မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့တွင် ယနေ့မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်က စက္ကန့်ပိုင်းခြား၍ မြေငလျင် ၂ ကြိမ် လှုပ်ခတ်သွားခဲ့သည်။
"မိုးခြိမ်းသံလိုပဲ ဂျိမ်းဂျိမ်းဆိုပြီး တော်လဲသံ အကျယ်ကြီး ကြားရတယ်။ အားလုံးကြောက်ပြီး အပြင်ထွက်ကြည့်တော့မှ အောက်က ရိပ်ကနဲ ရိပ်ကနဲ ဖြစ်လို့ ငလျင်လှုပ်မှန်း သိကြတာ" ဟု အောင်မြေသာဇံမြို့နယ်နေ အမျိုးသမီးတဦးက မဇ္စျိမကို ပြောသည်။
ငလျင်လှုပ်ခတ်မှုမှာ ဘေးတိုက်မဟုတ်ဘဲ အထက်အောက် ယိမ်းထိုး လှုပ်ရှားမှုမျိုးဖြစ်ကာ၊ ပြင်းထန်ခြင်း မရှိဘဲ တော်လဲသံကြောင့်သာ လူအများ သတိထားမိ ခြင်းဖြစ်ကြောင်း မန္တလေးမြို့ခံများက ပြောဆိုကြသည်။
"သိပ်အပြင်းကြီးတော့ မဟုတ်ဘူး။ တော်လဲသံကြီးကျယ်လို့ လူတွေ သိကြတာ။ လှုပ်တာလည်း စက္ကန့်ပိုင်းလောက်ပဲ။ ခဏရပ်သွားပြီး နောက်တခါ စက္ကန့်ပိုင်းလောက် ပြန်လှုပ်တယ်။ ၂ စက္ကန့်၊ ၃ စက္ကန့်စီလောက် ရှိမယ်။ လူတော်တော်များများ အပြင်ထွက်လာကြတယ်" ဟု မန္တလေးမြို့ခံ ဂျာနယ် သတင်းထောက် တဦးက ဆိုသည်။
နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ လက်အောက်ရှိ ငလျင်တိုင်းတာရေးစခန်းမှ တာဝန်ခံတဦးက "မန္တလေး အနောက်ဘက် ၂၅ မိုင်အကွာ နေရာကို ဗဟိုပြုပြီး လှုပ်တာပါ။ အင်အားက ရစ်ချက်စ်တာစကေး ၄.၅ ပါ။ စခန်းက တိုင်းထွာရမိတဲ့ အချိန်အရ လှုပ်တဲ့အချိန်က ၁ နာရီ ၅၄ မိနစ် ၃၆ စက္ကန့်ပါ" ဟု ပြောဆိုသည်။