ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ) အဖွဲ့၏ အဏာဂါတ်ကို ၂၀၁၀ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် အစိုးရသစ်နှင့် အပေးအယူ ပြုလုပ်ရန် လူငယ်များ အနေဖြင့် သဘောတူဆန္ဒရှိ...
ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ) အဖွဲ့၏ အဏာဂါတ်ကို ၂၀၁၀ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် အစိုးရသစ်နှင့် အပေးအယူ ပြုလုပ်ရန် လူငယ်များ အနေဖြင့် သဘောတူဆန္ဒရှိထားကြောင်း သိရသည်။
ကလလတ အနေဖြင့် နယ်ခြားစောင့်တပ် အနေအထားဖြင့် ရပ်တည်နေရာမှ အဖွဲ့ခေါင်းဆောင် အချို့တို့မှ နိုင်ငံရေးပါတီ ထူထောင်ပြီး ရွေးကောက်ပွဲဝင်ရန် ကြိုးပန်းမှုများ ရှိနေသည့် ကြားက လူငယ်များဘက်မှ အငြင်းပွားမှုများ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်ဟု ကလလတမှ လူငယ်တဦးက ပြောပြသည်။
၎င်းက “သူတို့က စကားခံထားပြီးပြီလေ။ ကျနော်တို့ (ကလလတအဖွဲ့)က နောက်တက်လာမဲ့ အစိုးရသစ်နဲ့ပဲ စကားပြောမယ်လို့ (ကလလတ လူကြီးများက) ပြောထားတယ်လေ။ အခုမှပဲ ပါတီဖွဲ့မယ်ဆိုရင်တော့ ကျနော်တို့ လူငယ်တွေတော့ လုံးဝလက်ခံနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ၂၀၀၈ အခြေခံဥပဒေကိုလည်း ဆန့်ကျင်ပြီးပြီလေ။ အခုက ပါတီသွားပြီး ပြန်ထောင်မယ်ဆို ပြန်လက်ခံတဲ့ သဘောဖြစ်သွားမှာပေါ့” ဟု ပြောသည်။
၂ဝဝ၈ မေလတွင် ကျင်းပပြုလုပ်ခဲ့သော စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း အတည်ပြုရေး လူထုဆန္ဒ ခံယူပွဲကို ဦးဆောင်ဆန့်ကျင် ဆန္ဒပြခဲ့ကြသော ကလလတမှ လူငယ် အချို့နှင့် ကရင်နီပြည် လူငယ်များ အဖွဲ့(ကေအစ်ဝိုင်)မှ ခေါင်းဆောင်များအား စစ်အစိုးရမှ ဖမ်းဆီးပြီး နှစ်ရှည် ထောင်ဒါဏ်များ ချမှတ်ခဲ့သည်။
ကလလအတွင်းမှ နောက်ထပ်လူငယ်တဦးကလည်း “လူကြီးတွေက ကျနော်တို့ကို မေးတယ်။ ခင်းများတို့ စာအုပ် (အခြေခံဥပဒေစာအုပ်) တွေကို ဖတ်ပြီးပြီလားလို့ မေးတယ်။ ဖတ်တယ် ဒီအခြေခံဥပဒေက ပြည်သူအတွက် ကာကွယ်ပေးတဲ့ ဥပဒေမျိုး မဟုတ်ဘူး။ လူနည်းစု တစ်စုစာအတွက်ပဲ ကိုယ်ကျိုးအမြတ် ရရှိအောင် တမင်ဖန်တီးရေးထားတဲ့ စာပဲလို့ ပြန်ပြောလိုက်တော့ လူကြီးတွေက ဘာမှ ပြန်မပြောနိုင်တောဘူူး” ဟု ပြောသည်။
ကလလတအဖွဲ့မှ နိုင်ငံရေးပါတီသို့ ပြောင်းလဲလိုက်ပါက လက်နက်ချသည့် သဘောမျိုး တက်ရောက်နေကြောင်း၊ ပါတီထူထောင် လိုသူများ မှာ အထက်ပိုင်းခေါင်းဆောင်များသာ ဖြစ်ပြီး အောက်ငယ်သားများမှာ ရှိရင်းစွဲ လက်နက်များအား ဆက်လက်ကိုင်ဆောင်ပြီး မကြာမှီ ဖြစ်ပေါ်လာမည့် အစိုးရသစ်နှင့် ဆွေးနွေးဆုံးဖြတ် လိုကြောင်း ကလလတအတွင်းမှ လူငယ်များ၏ ပြောပြချက်အရ သိရသည်။