟု သူက ထပ်ပြောသည်။
မဇ္ဈိမ၏ စုံစမ်းချက်အရ ယခုလတ်တလော မကွေးနှင့် မန္တလေးတိုင်းအတွင်း နှမ်းခင်းများ ပျက်စီးမှု အများအပြား ရှိနေသည်။
ချောက်၊ ကျောက်ပန်းတောင်း၊ မိတ္တီလာ၊ ရေနံချောင်း၊ မကွေး၊ တောင်တွင်းကြီး၊ ပခုက္ကူ၊ ရေစကြို၊ ပေါက် စသည့် မြို့နယ်များတွင် နှမ်း အဓိကထားပြီး မြေပဲ၊ ပဲတီစိမ်းတို့ဖြင့် ညှပ်စိုက်ကြသည်။
နှမ်းပင်များ ပျက်ဆီးသွားရသည့် တောင်သူများမှာမူ လာမည့် နှစ်လအတွင်း နှုတ်သိမ်းရတော့မည့် မြေပဲအတွက် မုန်တိုင်းမိုးကို စောင့်မျှော်နေကြသည်။
ဒေါက်တာဦးထွန်းလွင်က “သြဂုတ်လက စပြီးတော့ လာနီညာ ရာသီဥတုပေါ့လေ အဲဒါ စဖြစ်နေပြီ။ ပစိဖိတ်မှာ ပေါ့နော်။ လာနီညာ ရာသီဥတုဖြစ်ရင်၊ အားလည်း အသင့်အတင့် ကောင်းမယ်ဆိုရင် အင်ဒိုချိုင်းနား တခုလုံးက စွတ်စိုတဲ့ ရာသီဥတုဖြစ်ရမယ့် သဘောရှိတယ်လေ။ မြန်မာလည်းပါတော့ နောက်ပိုင်း မိုးရလိမ့်မယ်လို့ ထင်ပါ တယ်။ အထူးသဖြင့် မုန်တိုင်းမိုး ပိုရနိုင်ပါတယ်” ဟု ပြောသည်။
စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ တောင်းဆိုချက်ဖြင့် ၂ဝဝ၈ ခု၌ နာဂစ်ဒေသနှင့် ချင်းပြည်နယ် အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၁ ခု၏ ရိက္ခာလုံလောက်မှု အခြေအနေကို ကုလသမဂ္ဂ က ကွင်းဆင်း သုတေသနပြုခဲ့ပြီး ထုတ်ပြန်ခဲ့သော ယခင်နှစ်ဆန်း အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ လူ ၅ သန်းကျော် စားနပ်ရိက္ခာ ချို့တဲ့နေသည်ဟု ဆိုသည်။