ငွေတိုးချေးပြီး မဲဆွယ်မယ့် ကြံ့ဖွံ့

ငွေတိုးချေးပြီး မဲဆွယ်မယ့် ကြံ့ဖွံ့
by -
ကျော်ခ

ပါတီစည်းရုံးရေးတခုအနေဖြင့် ရေနံချောင်းမြို့တွင် စစ်အစိုးရ၏ ကြံ့ခို်င်ဖွံ့ဖြိုးရေးပါတီက စည်းရုံုးရေးမှူးများကို ငွေချေးလုပ်ငန်းလုပ်ကိုင်ရန် အရင်းထုတ်ပေးနေသည်ဟု ပါတီဝင်များနှင့် ဒေသခံများက ပြော....

ပါတီစည်းရုံးရေးတခုအနေဖြင့် ရေနံချောင်းမြို့တွင် စစ်အစိုးရ၏ ကြံ့ခို်င်ဖွံ့ဖြိုးရေးပါတီက စည်းရုံုးရေးမှူးများကို ငွေချေးလုပ်ငန်းလုပ်ကိုင်ရန် အရင်းထုတ်ပေးနေသည်ဟု ပါတီဝင်များနှင့် ဒေသခံများက ပြောသည်။

မကွေးတိုင်း ရေနံချောင်းမြို့ပေါ် ရပ်ကွက်စည်းရုံးရေးမှူးတဦးလျှင် ကျပ်တသိန်းနှုန်းဖြင့် ၁၄ ဦး၊ ကျေးရွာအုပ်စု စည်းရုံးရေးမှူး တဦးလျှင် ကျပ်ငါးသိန်းနှုန်းဖြင့် ၂၉  ဦးအတွက် ငွေရင်းကို ကျပ်တရာလျှင် အတိုးနှုန်း ၂ ကျပ် ခွဲနှုန်းဖြင့် ချပေးခြင်း ဖြစ်သည်။

“အခုပေးလိုက်တာ သိန်း ၁၆ဝ ကျော်သွားပြီ” ဟု မြို့နယ်စည်းရုံးရေးမှူး တဦးက မဇ္စျိမကို ပြောသည်။

ချေးငွေအဖြစ် ချပေးသည့် ငွေများသည် ပါတီမပြောင်းခင်က တည်ရှိခဲ့သော ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ရံပုံငွေများသာ ဖြစ်ပြီး  ပါတီပိုင်ငွေအဖြစ် ပြောင်းလဲလာခဲ့သည်ဟု တိုင်းအဆင့် ကြံ့ဖွံ့ခေါင်းဆောင် တဦးက ဝန်ခံပြောဆိုသည်။

ချေးငွေရင်းများနှင့် ပတ်သက်၍ မြို့နယ်စည်းရုံးရေးမှူးဖြစ်သူ ဦးအောင်နိုင်ဝင်းက မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စုများကို ဦးစားပေး၍ ငွေချပေးနေသည်ဟု ရပ်ကွက်စည်းရုံးရေးမှူး တဦးက ပြောသည်။

“တကယ် အလုပ်လုပ်ရတာက ကျနော်တို့ မြို့ပေါ် စည်းရုံးရေးသမားတွေ။ သူကရွာစည်းရုံးရေးမှူးတွေကိုပဲ ချပေးမယ် ဆိုတော့ နစ်နာတာပေါ့။ ကျနော်တို့က မချပေးရင် ထွက်မယ်ပြောတော့။ မနေ့က ၁ သိန်းစီ ထုတ်ပေးတယ်။ ဒီလောက်နဲ့ ဘာမှ လုပ်လို့မရဘူး။ ထပ်ညှိရမှာပဲ” ဟု သူက မဇ္စျိမကို ပြောသည်။

လူမှူရေးကြံ့ဖွံ့ကို နိုင်ငံရေးကြံ့ဖွံ့အဖြစ် ပြောင်းလဲပြီးဖြစ်သော်လည်း ရေနံချောင်းတွင် ကြံ့ခိုင်ရေး အသင်းအနေဖြင့် ဆိုင်းဘုတ်များ ရှိနေဆဲ ဖြစ်သည်။

မကွေးတိုင်းအတွင်းတွင် မြို့နယ်ပေါင်း ၂၅ မြို့နယ်ရှိပြီး ဝန်ကြီးချုပ် ဦးသိန်းစိန်ဦးစီးသော ပါတီမှာ စည်းရုံးရေးများ လုပ်နေပြီ ဖြစ်သည်။

အလားတူပင် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်ရှိ မြို့နယ် ကြံ့ဖွံ့အဖွဲ့များက ကျေးရွာများသို့ဆင်း၍ ချေးငွေ ချပေးမည်ဟုဆိုကာ ပါတီဝင် စည်းရုံးရေးများ ပြုလုပ်နေသည်ဟု မြို့ခံများက ပြောသည်။

“သူတို့ ပါတီမှာဝင်မယ်။ သူတို့ကိုမဲပေးမယ်ဆိုရင် ၂ ကျပ်တိုးနဲ့ ချပေးမယ်လို့ အရင်လ ကတည်းက ရွာတွေကို လိုက်စည်းရုံးနေတယ်။ ဒီမှာတော့ တခြားပါတီလည်း မလာဘူး။ သူတို့ပါတီပဲရှိတယ်”ဟု မြို့ခံတဦးက မဇ္စျိမကို ပြောသည်။

ကြ့ံဖွံ့့အသင်းဖြစ်စဉ်က နိုင်ငံတဝှမ်း ရုံးပေါင်း ၁၅၄၂၁ ရုံးရှိခဲ့ပြီး အသင်းဝင်ပေါင်း ၂၄ သန်းကျော် ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။ သို့သော် ပါတီအဖြစ် ပြောင်းသောအခါ အသင်းဝင်အဖြစ် ခန့်ထားခဲ့သော ကျောင်းသူ ကျောင်းသားများ၊ အစိုးရ ဝန်ထမ်းများကို ပြန်လည် လျှော့ချရသည်။

ရန်ကုန်တိုင်း ကြံ့ဖွ့ံ ပါတီ စည်းရုံးရေး တာဝန်ရှိသူ တဦးကမူ “ကျနော်တို့က အပြင်လူတွေကို အတင်း စည်းရုံးရေး လုပ်နေတာ မဟုတ်ပါဘူး။ ကျနော်တို့ မူလအသင်းက လူတွေကိုပဲ ကျစ်ကျစ်လစ်လစ် ဖြစ်အောင် အရင်လုပ် နေတာပါ။ ပါတီ စိစစ်ရေး လုပ်ငန်းတွေ အရင်လုပ်ရဦးမှာပါ” ဟု သူက ပြောသည်။

စစ်အစိုးရအနေဖြင့် လူမှုရေးအသင်းတခု ထပ်ဖွဲ့ဦးမည်ဟု ထွက်နေသော သတင်းသည် မှန်ကန်မှု မရှိကြောင်းနှင့် ယင်းကဲ့သို့ အသင်းမျိုးကိုလည်း ဖွဲ့စည်းဖို့ အစီအစဉ် “လုံးဝ” မရှိကြောင်း သူက ဆက်ပြောသည်။

ကြံ့ဖွ့ံပါတီအနေဖြင့် လမ်းခင်းခြင်း၊ တံတားဆောက်ခြင်း၊ ဆေးခန်းဖွင့်ပေးခြင်းများကို ငွေကုန်ကြေးကျခံ၍ ပြုလုပ် နိုင်ခြင်း၊ ပါတီဝင် စည်းရုံးမှုများကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ခြင်း၊ အာဏာပိုင်များ၏ ကျောထောက် နောက်ခံ ရရှိခြင်း စသည်များကြောင့် လုပ်ချင်တိုင်း လုပ်နိုင်သော်လည်း ကျန်ပါတီ အများစုမှာ အကန့်အသတ်များဖြင့်သာ လုပ်ကိုင်ကြရသည်ဟု နိုင်ငံရေး လေ့လာသူများက ပြောဆိုနေကြသည်။

၁၉၉၃ ခုနှစ်က တည်ထောင်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နာယကဖြစ်သော လူမှုရေးကြံ့ဖွံ့့အသင်းမှ ဇူလိုင်လ ၆ ရက် နေ့တွင် နိုင်ငံရေးပါတီ ကြံ့ဖွံ့့အဖြစ် ပြောင်းလဲခဲ့ကာ ဝန်ကြီးချုပ် အပါအဝင် လက်ရှိရာထူး ရယူထားသော စစ်ဗိုလ်ချုပ် အချို့က စစ်ဘက်ရာထူးမှ နုတ်ထွက်ပြီး ဦးဆောင်ထားသည်။