အိန္ဒိယသမ္မတက မြန်မာအာဏာရှင်ကို လက်ခံတွေ့ဆုံ

အိန္ဒိယသမ္မတက မြန်မာအာဏာရှင်ကို လက်ခံတွေ့ဆုံ

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အိန္ဒိယ သမ္မတ Pratibha Patil က သမ္မတ အိမ်တော်ဝင်း၌ ယနေ့ နံနက်ပိုင်းတွင် လက်ခံတွေ့ဆုံ....

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အိန္ဒိယ သမ္မတ Pratibha Patil က သမ္မတ အိမ်တော်ဝင်း၌ ယနေ့ နံနက်ပိုင်းတွင် လက်ခံတွေ့ဆုံခဲ့သည်။

၅ ရက်ကြာ အလည်အပတ် ခရီးစဉ်အတွက် ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီတော်တွင် ဘုရားဖူးပြီးနောက် တနင်္လာနေ့ညက အိန္ဒိယမြို့တော် နယူးဒေလီသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

“ဒီနေ့ မနက် ၉ နာရီမှာ သမ္မတ Pratibha Patil ဗိုလ်ချုပ်မှူးကြီးကို သမ္မတ အိမ်တော်ဝင်းမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်” ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက မဇ္စျိမကို ပြောသည်။

ယနေ့ ညနေပိုင်းတွင် အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း Manmohan Singh နဲ့ တွေ့ဆုံမှာဖြစ်ပြီး နှစ်နိုင်ငံ သဘော တူညီချက်များ ရေးထိုးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

အိန္ဒိယသမ္မတနှင့် တွေ့ဆုံခဲ့ပြီးနောက် အသက် ရ၇ နှစ်အရွယ် စစ်ခေါင်းဆောင်သည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S.M. Krishna နှင့် ဆွေးနွေးခဲ့သည်။

ယနေ့ ညနေ ၄ နာရီခွဲတွင် ဝန်ကြီးချုပ် Man Mohan Singh နှင့် အိန္ဒိယဂိတ်အနီးရှိ နိုင်ငံတကာ ခေါင်းဆောင် များကို လက်ခံတွေ့ဆုံသည့် အစိုးရ ဧည့်ဂေဟာ (Hydrabad House) ၌လည်းကောင်း၊  အိန္ဒိယ ဒုသမ္မတ Shri M.Hamid Ansari နှင့် အတိုက်အခံ BJP ပါတီ ခေါင်းဆောင် Sushma Swaraj တို့က ယနေ့ ညနေ ၃ နာရီခွဲတွင်  Sardar Patel Marg အရပ်ရှိ ITC Maurya ဟိုတယ်၌လည်းကောင်း၊  အသီးသီး တွေ့ဆုံသွားမည်ဖြစ်သည်။

အိန္ဒိယအရှေ့မြောက်ဒေသ နှစ်နိုင်ငံ နယ်စပ်ရှိ သူပုန်များ ပူးပေါင်းနှိ်မ်နှင်းရေးအတွက် နားလည်မှု စာချွန်လွှာ များကို ပထမဦးစားပေး လက်မှတ်ရေးထိုးဖွယ်ရှိသည်ဟု အိန္ဒိယရှိ NDTV ရုပ်မြင်သံကြားသတင်းဌာနက ဖော်ပြထားသည်။

နှစ်နိုင်ငံပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ အကြမ်းဖက်မှုနှိမ်နင်းရေး၊ မူးယစ်ဆေးဝါးနှင့် ငွေဖြူ လျှော်ဖွတ်မှုနှင့် လက်နက်ခဲ ယမ်းမီးကျောက်များ မှောင်ခိုတင်သွင်းနေမှုတို့ကို တိုက်ဖျက်ရန် လက်မှတ် ရေးထိုးလိမ့်မည်ဟုလည်း ပါရှိသည်။

ထိပ်သီးအစည်းအဝေးများအပြီး အိန္ဒိယက စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အဦပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတို့ လုပ်လိမ့်မည်ဟုလည်း မျှော်လင့်ထားကြသည်။

ယနေ့ ညပိုင်းတွင် အိန္ဒိယ သမ္မတက ၎င်း၏ အိမ်တော်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ညစာဖြင့် တည်ခင်း ဧည့်ခံမည်။ ညစာစားပြီးနောက် မြန်မာစစ်ခေါင်းဆောင်၏ နယူးဒေလီခရီးစဉ် ပြီးဆုံးမည်ဖြစ်ကာ၊ မနက်ဖြန် နံနက် ၉ နာရီတွင် အိန္ဒိယရှိ အကြီးဆုံး စက်မှုကုမ္ပဏီဖြစ်သည့် Tata တည်ရှိရာ ဟိုက်ဒရာဘတ်မြို့သို့ လေကြောင်းဖြင့် သွားရောက်မည်ဖြစ်သည်။