ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာသော စိုက်ပျိုးမြေများ အဓမ္မသိမ်းပိုက်ယူမှုဖြင့် ယုဇန ကုမ္ပဏီကို တရားစွဲရန် ဖားကန့်မြို့နယ်နေ တောင်သူများက ပြင်နေကြသည်။
ဦးဌေးမြင့်ပိုင် ကုမ္ပဏီက မိုးညှင်းခရိုင် ဖားကန့်မြို့နယ်မှ ဝါရာဇွပ်၊ အောင်ရာ၊ ရှရူဇွပ်၊ ဘန်ကောက်၊ နမ်ဆန် စသည့် ကျေးရွာခံ တောင်သူ ၁၄၈ ဦး၏ လယ်ယာ၊ ဥယျဉ်မြေ စုစုပေါင်း (၁ဝ၃၈) ဧက ကို သိမ်းယူခဲ့သည်မှာ ၃ နှစ်ကျော်ပြီးနောက် တောင်သူများက တရားစွဲရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
ယုဇနကုမ္ပဏီက ယင်းမြေယာများတွင် စိုက်ပျိုးထားသည့် သီးနှံများကို တောင်သူများ၏ သဘောတူညီမှု မပါသလို နစ်နာကြေးမပေးသလို စိုက်ပျိုးမြေများ အစားထိုးပေးခြင်းမရှိဘဲ ပီလောပီနံ စိုက်ပျိုးနေခဲ့သည်။
တောင်သူများက ယခုလ ၁၆ ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ ပြည်နယ်တရားရုံးသို့ ဦးတိုက် လျှောက်ထားသည်ကို ပြည်နယ် တရားသူကြီး ဦးတူးဂျာက သူ့အနေဖြင့် ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ပယက) နှင့် ညှိနှိုင်းပေးမည်ဟု ကမ်းလှမ်းလာသဖြင့် တောင်သူများက စောင့်ဆိုင်း နေကြသည်ဟု တောင်သူများဘက်က ဆောင်ရွက်ပေးနေသူ မန္တလေးမြို့ ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
ပြေလည်မှု မရလျှင် ၁၉၅၃ ခုနှစ် မြေယာသီးစားချထားရေး ဥပဒေအရ တရားမကျင့်ထုံးမှု ဥပဒေ ပုဒ်မ ၁၉နှင့် မြန်မာနိုင်ငံ တရားရေး ဥပဒေ ပုဒ်မ ၁၃ (၃) အရ တရားစွဲဆိုပြီး နစ်နာကြေး ငွေ သိန်း ၈ဝဝ တောင်းဆိုမည်ဖြစ်ကြောင်း ဦးမြင့်သွင်ကပြောသည်။
“တရားမ နစ်နာမှုလို့ ခေါ်တယ်။ လူတဦးတယောက်ကို ကိုယ်ထိ လက်ရောက်ဖြစ်စေ၊ စိတ်ကို ဖြစ်စေ၊ သူ့ရဲ့ နစ်နာမှု တခုခုကို၊ ဆုံးရှံုးမှု တခုခုကို လုပ်လို့ရှိရင် တရားမ နစ်နာမှု စွဲလို့ရတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။
ယုဇနကုမ္ပဏီက ဖျက်ဆီးသိမ်းယူနေသည်ကို ရပ်ဆိုင်းပေးရန် တောင်သူလယ်သမားများက ဖားကန့် မြို့နယ်၊ မိုးညှင်းခရိုင်၊ ကချင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဆင့်ဆင့်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုင်ကြားခဲ့သော်လည်း တုံ့ပြန်မှုမရခဲ့ကြာင်း တောင်သူများက ပြောသည်။
“ယုဇနကုမ္ပဏီက လယ်ယာ၊ ခြံတွေ အကုန်လုံး ဖျက်လိုက်တာ အခု ၂ဝ၁ဝ ဆိုရင် လုံးလုံးကုန်သွားပြီ။ ဒီနှစ်နဲ့ဆို ၃ နှစ်ပေါ့။ ဘာမှ လုပ်စားစရာ မရှိတော့ဘူး။ အလုပ်မလုပ်စားရတဲ့ နှစ် ၂ နှစ်ကြာတော့ ဘာမှမဖြေရှင်းပေးလို့ နစ်နာကြေးရဖို့ တရားရုံးကို လျှောက်ဖို့လုပ်နေတာ” ဟု အမည် မဖော်လိုသူ တောင်သူတဦးက မဇ္ဈိမကို ပြောသည်။
ဖားကန့်မြို့နယ်အတွင်း လယ်ဧက ၂၅၂၇.၂၃၊ ယာဧကာ ၉၉၇.ဝ၇၊ ဥယာဉ်ဧက ၄၄၁.၂၈ ရှိရာ စုစုပေါင်း ၃၉၆၅.၅၈ ဧက ရှိသည်ဟု ဖားကန့် မြေစာရင်းရုံး၏ စာရင်းများအရ သိရသည်။