ကရင်နီပြည်နယ်တွင် မြို့နယ်နှင့် ကျေးရွာအလိုက် ရွေးချယ်တင်မြောက်ထားခြင်း ခံရသော ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌများအား ပြည်နယ်ကော်မရှင် အဖွဲ့မှ အချိန်အကန့်အသတ် မရှိ အစည်းအဝေး ဆင့်ခေါ်လျက်ရှိသည်ဟု သိရသည်။
လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်အတွင်းမှ မြို့နယ်၊ ကျေးရွာနှင့် ရပ်ကွက်အလိုက် ဖွဲ့စည်းထားပေးသော ကော်မရှင်ဥက္ကဌများအား ပြည်နယ် ကော်မရှင်အဖွဲ့မှ ရွေးကောက်ပွဲဆိုင်ရာ နည်းလမ်းဥပဒေတို့နှင့် ပါတ်သက်သည့် အကြောင်းအရာများကို ချပြရန် အချိန်ကန့်သတ်ထားခြင်း မရှိဘဲ လွိုင်ကော်မြို့တော်ခန်းမဆောင်သို့ အစည်းအဝေး ဆင့်ခေါ်နေခြင်း ဖြစ်သည်ဟု ပြည်နယ်မဲကော်မရှင်အဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “သူတို့ ခေါ်ချင်တဲ့အခါ ခေါ်တယ် တပတ်တခါ မဟုတ်ဘူး” ဟု ပြောသည်။
မကြာခင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် မဲကော်မရှင်၏ လုပ်ငန်းများ၊ မဲရုံအခြေအနေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် အစီအစဉ်များကို လူထုအား အသိမပေးမှုများ မပြုလုပ်ဘဲ ကျေးရွာ၊ရပ်ကွက် မဲကော်မရှင် အဖွဲ့များကိုသာ ပြည်နယ်မဲကော်မရှင်အဖွဲ့က အစီးအဝေးခေါ်ယူ၍ အသိပေးမှုများ ပြုလုပ်သည်ဟု ဆိုသည်။
“သူတို့တောင် ဘာမှ မသိဘူး။ ဒါက ကျေးရွာ ဥက္ကဌ အတွင်းရေးမှူးလောက်ပဲ သိတာ။ ငါတို့ လူစပ်စုတဲ့ လူတယောက် နှစ်ယောက်လောက်ပဲ သိတာ” ဟု လွိုင်ကော်မြို့ခံတဦးက ပြောသည်။
“ကယားပြည်နယ် ကော်မရှင် အဖွဲ့ခွဲဥက္ကဌက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ ပြည်နယ် ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးခင်မောင်ရီက ကယားပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေတို့ကိုလည်းကောင်း၊ ပြည်နယ်အတွင်းရှိ မြို့နယ် ခုနှစ်မြို့နယ် ကော်မရှင်အဖွဲ့ခွဲများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်” ဟု ဇွန်လှိုင်လ ၂၁ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသားထားသည်။
ပြီးခဲ့သည့် ဇူလှိုင်လ ၁၇ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးသိန်းစိုးသည် ကယားပြည်နယ်သို့ လာရောက်၍ ခရိုင်၊ မြို့နယ် ကော်မရှင် အဖွဲ့ခွဲဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲဝင်များ၊ မဲရုံမှူး၊ ဒုတိယ မဲရုံမှူးများအား လွိုင်ကော်မြို့ မြို့တော် ခန်းမတွင် တွေ့ဆုံပြီး အစည်းအဝေး ကျင်းပခဲ့သည်။
မြန်မာစစ်အစိုးရသည် ရွေးကောက်ပွဲတွင် ပြည်သူများ လက်ခံမှုနှင့် ထောက်ခံမှု မရှိပါက ပြည်သူများအား အတင်းအဓမ္မ အနိုင်ကျင့်မည်ကို စိုးရိမ်ပူပန်နေကြသည်။
“အတင်းအဓမ္မ ရွာထဲလာပြီး စစ်တပ်က အနိုင်ကျင့် ရိုက်နှက်တာတွေကို အဖြစ်မခံချင်ဘူး” ဟု ဖရူဆို ဒေသခံတဦးက ပြောပါသည်။
စစ်အစိုးရသည် မဲကော်မရှင် ဥက္ကဌများကို သီးသန့်ခေါ်ယူ အစည်းအဝေးလုပ်ပေးပြီး ထိုအစည်းအဝေးတွင် လာမည့် ၂၀၁၀ ရွေးကောက်ပွဲ ထောက်ခံရန် ကြံ့ဖွ့ံကောင်းကြောင်းများကိုသာ စည်းရုံးနေသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လတွင် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တွင် မြန်မာစစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သင်တန်းများကို ဖွင့်လှစ်ပို့ချခဲ့သည်။