မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်ကာလ ကုန်ဆုံးသည့် နိုဝင်ဘာလတွင်း လွတ်မြောက်မည်ဟု မျှော်လင့်.....
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်ကာလ ကုန်ဆုံးသည့် နိုဝင်ဘာလတွင်း လွတ်မြောက်မည်ဟု မျှော်လင့်နေသလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များကလည်း မျှော်လင့်နေကြသည်။
အထူးအယူခံကိစ္စနှင့် နေအိမ်ပြင်ဆင်ရေး ကိစ္စများအတွက် ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် ရှေ့နေများနှင့် ယမန်နေ့က တွေ့ဆုံခွင့်ရစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခြင်းဖြစ်သည်။
“ နိုဝင်ဘာလမှာ သူ့ကို ပေးထားတဲ့ ပြစ်ဒဏ်က ကုန်သွားပြီ။ ဥပဒေသဘောအရတော့ သူ့ကို ဆက်ပြီး ချုပ်နှောင်စရာ မရှိတော့ဘူး။ ဘာပြစ်မှုကိုမှ သူကျူးလွန်ခြင်းလည်း မရှိဘူး။ ဒါကြောင့် လွတ်မြောက်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်” ဟု သူမ၏ ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးဉာဏ်ဝင်း၊ ရှေ့နေ ဦးကြည်ဝင်းတို့ ယမန်နေ့ နေ့လည် ၁ နာရီမှ ၃ နာရီအထိ တွေ့ဆုံခွင့် ရရှိခဲ့သည်။
နေအိမ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် အမေရိကန်နိုင်ငံသား ဂျွန်ယက်တောကို လက်ခံထားမှုဖြင့် ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။
သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နေအိမ်၌ပင် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် ထိန်းသိမ်းရန် ညွှန်ကြားခဲ့သည်။ ယင်းပြစ်ဒဏ်သည် ယခုနှစ် နိုဝင်ဘာလတွင် ပြည့်မြောက်မှာဖြစ်သည်။
NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ယခုတကြိမ် ပြစ်ဒဏ်သည် တရားရုံးက ချမှတ်ထားခြင်း ဖြစ်သည့်အတွက် ယခင်ကာလများကဲ့သို့ သက်တမ်းတိုးခြင်း ပြုလုပ်နိုင်မည်မဟုတ်ဟု ယုံကြည်နေသည်။
“အခုက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးပုဒ်မနဲ့ ထိန်းသိမ်းထားတာ မဟုတ်ဘူး။ သာမန်ပြစ်ဒဏ်နဲ့ အပြစ်ပေးထားတာ ဖြစ်တယ်။ အဲဒီတော့ သတ်မှတ်ကာလ ကုန်ဆုံးတဲ့အခါ လုံးဝကို လွှတ်ပေးရမှာ ဖြစ်တယ်။ ဒါကြောင့် လွတ်လာမယ်လို့ ယုံကြည်ထားတယ်” ဟု သူက ပြောသည်။
ပါတီဗဟိုအလုပ်အမှုဆောင်နှင့် ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သော ရှေ့နေ ဦးဉာဏ်ဝင်းက “ကျနော်တော့ လုံးဝ ယုံကြည်ပါတယ်။ လွှတ်ပေးရမှာပါ။ ဒီထက်စောပြီးတောင်မှ လွှတ်ပေးနိုင်ပါတယ်။ ဒါဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့်အပေါ် မူတည်ပြီး ကျနော်ပြောတာပါ” ဟု ပြောသည်။
နေအိမ်ပြန်လည်ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ အိမ်မကြီး၏ ပျက်စီးသွားသော အစိတ်အပိုင်းများကို အင်္ဂတေဖြင့် ပြန်လည်၍ ဖာထေးထားသဖြင့် ထိုနေရာများကို ဆေးသုတ်ရန်နှင့် ယိုယွင်းနေသည့် မှန်များ လဲလှယ်တပ်ဆင်ရန် ကျန်ရှိနေသေးပြီး ခြံဝင်းလုံခြံုရေးယူထားသည့် အာဏာပိုင်များက ယခုလအတွင်း အပြီးသတ်လုပ်ဆောင်ရန် ပြောကြားထားသည်။
“ကျနော်တို့ကတော့ တတ်နိုင်သမျှ မြန်အောင်လုပ်တယ်။ ကျန်နေတဲ့ လုပ်ငန်းတွေ ပြီးဖို့ကတော့ နောက်ထပ် ၃ ပတ်လောက် လိုသေးတယ်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ အင်ဂျင်နီယာအဖွဲ့ကို စေ့စေ့စပ်စပ် တွက်ချက်ပြီးတော့ ထပ်မံ စာတင်ဖို့ ညွှန်ကြားပါတယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ထို့ပြင် အထူးအယူခံတက်ထားသည့် ကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ ဆွေးနွေးခဲ့ကြပြီး လျှောက်လဲချက်ကို ရှင်းလင်းစွာ ရေးသားလျှောက်လဲရန် ညွှန်ကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က သူမအပေါ်ချမှတ်ထားသည့် ပြစ်ဒဏ်ပြင်ဆင်မှု အထူးအယူခံကို ပြီးခဲ့သည့် မေလ ၁ဝ ရက်နေ့တွင် ရန်ကုန် ဗဟိုတရားရုံးချုပ်သို့ တင်သွင်းခဲ့ရာ လက်ခံခဲ့သော်လည်း နှစ်ဖက်ရှေ့နေများ လျှောက်လဲရန် နေ့ရက်ကို တရားရုံးက ကြေညာခြင်း မရှိသေးပေ။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါက မြန်မာပြည်သူများက သူမနောက်သို့ တခဲနက် လိုက်ပါကြမည်ဟု ယုံကြည်ကြောင်း ဦးဝင်းတင်က ပြောသည်။
“ကျနော်တို့ အပါအဝင် တခြားလူတွေ ထောင်က လွတ်လာတဲ့အခါ ဝမ်းသာကြတယ်၊ လက်ခုပ်သြဘာ ပေးကြတယ်။ သို့သော် ကျနော်တို့ လွတ်မြောက်ခြင်းဟာ ပန်းပင်တပင်ထဲကို ရေလောင်းတဲ့ သဘောလောက်ပဲ ရှိတယ်။ လန်းဆန်းသွားတယ်ပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်းကျတော့ မိုးကြီးရွာချ လိုက်တဲ့အခါ တလောကလုံး စိမ်းစိုလန်းဆန်းသွားပြီးတော့ သစ်ပင်းပန်းမာလ်တွေက အကုန်လုံး ရုန်းကန် နိုးကြားလာသလိုပဲ မြန်မာပြည်ရဲ့ နိုင်ငံရေး နိုးကြားမှုတွေဟာ အလွန်မြင့်မားတဲ့ ပုံသဏ္ဍာန်နဲ့ လူထုကြီးက အုံကြွပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဦးဆောင်မှု နောက်ကို လူထုကြီးက တခဲနက် လိုက်ပါလိမ့်မယ်လို့ ယုံကြည်တယ်” ဟု သူက ပြောသည်။