ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အကြီးမားဆုံးဖြစ်သည့် မဲဆောက်-မြဝတီ နယ်စပ်တံတားကို စစ်အစိုးရဘက်က ပိတ်ထားမှု အဆုံးသတ ်စေရေးအတွက် ဆွေးနွေးရန် ထိုင်းနိုင်ငံ ဒုတိယ ကုန်သွယ်ရေးဝန်ကြီး မြန်မာဘက်ခြမ်းသို့ မနက်ဖြန်တွင် သွားရောက်မည်ဟု MCOT ထိုင်း သတင်းဌာနတွင် ဖော်ပြထားသည်။
ယခုလ ၉ ရက်နေ့မှစ၍ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားမှ နယ်စပ်ဖြတ်ကျော်မှု ပိတ်ပင်ခဲ့ပြီးနောက် ၁ဝ ရက်ခန့်အကြာတွင် ထိုင်းဝန်ကြီးတဦး၏ မြန်မာပြည်ခရီးစဉ်အကြောင်း ပေါ်ထွက်လာခြင်း ဖြစ်သည်။
နယ်စပ်မျဉ်း သောင်းရင်းမြစ်တလျှောက် နယ်စပ်ဂိတ် ၂ဝ ကျော်ကို ကုန်ဖြတ်သန်းမှု ပိတ်ခဲ့သဖြင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ထိခိုက်လျက် ရှိကြောင်း ဒုတိယ ကုန်သွယ်ရေးဝန်ကြီး မစ္စတာ အလောင်ကွန် ဖွန်လဘု Alongkorn Ponlaboot က ယမန်နေ့တွင် ပြောကြားကြောင်း MCOT တွင် ရေးသားထားသေးသည်။
မယ်ဆိုင်-တာချီလိတ်၊ မဲဆောက်-မြဝတီ၊ ရနောင်း-ကော့သောင်း စသည့် ထိုင်း-မြန်မာ နယ်စပ်ဂိတ် ၃ ခုအနက် မဲဆောက်-မြဝတီဂိတ်သည် ကုန်စည်စီးဆင်းသည့် အကြီးဆုံးဂိတ်ဖြစ်ပြီး မြန်မာဘက်မှ ဆန် အပါအဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထွက်ကုန်များ၊ ပရိဘောဂနှင့် ကျောက်စိမ်း အပါအဝင် တွင်းထွက်ပစ္စည်းများ တင်ပို့သည်။
ထိုင်းဘက်ကမူ စားသုံးဆီ၊ ဓာတ်ဆီ၊ တပတ်ရစ်ကား၊ ကော်ဖီ၊ ဆေးနှင့် လျှပ်စစ်ပစ္စည်းများ မြန်မာဘက်သို့ တင်ပို့နေသည်။
ပြီးခဲ့သည့်နှစ်တွင် မြဝတီ-မဲဆောက် နယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ရ၂၄ သန်း ရှိခဲ့ပြီး ၂ဝဝ၈ ခုနှစ်ထက် ၂၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သတင်းများအရ သိရသည်။
မဲဆောက်မြို့မှ မြန်မာကျောင်းဆရာတဦးက “လူကြီးတွေ လာမယ်လို့လည်း ပြောတယ်။ မဲဆောက်က နည်းနည်း ငြိမ်သွားတယ်။ ခါတိုင်းဆို မြန်မာဘက်က ကားတွေ မြင်နေရတယ် ဥဒဟိုသွားနေတာ။ တံတားမှာဆိုလည်း ခြောက်နေတာပဲ” ဟု ပြောသည်။
ထိုင်းဘက်အခြမ်း၌ မြစ်ကမ်းပါး ရေတိုက်စားမှုမှ ကာကွယ်ရန် ကမ်းပါးကာ နံရံများ တည်ဆောက်လျက်ရှိရာ ထွက်ပေါ်လာသည့် မြေကြီးနှင့် ကျောက်များကြောင့် ရေကြောင်း ပြောင်းလဲကာ မြန်မာဘက်ကမ်း ရေတိုက်စားနိုင်သောကြောင့် မြန်မာအာဏာပိုင်များက ကန့်ကွက်ခြင်း ဖြစ်သည်ဟု MCOT ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။
နှစ်နိုင်ငံနယ်စပ် သောင်ရင်းမြစ်အတွင်း ဆောက်လုပ်ရေး လုပ်ငန်းများအတွက် နှစ်နိုင်ငံနယ်စပ် ကော်မတီ၏ ခွင့်ပြုချက်ယူရမည် ဖြစ်သော်လည်း ယခုဆောက်လုပ်နေမှုသည် ထိုင်းပြည်ထဲရေး ဝန်ကြီးဌာနအောက် ပြည်သူ့အလုပ်အကိုင်နှင့် အိုးအိမ်စီမံကိန်းဌာနက တာဝန်ယူထားပြီး နယ်စပ် ကော်မတီထံမှ တရားဝင်ခွင့်ပြုချက် မယူထားကြောင်း ထိုင်းနိုင်ငံထုတ် သတင်းများက ဆိုသည်။
သောင်းရင်းမြစ်အတွင်း စက်ကြီးများဖြင့် မြေတူးနေမှုနှင့် ဆောက်လုပ်ရေး လုပ်ငန်းများကို ယခုအခါ ထိုင်းဘက်က ခေတ္တရပ်ထားပြီး နယ်စပ်ပိတ်မှု ပြဿနာကို နယ်စပ်ကော်မတီမှတဆင့် ဖြေရှင်းနိုင်မည်ဟု စီးပွားရေးသမားများ မျှော်လင့်နေကြကြောင်း ထိုင်းသတင်းစာများတွင် ဖော်ပြ ပါရှိသည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့ ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ဓာတ်ငွေ့များကို အဓိက ဝယ်ယူနေပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ ၂ဝဝ၈-ဝ၉ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၂ဝဝဝ ကျော် ရှိခဲ့သည်။
ပျမ်းမျှ ကီလိုမီတာ ၂၄ဝဝ ရှည်လျားသည့် ထိုင်း-မြန်မာ နယ်စပ်တွင် ကီလိုမီတာ ၆ဝ ခန့်ကိုသာ နှစ်ဖက်စလုံးက တရားဝင် သတ်မှတ်နိုင် သေးသည်။ နှစ်နိုင်ငံနယ်စပ်မျဉ်းကို ကိုလိုနီလက်ထက် ဗြိတိန်နှင့် ထိုင်းအစိုးရတို့က ၁၈၂၆ ခုနှစ်တွင် လက်မှတ်ထိုးထားခြင်း ဖြစ်သည်။