မြန်မာနို်င်ငံတဝှမ်း အသံတိတ် ကူးစက်နေသော သွေးလွန်တုတ်ကွေးရောဂါက ပြည်သူအများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျှက်ရှိသည်။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အဖြစ်များနေသည်။ မဇ္ဈိမသတင်းဌာနမှ ကျော်ခက သက်ဆိုင်ရာ ဒေသများသို့ ဆက်သွယ်မေးမြန်းပြီး အခြေအနေများကို တင်ပြပေးသွားမှာဖြစ်သည်။
ဧရာဝတီတိုင်း
ဧရာဝတီတိုင်းအတွင်း၌ ယခုနှစ်ဆန်းမှ နှစ်ဝက်ထိ သွေးလွန်တုတ်ကွေး ကူးစက်သူဦးရေ ၁၂၂၁ ဦးရှိခဲ့ပြီး ၁၈ ဦး သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်း ကျန်းမာရေးဦးစီးဌာန၊ ပုသိမ်ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်ကျွန်း မြို့နယ်ဆေးရုံကြီး နှင့် လူမှုဖူလုံရေး ဆေးခန်းတို့မှ စုံစမ်းသိရသည်။
အသက် ၂ဝ အောက် ကလေးများကို အများဆုံး ကူးစက်ခဲ့ပြီး ယခင်လ အစောပိုင်းမှစ၍ ကူးစက်သူဦးရေ သိသိသာသာ တိုးပွားလာကြောင်း ဆရာဝန်များက ပြောသည်။
ပုသိမ်မြို့အပါအဝင် ယင်းမြို့နယ်အတွင်းမှ ကျေးရွာများ၌လည်း ရောဂါပျံ့ပွားနေပြီး ပုသိမ်ဆေးရုံကြီး တခုတည်းတွင် ကုသခံခဲ့သူ ဇန်နဝါရီ လပိုင်းမှ ယခုလ ၃ ရက်နေ့အထိ စုစုပေါင်း ၅၆၁ ဦးရှိပြီး ယင်းမှ အသက် ၆ နှစ်မှ ၁၄ နှစ်အရွယ် ကလေး ၉ ဦး သေဆုံးခဲ့ရကြောင်း ဧရာဝတီတိုင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ဧရာဝတီတိုင်း၌ မြို့နယ် ၂၇ မြို့နယ်တွင် သွေးလွန်တုတ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားနေပြီး ပုသိမ်၊ မော်လမြိုင်ကျွန်း၊ လပွတ္တာ၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျောင်းကုန်း၊ အိမ်မဲ၊ ဖျာပုံမြို့နယ်များ အောက်ရှိ ကျေးရွာများမှာ အများဆုံး ဖြစ်နေသည်ဟု သိရသည်။ ပုသိမ်မြို့နယ်အတွင်းမှ ရွာများတွင် အဆိုးဆုံးဟုလည်း ဆိုသည်။
“သေချာ စစ်တမ်းပြုကြည့်တဲ့ အခါကြတော့ မြို့ပေါ်နေ ရပ်ကွက်တွေက အဖြစ်နည်းတာကို တွေ့ရတယ်။ အခု ဒီမှာ ရောဂါဖြစ်တဲ့ လူစာရင်း အများဆုံး တက်တာနဲ့ အဆိုးဆုံးဖြစ်နေတာက ပုသိမ်မြို့နယ်ထဲက ရွာတွေမှာ ဖြစ်နေတာ” ဟု တိုင်းကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
မော်လမြိုင်ကျွန်းမြို့ပေါ်မှ ရောဂါဖြစ်ပွားသည့် ရပ်ကွက်များ၌ ခြင်ဆေးဖြန်းခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်နေသော်လည်း ရောဂါ မဖြစ်သေးသည့် ရပ်ကွက်များတွင်မူ ကြိုတင်ကာကွယ်ရေး အစီအစဉ်များ မလုပ်ပေးနိုင်သေးကြောင်း ယင်းမြို့နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
မော်လမြိုင်ကျွန်းမြို့ လူမှုဖူလုံရေး ဆေးခန်းမှ ဆရာဝန်တဦးက “အများဆုံး ဖြစ်ကြတာက ကိုယ်အပူတွေ ကြီးတယ်။ အရိုးအဆစ်တွေ ကိုက်တယ်။ ရောင်တယ်။ တချို့ဆေးတိုက်ရုံနဲ့ ၃ ရက်လောက်ဆို ပျောက်တယ်။ လိုအပ်ရင် ဆေးထိုးပေးတယ်။ အခမဲ့ပါ” ဟု မဇ္စျိမကို ပြောသည်။
နှစ်စဉ် သွေးလွန်တုတ်ကွေး အဖြစ်များသည့် ရာသီဖြစ်သဖြင့် ကျန်းမာရေးဌာနများက ပညာပေးလုပ်ငန်းများ ထိထိရောက်ရောက် ပြုလုပ်ပေးရန်၊ ခြင်များကို နိုင်နိုင်နင်းနင်း ဆေးဖျန်းရန် လိုအပ်နေပြီး ပြည်သူများ အနေဖြင့်လည်း ရေတွင်း၊ ရေကန်ပျက်၊ ချောင်းစပ်၊ မြောင်းစပ်များရှိ ပိုးလောက်လန်းများကို ရှင်းလင်းရန်၊ အိမ်နှင့် ခြံဝန်းအတွင်း ခြင်များ မခိုအောင်းနိုင်စေရန် သန့်ရှင်းရေး ပြုလုပ်သင့်ကြောင်း သူက အကြံပေး ပြောကြားသည်။
မွန်ပြည်နယ်
မွန်ပြည်နယ်အတွင်း မြို့နယ်ရုံးစိုက်သည့် မြို့များအပါအဝင် မြို့နယ် ၁ဝ ခုတွင် ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၃ ရက်နေ့အထိ သွေးလွန် တုတ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားသူ ၁၂၃၆ ဦးရှိပြီး ၁၁ ဦး သေဆုံးခဲ့ကြောင်း မွန်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှ စုံစမ်းသိရသည်။
မော်လမြိုင်မြို့နယ်အတွင်း ကျေးရွာများမှ ၂၂၂ ဦးဖြင့် အများဆုံးဖြစ်ပွားပြီး သေဆုံးသူ မရှိပေ။ သံဖြူဇရပ်အတွင်း ၂၁၁ ဦး ဖြစ်ပွားရာမှ ၁ ဦးသေ။ မုဒုံ ၁၇၉ ဦး။ ပေါင် ၁၄၅ ဦး။ ချောင်းစုံ ၁၂၄ ဦးမှ ၁ ဦးသေ။ သထုံ ၉၉ ဦးမှ ၄ ဦးသေ။ ဘီးလင်း ၉၃ ဦးမှ ၃ ဦးသေ။ ကျိုက်မရော ၉၁ ဦးဖြစ်ပွား။ ရေး ၆၆ ဦးမှ ၁ ဦးသေ။ ကျိုက်ထို ၆ ဦးမှ ၁ ဦးသေ တို့ အသီးသီးဖြစ်သည်။
သေဆုံးသူများထဲတွင် ကလေးအများဆုံးဖြစ်ပြီး ၄ နှစ်မှ ၁၂ နှစ်ကြား ဖြစ်ကြကြောင်း ကျန်းမာရေး ဝန်ထမ်းများက ပြောကြသည်။
သေဆုံးသူ အများဆုံးဖြစ်ခဲ့သည့် သထုံမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူ ဝန်ထမ်းတဦးက “ကျနော်တို့ဆီမှာတော့ ဧပြီလလောက်မှ ဒီရောဂါ လာကုကြတာကို တွေ့ရတယ်။ ဒီမြို့ပေါ်ကတော့ နည်းတယ်။ နယ်ဘက်က တက်ပြီး လာကုကြတာ များပါတယ်။ သေတဲ့ကလေးတွေကလည်း နယ်တွေကပဲ” ဟု မဇ္စျိမကို ပြောသည်။
“ပထမတော့ ရိုးရိုးဖျားကြတာပဲ။ ၃ ရက်လောက်နေမှ သွေးလွန်တုတ်ကွေး လက္ခဏာတွေ ပြလာပြီးတော့ အဆစ်အမြစ်တွေ ကိုက်လာတာတွေ ဖြစ်တာပေါ့နော်။ ဒီလနဲ့ နောက်လမှ ပိုများလာဖို့ရှိတယ်” ဟု ယင်းဆေးရုံ ကူးစက်ရောဂါဌာနမှ ဆရာဝန်တဦးက ပြောသည်။
ကျေးရွာများအပါအဝင် သထုံမြို့ နန်းခဲ၊ အောက်ကျင်း၊ လိပ်အင်း၊ သိမ်ကုန်း၊ ဘင်လှိုင် ရပ်ကွက်များ၌ ခြင်ဆေးဖျန်းခြင်း၊ မြက်တောများကို ရှင်းလင်းခြင်းနှင့် ကျန်းမာရေး ပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးနေသည်ဟု သထုံမြို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ဆိုသော်လည်း မြို့ခံများကမူ ထိထိရောက်ရောက် လုပ်ပေးခြင်း မရှိဟု ပြောနေကြသည်။
“ခြံုပုတ်တွေ မြက်တွေ လာရှင်းဖို့ဆိုတာ ဝေလာဝေး။ ပညာပေး ဟောပြောတာတို့ ဘာတို့တောင် လေကုန်ခံပြီး ပြောတာမဟုတ်ဘူး။ ဟိုတနေ့ ကတော့ စက်တလုံးနဲ့ ခြင်ဆေးလာဖျန်းတယ်။ အဲဒါလဲ အပြသဘောလောက်ပဲ။ ခနလေးပဲ။ ခြင်တွေကို စိတ်တိုအောင် လာဆွပေးသလိုပဲ။ နောက် လာမဖျန်းတော့ဘူး။ အဲဒါတောင် သူတို့ ဓါတ်ပုံရိုက်ပြီး သတင်းစာထဲ ထည့်ဖို့နေမှာ” ဟု နန်းခဲရပ်နေသူတဦးက မဇ္စျိမကို ပြောသည်။
မွန်ပြည်နယ် တောင်စွန်းမြို့ တိုက်နယ်ဆေးရုံတွင် ခြင်ကိုက်ခံရခြင်းကြောင့် သွေးလွန်တုတ်ကွေး ကူးစက်ရောဂါ ဖြစ်သူများရှိသည်ဟု သထုံပြည်သူ့ ဆေးရုံကြီးမှ တဆင့် သိရသော်လည်း မဇ္စျိမက ဆက်သွယ်မေးမြန်း၍ မရရှိခဲ့ပါ။
ပဲခူးတိုင်း
ပဲခူးတိုင်းအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်တွင် မတ်လမှစ၍ ယခုလအထိ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသူ ၁၈၈ ဦးရှိပြီး ၂ ဦးသေဆုံးခဲ့ကြောင်း ပဲခူးတိုင်း ကျန်းမာရေး ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
ပဲခူးမြို့နယ်တွင် အများဆုံးဖြစ်ပွားပြီး စုစုပေါင်း ၆၇ ဦး ဖြစ်သော်လည်း သေဆုံးသူမရှိပေ။ ညောင်လေးပင် ၄၅ ဦးမှ ၁ ဦးသေ။ ဒိုက်ဦး ၂၇ ဦးမှ ၁ ဦးသေ။ သနပ်ပင် ၁ဝ ဦး။ ဝေါ ၁ဝ ဦး။ ရွှေကျင် ရ ဦး။ တောင်ငူ ရ ဦး။ ကျောက်တံခါး ၄ ဦး။ ထန်းတပင် ၄ ဦး။ ကဝ ၄ ဦးနှင့် ကျောက်ကြီးမြို့နယ် တွင် ၃ ဦး အသီးသီး ဖြစ်သည်။
ယင်းကူးစက်ရောဂါသည် ပဲခူးတိုင်းအတွင်း၌ မတ်လမှ စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လပိုင်းတွင်သာ သိသိသာသာ တိုးပွားလာခဲ့သည်ဟု ဆိုသည်။
တိုင်းကျန်းမာရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးအဖွဲ့များက တိုင်းအတွင်းမှ မြို့နယ်များ အပါအဝင် ကျေးရွာများကို ခြင်ဆးဖြန်းခြင်း၊ ပညာပေး ဟောပြောခြင်းများ ပြုလုပ်ပေးနေပြီဟု တိုင်းကျန်းမာရေး ဦးစီးဌာနမှ ပြောသော်လည်း ဒေသခံ ပြည်သူအချို့ကမူ မဟုတ်မှန်ကြောင်း ပြောသည်။
တောင်ငူမြို့ မင်းညိုရပ်ကွက်နေ အထက်တန်းပြ ကျောင်းဆရာမတဦးက “ကျမတို့ ဒီရပ်ကွက်မှာ နေလာတာ ၁ဝ နှစ် ကျော်တောင်ရှိပြီ။ တုတ်ကွေး ရာသီပဲဖြစ်ဖြစ်၊ ငှက်ဖျား ရာသီပဲဖြစ်ဖြစ် ကျန်းမာရေး အဖွဲ့တွေ ဘာတွေကလာပြီး ပညာပေး ဟောပြောတာတို့၊ ဆေးဖျန်းတာတို့ တကြိမ်မှ လာလုပ်ပေးတာမျိုး မရှိသေးဘူး” ဟု မဇ္စျိမကို ပြောသည်။
ပဲခူးတိုင်း ကျန်းမာရေးဌာနနှင့် မြို့နယ် ကျန်းမာရေးဌာနများ၏ သွေးလွန်တုတ်ကွေး ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး လှုံ့ဆော်မှုများ ပြုလုပ်မှု အားနည်းနေသဖြင့် ရောဂါပိုမိုဆိုးသွားခဲ့ကြောင်း ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်တဦးကလည်း ပြောသည်။
ယခုမိုးတွင်းကာလသို့ ရောက်နေပြီ ဖြစ်သည့်အတွက် စိုစွတ်သည့် နေရာများတွင် ခြင်များ ပေါက်ဖွားတတ်သောကြောင့် ခြင်ခိုအောင်းနိုင်တ ဲ့နေရာများ ဖြစ်သည့် ရေအိုး၊ ရေကန်များကို လုံခြံုစွာ ဖုံးအုပ်ထားရန် လိုအပ်ပြီး အိမ်ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းသပ်ရပ်စေရန် အထူးလိုအပ် ကြောင်း ပဲခူးတိုင်းအဆင့် ဆရာဝန်တဦးက ပြောသည်။
“ဒီရောဂါတွေဟာ ဒီရာသီတွေမှာ ဖြစ်တတ်တယ်ဆိုတာ ဒီရောဂါဖြစ်တတ်တဲ့ နေရာဒေသတွေမှာရှိတဲ့ အစိုးရ ကျန်းမာရေးဌာနတွေက သိပါတယ်။ ဒါတွေကို ဒီထက်ပိုမဆိုးလာအောင် သူတို့အနေနဲ့ နိုင်နိုင်နင်းနင်း လုပ်ပေးမယ်ဆိုရင် တုတ်ကွေးဖြစ်မှုနှုန်း လျော့ကျသွားမှာဖြစ်တယ်။ ဒီအတိုင်း ဆက်သွားမယ် ဆိုရင်တော့ ဒီထက် အနည်းဆုံး ၂ ဆ တက်လာမယ့် လက္ခဏာရှိတယ်” ဟု သူက မဇ္စျိမကို ပြောသည်။