ကရင်နီပြည် ဒီးမော့ဆိုကျေးရွာအုပ်စုရှိ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက) ရုံးသို့ သစ်တောရေးရာဝန်ကြီး ဦးသိန်းအောင် ရောက်ရှိ လာပြီး လာမည့် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့အား မဲထည့်ပေးရန် ဒေသခံများကို ပြောကြား...
ကရင်နီပြည် ဒီးမော့ဆိုကျေးရွာအုပ်စုရှိ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက) ရုံးသို့ သစ်တောရေးရာဝန်ကြီး ဦးသိန်းအောင် ရောက်ရှိ လာပြီး လာမည့် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့အား မဲထည့်ပေးရန် ဒေသခံများကို ပြောကြားသွားပါသည်။
မဲထည့်ပေးမည်ဆိုပါက လမ်းတံတားများအပြင် ဓမ္မာရုံကိုလည်း တည်ဆောက်ပေးမည်ဟု ပြီးခဲ့သည့် ဇွန်လက လာရောက်ချိန်မှာ ပြောကြား သွားခြင်းဖြစ်သည်။
ဒီးမော့ဆိုဒေသခံတစ်ဦးမှ "လမ်းတွေ ရွာထဲကနေ ရွာအပြင်အထိ ၁ မိုင်ဝန်းကျင်လောက်ပဲရှိမယ် အဲဒါကို ကျောက်ခင်းပေးမယ်။ လယ်ထဲက ဆည်မြောင်းဌာနက ကိုင်တဲ့ တံတားတွေကို ပြုပြင်ပေးမယ်လို့ပြောတယ်။ အခုလောလောဆယ် ပျက်နေတဲ့ တံတားက ၃-၄ ခုလောက်ရှိတယ်" ဟုပြောသွားပါသည်။
တစ်အိမ်ထောင် တစ်ယောက် တက်ရောက်ရန် ခေါ်ဆိုခဲ့သော်လည်း ဒေသခံကျေးရွာသူ၊သားများ တက်ရောက်ခြင်း မရှိပဲ ယဉ်ကျေးမှုအဖွဲ့နှင့် ရပ်ကွက်ကျေးရွာ ဥက္ကဌများ ၃၀ ခန့်သာ တက်ရောက်ခဲ့သည်ဟု ဒေသခံ အမျိုးသား တစ်ဦးက ပြောပြပါသည်။
ယခုလို ဒေသခံကျေးရွာသူ၊သားများအနေဖြင့် တက်ရောက်ခြင်းမရှိရခြင်းမှာ ထောက်ခံမှု မပေးနိုင်တာ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဒီးမော့ဆိုကျေးရွာအုပ်စု (ဒေါငံခါး) နှင့် ချိကယ်ကျေးရွာအုပ်စုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်မဲ အများဆုံး ထည့်သွင်းသည့် ကျေးရွာများ ဖြစ်သည်။
ထိုကဲ့သို့ ကန့်ကွက်မဲများ ထည့်လိုက်၍ ဒေသအာဏာပိုင်များက ဒေါငံခါးကျေးရွာအုပ်စုအတွင်းရှိ စာသင် ကျောင်းအား သိန်း ၁၀၀ ကျပ် လှူဒါန်းခြင်းနှင့် ချိကျယ် ကျေးရွာအတွင်းရှိ ဓမ္မာရုံမျက်နှာကျက်အတွက် အလှူငွေထည့်ဝင်ခြင်းများ ပြုလုပ်ပေးလျက်ရှိသည်။
"၂၀၀၈ မှာကန့်ကွက်မဲ ပေးလိုက်တော့ ၂၀၀၉ လောက်ကျတော့ လာပြီး အလှူငွေဆိုပြီးလာထည့်တယ်။ အဲဒီ စာသင်ကျောင်းနဲ့ ဓမ္မာရုံ တည်ဆောက်ဖို့" ဟု ချိကယ် ဒေသခံတစ်ဦးမှ ပြောကြားသွားသည်။