ကရင်နီတပ်မတော်များ အထင်လွဲမှားမှုများ ရှိမည်ကို စိုးရိမ်၍ ကရင်နီပြည် ရှားတောမြို့နယ်တွင်း ထုတ်ဝေ ပေးထားသော ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တံဆိပ်ပါရှိသည့် ဦးထုပ်များကို ရွာသားများ မဆောင်းရဲ...
ကရင်နီတပ်မတော်များ အထင်လွဲမှားမှုများ ရှိမည်ကို စိုးရိမ်၍ ကရင်နီပြည် ရှားတောမြို့နယ်တွင်း ထုတ်ဝေ ပေးထားသော ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တံဆိပ်ပါရှိသည့် ဦးထုပ်များကို ရွာသားများ မဆောင်းရဲ ကြကြောင်း သိရသည်။
၂၀၁၀ရွေးကောက်ပွဲတွင် ရွာသားများအနေဖြင့် ကြံ့ဖွံ့အဖွဲ့အား ထောက်ခံအားပေးမှုများ ရှိလာရေးအတွက် ဦးထုပ်များကို အခမဲ့ထုတ်ဝေပေးခြင်းဖြစ်သည်။
“ထုတ်ပေးတဲ့ ဦးထုပ်ကို ရွာသားတွေ အသုံးပြုဖို့ သိပ်မလွယ်ဘူး။ အချင်းချင်း အထင်မှားစရာတွေ ဖြစ်မှာစိုးတယ်။ မဆောင်းဘူးဆိုလို့ရှိရင်လဲ နအဖကို ကြောက်နေရပြန်တယ်။” ဟု ရှားတောမြို့နယ် ကျေးရွာတရွာမှ ရွာသူကြီး ဖြစ်ခဲ့ဖူးသူက ပြောပါသည်။
ကရင်နီပြည်တွင် တခြားသော နိုင်ငံရေးပါတီမှ လွဲ၍ ကြံ့ဖွံ့အဖွဲ့များအား ၂၀၁၀ ရွေးကောက်ပွဲတွင် ထောက်ခံမဲများ ပေးရန် ပြီးခဲ့သည့် ၂၀၀၈ခုနှစ် အခြေခံဥပဒေအတည်ပြုပြီးသည့် နေ့မှစ၍ ပြည်သူများအကြား တိုက်တွန်း နိုးဆော်လျက် ရှိသည်။
ကြံ့ဖွံ့အား ထောက်ခံရန် လူထုအကြား စိတ်ဝင်စားမှုမရှိသည့်အတွက် အဖွဲ့ဝင်ရန် ဖိအားပေးမှုများလည်း ပြုလုပ် လာသည်ဟု ကြံ့ဖွံ့အဖွဲ့ဝင်ရန် တွန်းအားပေးခံခဲ့ရသော လူငယ်တဦးက ပြောပါသည်။
၎င်းက“အဖွဲ့ဝင်ဖို့ လျှောက်လွှာအတွက် တဦးကိုတထောင်စီပေးရတယ်။ အကယ်၍ အဖွဲ့ဝင်ဖြစ်ရင် သွားလာရေးတို့ ထောက်ပံ့မှုတို့ တခြားသူတွေထက် ရနိုင်မယ်ပေါ့။ အဖွဲ့ဝင်လက်မှတ်ပြရင် သွားလာရေးလွတ်လပ်မှုတွေရလာမယ် အဲ့လိုစီးရုံးတာတွေရှိတယ်။” ဟုပြောသည်။
ရှားတောမြို့နယ်တွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကြံ့ဖွံ့အဖွဲ့အစည်းတခုတည်းသာ စီးရုံးမှုများရှိနေပြီး တခြားမည်သည့်နိုင်ငံရေးပါတီမှ လာရောက်စီးရုံးမှုများမရှိသေးကြောင်း ဒေသခံရွာသားတို့၏ ပြောပြချက် အရ သိရသည်။
ရှားတောမြို့နယ်အတွင်းရှိ ရွာသားများသည် ၂၀၀၈ ခု အခြေခံဥပဒေကို နားမလည်ကြသေးသည့်အပြင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း မည်သည့်ပါတီများပါ၀င်မည်၊ မည်သည့်ပါတီကိုမဲထည့်ပေးရမည်ကို နားမလည်ကြကြောင်း ရွာသူကြီးဟောင်းကပြောသည်။
၎င်းက “သူတို့အခြေအနေက လာတဲ့သူတွေကို အားလုံးထောက်ခံရတယ်။ ဗမာစစ်သားလာရင် ဗမာစစ်သားကို ထောက်ခံရတယ်။ ကရင်နီအဖွဲ့လာရင်လဲ ကရင်နီအဖွဲ့ကို ထောက်ခံရတယ်။ များသောအားဖြင့် ကျနော်တို့ လူတွေက စာမတတ်ကြဘူးလေ။ တခြားနေရာကလူတွေနဲ့ မတူဘူး” ဟုပြောသည်။